ပြီးဆုံးခဲ့သည့် ၂၀၂၃ ခုနှစ်ကို ပြန်ကြည့်ပါက ကရင်နီပြည်နယ်တိုက်ပွဲများမှစ၍ ရှမ်းမြောက်တိုက်ပွဲများက ဂုဏ်သိက္ခာ ကျဆင်းနေသော မြန်မာစစ်တပ်အတွက် အရှက်တကွဲဖြစ်ရသည့်နှစ်ဟု ဆိုရမည်။
၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်က အုပ်ချုပ်ခဲ့သော ၂၂ နှစ်တာ ကာလတွင် နှစ်စဉ်အစိုးရအဖွဲ့၏ ဘတ်ဂျက် ၇၀ ရာခိုင်နှုန်းကို ကာကွယ်ရေးဝန်ကြီးဌာနအတွက် သုံးခဲ့ပြီး မြန်မာစစ်တပ်အတွက် ခေတ်မီ လက်နက်များ တပ်ဆင်ထုတ် လုပ်ခြင်း၊ တိုက်လေယာဉ်များ ဝယ်ယူခြင်းပြုလုပ်ခဲ့ရာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ၃၈ အထိ ရောက်လာခဲ့သည်ဟု ဆိုနိုင်သည်။
ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် ရုရှားနိုင်ငံနှင့် အနီးကပ်ဆက်ဆံကာ Su- 30SME ၊ YAK 130 ကဲ့သို့သော တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ လေကြောင်းရန် ကာကွယ်ရေး လက်နက်များ ဝယ်ယူခဲ့သလို အိန္ဒိယနိုင်ငံထံမှ ရုရှားလုပ်ရေငုပ်သင်္ဘောအပါအဝင် စစ်လက်နက်ပစ္စည်းများ၊ တရုတ်နှင့် ပါကစ္စတန်မှ JF 17 ကဲ့သို့ တိုက်လေယာဉ်များ၊ ရုရှားနှင့် ယူကရိန်းထံမှ သံချပ်ကာယာဉ် ဝယ်ယူဖြည့်တင်းခဲ့ပြီး မတ်လ ၂၇ရက် တပ်မတော်နေ့ ရောက်တိုင်း လှည့်လည်အင်အားပြခဲ့သည်။
ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖြည့်တင်းမှုအရ ကမာ္ဘအဆင့် ၃၈ ရှိသည်ဟု သတ်မှတ်ထားသော်လည်း မြန်မာစစ်တပ်၏ စွမ်းရည် အမှန်ကို ၂၀၂၃ ခုနှစ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး နောက်ပိုင်း ထင်ထင်ရှားရှား မြင်တွေ့ လာရပြီး စက္ကူကျားသဖွယ် ဖြစ်လာနေသည်ကို တွေ့ရသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရခေတ်နောက်ပိုင်းမှစ၍ စစ်တပ်သမိုင်းတလျောက် ယခင်က မကြုံဖူးခဲ့သည့် စစ်ရေးအရ စံချိန်တင်ဆုံးရှုံးမူကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် ကြုံခဲ့ရသည်ဟု ဆိုရမည်။
စစ်တပ်သမိုင်းတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အခြေစိုက် အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကောင်းမြတ် တဦးသာ ၂၀၀၈ ခုနှစ်က KNU တပ်မဟာ (၂ ) နယ်မြေတွင် ခြုံခိုတိုက်ခိုက်ခံရ၍ သေဆုံးခဲ့ရသော်လည်း ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ တပ်မမှူးအဆင့်ရှိသူ ဗိုလ်မှူးချုပ် ၂ ဦးသေဆုံးခဲ့ပြီး တဦးကိုအရှင် ဖမ်းမိထားသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မုံးကိုးတိုက်ပွဲတွင် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင်နှင့် ဒုတပ်မှူးပါ သေ ဆုံးခဲ့သလို ပြီးခဲ့သည့် ဒီဇင်ဘာလဆန်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းသေဆုံးခဲ့သည်ဟု ကိုးကန့်အဖွဲ့ MNDAA က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အတူ ဒီဇင်ဘာလလယ်ပိုင်းက ဖြစ်ပွားသော နမ့်ဆန်မြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း အား TNLA တအာင်းတပ်မတော်က အရှင် ဖမ်းမိခဲ့ကြောင်း သတင်းများကဆိုသည်။
၂၀၂၃ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်(ကယား)၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်း မြောက်ဒေသတိုက်ပွဲများတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး စုစုပေါင်း ၈ ဦးထိ သေဆုံးခဲ့ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိ စစ်သည်များစွာလည်း သေဆုံးခဲ့သည်။
လက်နက်ချသည့် ဦးရေ ၆၅၀ဦးကျော် ရှိလာကာ စစ်တပ်အခြေစိုက်စခန်းများ ကျရှုံးမှုနှင့် လက်နက်များ သိမ်းဆည်းရရှိမှု ကလည်း စံချိန်တင်ခဲ့သည်။
နဝတနှင့် နအဖအစိုးရများလက်ထက် စစ်သည်အင်အားနည်းသည့် ကြားက ကိုးကန့်အပါအဝင် နယ်စပ်ဒေသတလျှောက် ခြေလျင်နှင့် ခြေမြန်တပ်ရင်းသစ်အများအပြားနှင့် ကျောက်မဲ၊ သိန်နီတွင် တပ်မကြီးများကို တိုးချဲ့ ဖွင့်လှစ်ခဲ့သည် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ အနှစ် ၂၀ကျော်ကြာ စစ်ရေးမဟာဗျူ စီမံချက်ကြီးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် မရှု့မလှကျရှုံးခဲ့သည် ဟု ဆိုရမည်။
၂၀၂၃ ခု အောက်တိုဘာ ၂၇ရက် ညီနောင်မဟာမိတ် ၃ဖွဲ့၏ စစ်ဆင်ရေးက ချင်းရွှေဟော်ကို သိမ်းပိုက်ရုံသာမက တပ်မ ဌာနချုပ်ရှိသည့် သိန်နီနှင့် တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုုးကိုပါ ခြိမ်းခြောက်နိုင်ခဲ့သလို ဗမာပြည်ကွန်မြူနစ် ပါတီ၏ လူလှိုင်းစစ်ဆင်ရေးကို ရက်ပေါင်း ၄၀ တိုင် ခုခံကာကွယ်နိုင်ခဲ့သည်ဟု ဂုဏ်ယူလေ့ရှိသည့် ကွမ်းလုံသည် ယခုတကြိမ်တွင် ၁၂ရက်သာ တောင့်ခံနိုင်ပြီး မုံးကိုး၊ ကြူကုတ်၊ ဖောင်းဆိုင်စသည်ဒေသများလည်း ညီနောင်မဟာမိတ်တို့က သိမ်းပိုက် ခဲ့သည်။
အလားတူ တအာင်းအမျိုးသားတပ်မတော် (TNLA)က နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ မန်တုံ၊ မိုင်းငေါ့စသည့် မြို့များကို သိမ်းပိုက်လိုက်သလို ရက္ခိုင်တပ်တော် (AA) ကလည်း အိန္ဒိယ- မြန်မာနယ်စပ်ရှိ အချက်အချာကျသည် ကုလားတန်မြစ် ကြောင်း တလျှောက်မှ ဗျူဟာကုန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ ချင်းပြည်နယ်ကို ကြည့်မည်ဆိုပါက ဖလမ်းမြို့နယ်ရှိ ရိခေါ်ဒါရ်၊ ဝေဘူလ၊ ထန်တလန်မြို့နယ်ရှိ နှာရိန်၊ ဟားခါးမြို့နယ်ရှိ ဆူရ်ခွာ၊ မတူပီမြို့နယ်ရှိ လိုင်လင်းပီ၊ ရေဇွာ နှင့် မင်းတပ် မြို့နယ်မှ မကွီးအိမ်နူးစသည့် မြို့နှင့် တိုက်နယ်များကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထား ပြီးဖြစ်သည်။
စစ်တပ်သမိုင်းတွင် တပ်ရင်းဌာနချုပ် တိုက်ခိုက်သိမ်းပိုက်ခံရမှု အင်မတန်နည်းပါးသည်ဟု ဆိုရမည် ဖြစ်ပြီး ၁၉၈၀ ကျော် ကာလ တပ်ရင်းမှူးများ ကျဆုံးရသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ရှိ ချင်းသေနတ် ကိုင်တပ်ရင်း (၃)နှင့် မိုးမိတ်မြို့ရှိ ခလရ ၁၂ တို့ ဝင်ရောက်စီးနင်းခံရခြင်း အပါအဝင် ၂၀၀၆ ခုနှစ်ခန့်က ပဲခူးတိုင်း ရွှေကျင်မြိုနယ်ရှိ ခြေမြန် တပ်ရင်း ခမရ ၅၈၉ ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းသာ ရှိခဲ့ သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကြူကုတ်၊ ပန်းဆိုင်းမြို့ ၂ မြို့ကိုသာ ဗကပတို့၏ သိမ်း ပိုက်ခြင်း ခံခဲ့ရသော်လည်း စစ်ကောင်စီလက်ထက်တွင်မူ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ထားသော မြို့နှင့် မြိနယ်ခွဲများမှာ ယခုအခါ ၂၀ကျော်လာပြီဖြစ်ပြီး စစ်ကိုင်းတိုင်းရှိ ကောလင်းနှင့် ကရင်နီပြည်က မယ်စဲ့မြို့များမှာ ခရိုင်အဆင့်မြိုကြီးများဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။
၂၀၁၂ ခုနှစ် ကချင်ပြည်နယ် ပန်ဝါဒေသရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)မှ ဝင်ရောက်တိုက်ခိုက်စဉ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ရှင်းထုတ်ပြီး သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် တင်လာသည့် စစ်ကူများက တိုက်ခိုက်ရာ အောင်မြင်ခဲ့ပြီးနောက်ပိုင်း ကြည်း၊ လေ၊ အမြောက် ဟန်ချက်ညီ စစ်နည်းဗျူဟာဆိုကာ ဆက်တိုက်ကျင့်သုံးလာရာ ၂၀၁၅ လောက်ကိုင်တိုက်ပွဲ တိုင်အောင်ဖြစ်သည်။ ထို့အတွက်လည်း ကြည်း၊ လေ၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း များကို နှစ်စဉ် အကြီးအကျယ်လုပ်ဆောင်ခဲ့သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်များသည် မိမိတို့ သားသမီးများနှင့် အကျိုးတူ လက်နက် ပွဲစားများသာ မြိုးမြိုးမြက်မြက်ရစေမည့် လက်နက်များကိုသာ နိုင်ငံကာကွယ်ရေးခေါင်းစဉ်အောက် ဝယ်ယူကြပြီး ခေတ်သစ်စစ်ပွဲ၏ အရေးပါသော ဒရုန်းများနှင့် ပတ်သက်၍ လှစ်လျူရှု့ ထားပုံရသည်။
ယခင်က လေတပ်သည် တိုင်းရင်းသားတပ်များအတွက် အိပ်မက်ဆိုးဟု ဆိုကြသော်လည်း ယခုအခါ သေးငယ်သော ဒရုန်းများကလည်း စစ်ကောင်စီတပ်များအတွက် စိတ်ခြောက်ခြားစရာ ဖြစ်လာသည်။ ပြည်တွင်းစစ် ၇၅နှစ် ကျော်အတွင်း တခါမျှ လေကြောင်း အတိုက်မခံခဲ့ရသည့် မြန်မာစစ်တပ်သည် သေးငယ်ပြီး အစွမ်းထက်လှသည့် ဒရုန်းများ၏ ဒဏ်ကို အလူးအလဲခံနေရရာ ပြင်ဆင်မှု မရှိခဲ့သည်မှာ ထင်ရှားသည်။
ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး ၂လအတွင်း အရာရှိစစ်သည် ၆၅၀ ခန့် လက်နက်ချခြင်းက ကမ္ဘာ့အဆင့် ၃၈ ဟု သတ်မှတ် ကြသော စစ်တပ်ကြီး၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုကို ဖော်ပြနေသည့် အချက်ဖြစ်သည်။
စစ်သည်များမှာ ရှေ့တန်းတွင် အနေကြာ၍ အိမ်မပြန်ရခြင်း၊ တိုက်ပွဲဝင်နေစဉ်အတွင်း လုံလောက်သော ထောက်ပံ့မှု မရ ခြင်း၊ တပ်တွင်းခေါင်းဆောင်မှု အပြောင်းအလဲ မကြာခဏဖြစ်နေခြင်း၊ ယခုတကြိမ် အာဏာသိမ်းခြင်းက မိမိတို့ဘက်မှ မှန်ကန်မှုမရှိဟု ယူဆကြခြင်း၊ ထောင်ဒဏ် တသက်တကျွန်း ချခံရသည့်အထိ ကျူးလွန်ခဲ့သည် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်တို့၏ လာဘ်စားမှုတို့က မိမိတို့အား အမိန့်ပေးနေသည့် စစ်ခေါင်းဆောင်များအပေါ် ယုံကြည်မှု ကင်းလာပြီး တိုက်လိုခိုက်လို စိတ်မဲ့ကာ လက်နက်ချလိုသူ ပိုမိုများပြားလာသည်။
ထို့အပြင် စစ်တပ်၏ တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်များ၊ ဖိတ်ခေါ်မှုများအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် သွေးခွဲခြင်း၊ လိမ်လည်ခြင်း၊ အင်အားချိနဲ့အောင် အချိန်ဆွဲခြင်းဟု ပါးပါးနပ်နပ် ယူဆလာကြပြီး အင်အားနည်း လျှင် မထီမဲ့မြင်လုပ်တတ်သည့် စစ်တပ်၏ အကျင့်ကြောင့်လည်း ယုံကြည်မှုမဲ့ကာ ပိုမိုစည်းလုံးလာပြီး နိုင်ငံအနှံ စစ်မျက်နှာ ဖွင့်လာသဖြင့် စစ်ကောင်စီ တပ်များအတွက် ကျရှုံးမှုကို ဖြစ်စေခဲ့သည်။
ယခင်က စစ်တပ်အခြေစိုက်စခန်းများနှင့် မြို့ရွာများ တိုက်ခိုက်သိမ်းပိုက်ခံရလျှင် စစ်တပ်မှ ပြန်လည်တိုက်ခိုက် သိမ်းယူနိုင် ခဲ့သော်လည်း ၂၀၂၃ ခုနှစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသိမ်းပိုက်ထားသော အခြေစိုက် စခန်းများနှင့် မြို့ရွာများကို စစ်တပ်က ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိတော့ပေ။
ယခုလို အရှက်တကွဲအကျိုးနည်း ဖြစ်ရခြင်း အဓိကအကြောင်းအရင်းက စစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း နှင့် အကျင့်ပျက်ခြစားခြင်းတို့ကြောင့် ဖြစ်သည်။ နဝတခေတ်စစ်ခေါင်းဆောင်များသည် ခေတ်ကာလ အခြေအနေအရ စစ်တပ်အနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးပူးတွဲတာဝန်ယူ၍ မရတော့သည်ကိုသိ၍ ရွေးကောက်ပွဲကျင်းပကာ နိုင်ငံရေးမှ အနည်းငယ် ပြန်ဆုတ်ခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်တွင် အာဏာပြန်သိမ်းကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံရေးတွင် ၁၀၀ ရာခိုင်နှုန်း ပြန်ယူ လာခဲ့ပြီးနောက် ထိုကဲ့သို့ အာဏာသိမ်းပြီး ၂ နှစ်ခွဲခန့်အကြာတွင် ဂုဏ်သိက္ခာကျဆင်းနေသော မြန်မာစစ်တပ်သည် အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်နှင့် ကြုံလာရခြင်းဖြစ်သည်။
You may also like these stories:
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အနားယူတော့မလား
စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး
၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ
မင်းအောင်လှိုင်အတွက် လုံခြုံသောနေရာ မရှိသလောက်ဖြစ်လာ
အင်အားနည်းလာသော စစ်တပ် ရဲမှုထမ်းဟောင်းများဖြင့် အင်အားဖြည့်နေ