နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၊ ဒုသမ္မတများ၏ ခရီးစဉ်များတွင် လုံခြုံရေး လိုက်ပါတာဝန်ယူခဲ့ရသည့် အကြမ်းဖက် မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ဟန်လင်းမြင့်အား အကြမ်းမဖက် လူထုအာဏာဖီဆန်ရေး (CDM) တွင် ပါဝင်ခဲ့ သည်အတွက် စစ်ကောင်စီက ထောင် ၂၆နှစ် ချမှတ်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူတဦးထံမှ သိရသည်။
ဒုတပ်ကြပ် ဟန်လင်းမြင့်သည် စစ်တပ် အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ် မတ်လကုန်ကတည်းက CDM လုပ်ကာ ဆန္ဒ ပြပွဲများတွင် ပါဝင်ခဲ့ရာမှ၂၀၂၁ ခုနှစ်၊ မေလကုန်ပိုင်းတွင် သင်္ယကျွန်းမြို့နယ်အတွင်း၌ ညအချိန် အင်အားသုံးစီးနင်း ဖမ်း ဆီးခံခဲ့ရပြီး နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီး ပုဒ်မ ၁၂၂(၁)ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ကျခံ စေရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ၂၀၂၂ ခုနှစ် မေလ ၉ ရက်တွင် ပြစ်ဒဏ် စတင် ချခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင် ၃ နှစ် ထပ်မံချမှတ်ခဲ့ပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရလည်း ထောင် ၃ နှစ်ချခဲ့သည့်အတွက် စုစုပေါင်း ထောင် ၂၆ နှစ်ချခံထားရသည်။
၎င်းနှင့် နီးစပ်သူတဦးက “သူ့ရဲ့ လုပ်ဆောင်ချက်အပေါ် ဂုဏ်ယူတာပေါ့၊ နိုင်ငံရေးမှာ သူများတွေလဲ ပေးဆပ်နေကြရ တာပဲ။ ဒါပေမယ့် CDM လုပ်တာ၊ အာဏာဖီဆန်တာလောက်ပဲ ရှိတာကို ဒီလို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနဲ့ တပ်ပြီး ထောင်ချတာတော့ တော်တော်များတယ်။ ဥပဒေအရ အယူခံဆက်ပြီး တက်သွားမှာပါ” ဟု ပြောသည်။
ကိုဟန်လင်းမြင့်အား နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) ဖြင့် အလုပ်နှင့်ထောင် နှစ် ၂၀ ချမှတ်ခဲ့ မှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်က ရန်ကုန်တိုင်း တရားလွှတ်တော်တွင်း အယူခံ ဝင် ရောက်ခဲ့သော်လည်း အကျဉ်းနည်းဖြင့်သာ ပလပ်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် အင်းစိန်ထောင်အတွင်း အကျဉ်းချခံထားရသည့် ကိုဟန်လင်းမြင့် အနေဖြင့် အစာအိမ်ဝေဒနာ ခံစားနေရ သည့်အတွက် ပြင်ပမှ ဆေးများ ပေးပို့နေရပြီး စတင် ဖမ်းဆီးခံရစဉ်ကလည်း စစ်ကြောရေး၌ ရိုက်နှက်နှိပ်စက်ခံရမှု များကြောင့် နံရိုးကျိုး ဒဏ်ရာရရှိခဲ့သေးကြောင်းလည်း သိရသည်။
စစ်တပ် အာဏာမသိမ်းမီက အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွင် ၅ နှစ်ခန့် ရာထူးအဆင့်ဆင့် တာဝန်ထမ်း ဆောင်ခဲ့သည့် ကိုဟန်လင်းမြင့်အနေဖြင့် ဆယ်တန်းအောင်ကာစတွင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း ဆေးစစ်မှု ကျရှုံးခဲ့သည့်အတွက် ဖောင်ကြီး သမဝါယမကောလိပ်၌ တလခန့် ပြန်လည်တက်ရောက်ခဲ့ပြီးမှသာ ရဲတပ်ဖွဲ့သို့ ပြန်လည် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၊ ဒုသမ္မတများ ၏ ခရီးစဉ်များတွင် လုံခြုံရေး လိုက်ပါတာဝန်ယူခဲ့ရသည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ရန်ကုန်-ဒလ တံတား စီမံကိန်းသို့ လာရောက်သည့် ခရီးစဉ်တွင်လည်း လုံခြုံရေးအဖွဲ့တွင် တာဝန်ယူခဲ့ရ ကြောင်းလည်း နီးစပ်သူတဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းသည့် ရက်ပိုင်းတွင်လည်း ၎င်းအနေဖြင့် ဒု သမ္မတ ဦးမြင့်ဆွေ၏ ကချင်ပြည်နယ်ခရီးစဉ်တွင် လုံခြုံရေးလိုက်ပါ ခဲ့ရပြီး အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် ကချင်ပြည်နယ်ရှိ တပ်စခန်းတခုတွင် ၁၀ ရက်ခန့်နေခဲ့ရ ကြောင်းလည်း သိရသည်။
စစ်တပ် အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ၃၀ ရက်နေ့များတွင် ဒုသမ္မတဦးမြင့်ဆွေအနေဖြင့် ကချင်ပြည်နယ်၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်ဒေသများသို့ ခရီးစဉ် သွားရောက်ခဲ့သည်။
လက်ရှိတွင် CDM ဝင်ထားသည့် ရဲဝန်ထမ်း၂၉၃၇ ဦးရှိပြီး အမြင့်ဆုံး ရာထူးအဖြစ် ရဲမှူး နှစ်ဦး ပါဝင်ကာ ဒုရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ်၊ ရဲအရာခံ၊ ရဲတပ်သားနဲ့ စာရေး တို့ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ပြီးခဲ့သည့် ဧပြီလ တွင် ထုတ်ပြန်ဖော်ပြထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်း ဘဝသစ်ကို မျှော်ကြည့်ခြင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၆ နှစ်ထပ်ချ
NLD ခေါင်းဆောင် ၃ ဦးအမှု တိုင်းအဆင့် အယူခံတက်မည်