သတင်း

ရဲ ၃ ဦးကို AA ဖမ်းသွားပြီးနောက် စစ်ကောင်စီက တအိမ်တက်ဆင်းရှာဖွေနေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းမှစတင်၍ တအိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်နေသလို မြို့ခံအချို့ကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ဇွန် ၂၀ ရက် ညနေပိုင်းက မြို့သစ်ရပ်ကွက်အတွင်း အဆိုပါ ရဲ ၃ ဦး အရက်သောက်နေစဉ် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီး သွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ ကျောက်တော်မြို့ မရဲစခန်းမှ ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦး တို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် ယနေ့ နံနက် ၁၀ နာရီတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကျောက်တော်မြို့၊ ပြည် တော်သာရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း၏ နေအိမ်ကို လာရောက်စီးနင်းပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကျောက်တော်မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “စစ်သားတွေ မြို့ပတ်ပတ်လည်ကို ဝိုင်းပြီးတော့ အခုမြို့ပေါ်မှာ တအိမ်တက် တအိမ်ဆင်း ရှာဖွေနေတယ်။ လူထု ဇော်ဝင်းကိုလည်း ဒီနေ့ မနက် ၁၀ နာရီမှာ အိမ်ကို စစ်ကောင်စီတပ်က ဝိုင်းပြီးတော့ ဖမ်းသွားတယ်။ နောက်ထပ် ဘယ်နှစ် ယောက် အဖမ်းခံရတယ်ဆိုတာ မသိရသေးဘူး။ မြို့ကလူတွေ တယောက်မှ အပြင်မထွက်ရဲဘဲ အိမ်တံခါးပိတ်ပြီး နေကြရ တယ်” ဟု ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်များ မြို့တွင်း ရှာဖွေစစ်ဆေးနေမှုများကြောင့် ကျောက်တော်မြို့မဈေးကြီးကိုလည်း ပိတ်ထားသလို ကျောင်းသူကျောင်းသားများမှာလည်း ကျောင်းမသွားရဲဘဲ ရှိနေကြကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၁ ရက်က ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA က ဖမ်းဆီးခဲ့သလို ဇွန် ၁၆ ရက်ကလည်း ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို AA က ဖမ်းဆီးခဲ့ရာ အရာရှိမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက မြို့ပေါ် ရပ်ကွက်များကို သေနတ်ဖြင့် ခြောက် လှန့်ပစ်ခတ်မှုများ ပြုလုပ်ပြီး ပုဏ္ဏားကျွန်းဒေသခံ အရပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ ၎င်းတို့အား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရဘဲ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်နေကြောင်း သိရ သည်။

ဇွန် ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ်၊ တိန်ညိုစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ် သား ၁ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ ရဲတပ်သားမှာ လွတ်မြောက်သွားခဲ့ပြီး ရဲတပ်ကြပ်ကြီးမှာ ဖမ်းဆီးခဲ့ရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ဇွန် ၁၁ ရက်မှ ၂၀ ရက်ထိ ၁၀ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၃ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ၇ ဦးကို ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်းတို့၏ ULA/ AA တပ်ဖွဲ့ဝင်များနှင့် တရား ရေးဌာနတွင် ဝင်ရောက် လုပ်ကိုင်နေသူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်များသို့ ညအချိန် ဝင်ရောက် ဖမ်းဆီး နေသည့်အတွက် တန်ပြန်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဇွန် ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဖမ်းဆီးထားသော ULA/ AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည်ဆိုပါက ဖမ်းဆီးထား သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း ချက်ချင်း ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ဦးခိုင်သုခက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်လျက်ရှိပြီး အပြန် အလှန် ဖမ်းဆီးမှုများလည်း ပြုလုပ်နေသည့်အတွက် စစ်ရေးတင်းမာမှု မြင့်တက်နေကြောင်း သိရသည်။

You may also like these stories:

နိုင်ငံတကာက စိတ်မဝင်စားကြတော့တဲ့ မြန်မာ့ခေါင်းဆောင်ရဲ့မွေးနေ့နှင့် အတွေးများ

စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ

အရွယ်မရောက်သေးသူများအား စစ်ကောင်စီ နှိပ်စက် သတ်ဖြတ်ဟု UN ဆို

ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်တယ်

Loading