မြန်မာစစ်တပ်သည် တပ်ပြေးနှင့် ထိခိုက်သေဆုံးမှု အကြီးအကျယ် ခံစားနေရပြီး အင်အားကုန်ခမ်းနေသည့်အပြင် တပ်သားသစ်စုဆောင်းရရှိမှု မရှိသလောက် ခမ်းခြောက်လာချိန်တွင် ရဲမှုထမ်းဟောင်းများကိုလည်း တပ်သားသစ်အဖြစ် ပြန်စုဆောင်းနေသည်။
လွန်ခဲ့သောနှစ် အာဏာသိမ်းချိန်နောက်ပိုင်း စစ်ကောင်စီ တိုက်ခိုက်ရေး တပ်များသည် ပြည်သူ့ကာကွယ်ရေး တပ်များ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နေ့စဉ် တိုက်ပွဲများတွင် အကြီးအကျယ် ထိခိုက်သေဆုံးသူနှင့် ထွက်ပြေးသူ သိသိသာသာ များလာသောကြောင့် စစ်သားများသာမက ဗိုလ်လောင်းများပင် ရှာရန် ခက်ခဲနေသည်။
စစ်ကောင်စီသည် စစ်သားဟောင်းများ ပြန်လည် တာဝန်ထမ်းဆောင်ခြင်းအပြင် ပျူစောထီးများဖြင့်လည်း ခါးပိုက်ဆောင်တပ်များ ဖွဲ့စည်းနေသည်။
မြန်မာရဲမှုထမ်းဟောင်းများအသင်းကို လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ဖွဲ့စည်းခဲ့သည်။
ရဲမှုထမ်းဟောင်းများကို စုရုံးနိုင်ပါက “နိုင်ငံတော်၏ အင်အားတရပ်” ဖြစ်လာနိုင်ကြောင်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက စနေနေ့တွင် ကျင်းပသည့် မြန်မာရဲတပ်ဖွဲ့နေ့တွင် ရဲအရာရှိဟောင်းများ ပြန်လည် တာဝန်ထမ်းဆောင်ရန် စည်းရုံးသည်။
ထိုအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက နေပြည်တော်တွင် ဌာနချုပ် ဖွင့်သည်။ စစ်ကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ထိုရုံးချုပ်ကို တရားဝင်ဖွင့်လှစ်ပေးသည်။
လက်ရှိအခြေအနေတွင် စစ်သားဟောင်းများသည် စစ်ဝတ်စုံဝတ်ပြီး ခါးပိုက်ဆောင်တပ်များကို ဦးစီးကာ မြို့ငယ်များရှိ စစ်ဆေးရေး စခန်းများကို ဦးဆောင်နေပြီး လက်ရှိတာဝန်ကျ စစ်သားများနှင့်အတူ ရဲများ၊ ခါးပိုက်ဆောင်တပ်များနှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်နေကြသည်။ ရဲဟောင်းများသည်လည်း အလားတူ “နိုင်ငံတော်၏ အင်အားတရပ်”အဖြစ် လုပ်ရမည်ဖြစ်သည်။ စစ်ကောင်စီရဲတပ်သည်လည်း ထွက်ပြေးမှုများနှင့် သေဆုံးမှုများကြောင့် အထိနာနေသည်။ အာဏာသိမ်းပြီးနောက် ရဲ ၆,၀၀၀ ကျော်သည် လူထုအာဏာ ဖီဆန်ရေး (CDM) တွင် ပါဝင်ပြီး သီးခြားဆန့်ကျင်ဘက် ရဲတပ်ဖွဲ့ထူထောင်ထားသည်။
မြန်မာနိုင်ငံတဝှမ်းမှ ရဲတပ်ဖွဲ့များကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှု ပိုမိုပြင်းထန်လာချိန်တွင် မြန်မာရဲဟောင်းအသင်း ဖွဲ့စည်းခြင်းကို စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ချီးကျူးဂုဏ်ပြုခြင်းသည် အတိတ်နိမိတ် မကောင်းပေ။
မတ်လကလည်း စစ်ကောင်စီက ရဲများသည် စစ်သားများနှင့်အတူ ရှေ့တန်းတွင် တိုက်ရမည်ဆိုသည့် ဥပဒေသစ်ကို ပြဋ္ဌာန်းပြီး ရဲများကို စစ်တပ်ထိန်းချုပ်မှုအောက်တွင် ထည့်သည်။ စစ်ကောင်စီသည် အငြိမ်းစား အသက် ကန့်သတ်ချက်ကိုလည်း ၆၀ မှ ၆၂ နှစ်သို့ တိုးမြှင့်ထားသည်။
You may also like these stories:
စနဲနယ်မြေ ရဲစခန်းမှူး အဖမ်းခံရမှု မြို့ခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီး
အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့မှ CDM ရဲ ဒုတပ်ကြပ် ဟန်လင်းမြင့် ထောင်၂၆ နှစ် ချခံရ
ရဲ ၃ ဦးကို AA ဖမ်းသွားပြီးနောက် စစ်ကောင်စီက တအိမ်တက်ဆင်းရှာဖွေနေ












