ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်တွင် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း ဖေဖေါ်ဝါရီလလယ်မှ မေလ ၁၁ရက်အထိ အသက် ၁၈ မှ ၂၅ နှစ်ကြား လူငယ် ၅၀ ကျော် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ထိုအထဲမှ ၃ဦးမှာ အသတ်ခံ ခဲ့ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ သာယာဝတီ မီးနင်းချောင်းဂိတ်နှင့် လက်ပံတန်းမြို့ထွက် ကွမ်းခြံကုန်းရွာတွင် ဖွင့်ထားသော စစ်တပ်စစ်ဆေးရေးဂိတ်များက လူငယ်များကို ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တဦးက “ရန်ကုန်-ပြည်လမ်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ်တွေ မှာ ဖမ်းဆီးနေတာမျိုးပါ။ မီးနင်းချောင်းဂိတ်နဲ့ ကွမ်းခြံကုန်းဂိတ်က အဆိုးဆုံးပဲ။ ကျနော်တို့ လက်လှမ်းမီသလောက် သိရတဲ့ စာရင်းကိုက လက်ပံတန်းဂိတ်မှာ ၂၀ ကျော်၊ သာယာဝတီဂိတ်မှာ ၃၀ ကျော်ထိ ဖမ်းခံထားရတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဖမ်းဆီးခံရသူများမှာ သာယာဝတီခရိုင်ရှိ မင်းလှ၊ လက်ပံတန်း၊ သာယာတီမြို့နယ်များမှ အများဆုံး ဖြစ်ကြောင်း၊ ဖမ်းဆီးခံရ သည့် လူငယ်များအား ငွေဖြင့် ပြန်လည်ရွေးခိုင်းမှုများ ရှိသလို အုတ်ဖိုမြို့ရှိ စစ်ကြောစခန်းသို့ ပို့ဆောင်ပြီးနောက် တပ်သား သစ်အဖြစ် ပို့ဆောင်ခြင်းများလည်းရှိကြောင်း သိရသည်။
ထိုသို့ လူငယ်များအား စစ်တပ်စစ်ဆေးရေးဂိတ်များက ပစ်မှတ်ထားဖမ်းဆီးနေမှုကြောင့် အသွားအလာ ဂရုစိုက်စေချင် ကြောင်း၊ ရွာတချို့တွင်လည်း စစ်ကောင်စီဘက်မှ လူငယ်များအား လက်နက်ဖြင့် ခြိမ်းခြောက်ပြီး အတင်းအဓမ္မ စစ်သားစု ဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း လက်ပံတန်းမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက ဆိုသည်။
ဧပြီ ၅ ရက်က ထိုင်းနိုင်ငံမှ အလုပ်လုပ်၍ ပြန်လာသည့် မင်းလှမြို့နယ် ခွက်မရွာအုပ်စု၊ ငလှစမ်းရွာမှ မောင်အောင်မျိုးဝင်း သည် အိမ်သို့ မရောက်ရှိဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များမှ စုံစမ်းရာ သာယာဝတီ မီးနင်း ချောင်းစစ်ဆေးရေးဂိတ်မှ ဖမ်းဆီးပြီး အုတ်ဖိုစစ်ကြောရေးသို့ ပို့ဆောင်ခံရကြောင်း၊ လက်ရှိတိုင် အဆက်အသွယ်ပြတ်နေကြောင်း မိသားစုဝင်နှင့် နီးစပ်သူတဦးက ပြောသည်။

အလားတူ လက်ပံတန်းမြို့နယ်မှ ကိုကျော်ဖြိုး လင်း၊ ကိုကောင်းထက်ကျော် (ခ) ကောင်းကောင်းနှင့် မင်းလှမြို့နယ်မှ ကိုအောင်မျိုးလင်းတို့ ၃ဦးမှာ လက်ပံတန်းမြို့အထွက် ကွမ်းခြံကုန်းစစ်ဆေးရေးဂိတ်တွင် အဖမ်းခံရပြီးနောက် စစ်ကြောရေး သို့ အပို့ခံရပြီးနောက် မေ ၆ ရက်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ နွားခြံကုန်း အုပ်စု၊ ကုန်းသာရွာအနီး အနက်ရောင် သေမင်းတမန် စာတန်းချိတ်ဆွဲ၍ စွန့်ပစ်ခံထားရသည့် ၎င်းတို့၏ အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံ ကိုမိုးထက်က “ရှားကုန်းရွာက အောင်မျိုးလင်းက လက်ပံတန်းအလှူ သွားရင်း ကွမ်ခြံကုန်းဂိတ်မှာ အဖမ်းခံရတယ်။ အဲဒီကနေ အုတ်ဖိုစစ်ကြောရေးပို့ခံရပြီး မိသားစု အဆက် အသွယ်မရ ဖြစ်နေတုန်း ပေါင်းတည်မှာ မင်းလှ PDF က ဆိုပြီး အသတ်ခံရတာပါ။ သူသေဆုံးတာကို သူ့မိသားစုက မနေ့ကမှ သိကြတာ” ဟုပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကမူ ယင်းဖြစ်စဉ်အား ပေါင်းတည်မြို့နယ်၊ ကုန်းသာကျေးရွာမှ အုပ်ချုပ်ရေးမှူး ဝင်းလှိုင်အား မေ ၅ ရက်က ပေါင်းတည် PDF တပ်ဖွဲ့၏ သတ်ဖြတ်မှုအတွက် လက်စားချေသည့်အနေဖြင့် အနက်ရောင် သေမင်း တမန်အဖွဲ့က ပေါင်းတည် PDF တပ်ဖွဲ့နှင့် ပတ်သက်နေသော မင်းလှ PDF တပ်ဖွဲ့ဝင် ၃ ဦးအား သတ်ဖြတ်ပြီး ကုန်းသာကျေးရွာ လူမြင်ကွင်းတွင် ချထားခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်းတည်မြို့ခံတဦးက “ညဘက် ၁၁ နာရီလောက်မှာ ပေါင်းတည်ဘက်ကနေ ကုန်းသာရွာ ဘက်ကို ကားနဲ့လာပြီး ချသွားကြတာ။ ၅ ရက်နေ့ညပိုင်းက လာချသွားကြတာပေါ့။ ၆ ရက်နေ့ မနက်ပိုင်းမှာ တွေ့ခဲ့တာ။ မနက် ၁၀ နာရီကျော်လောက်ကျတော့ အလောင်းတွေကို စစ်သားတွေက လူနာသယ်ယာဉ်နဲ့ လာသယ်သွားကြတယ်။ အလောင်းတွေမှာ အနက်ရောင် သေမင်းတမန်ဆိုတဲ့ စာတမ်းပါတဲ့ စာရွက်တွေလည်း ချိတ်ဆွဲထားတာကို တွေ့ရတယ်” ဟု ပြောသည်။
တော်လှန်ရေး အင်အားစုများကမူ သတ်ဖြတ်ခံရသူများမှာ သာမန်အရပ်သားပြည်သူများသာဖြစ်ပြီး စစ်ကြောရေးတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကိုခံရပြီးမှ ယခုကဲ့သို့ အကြောင်းရှာ၍ အလောင်းများအား စွန့်ပစ်ခံရခြင်းမျိုးသာဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ အုတ်ဖိုစုကျေးရွာအနီးလမ်းမပေါ်တွင် အနက်ရောင်သေမင်းတမန် စားသားပါ စာရွက်ချိတ်ဆွဲထားသည့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တဦး၏ ရုပ်အလောင်းအား စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
သာယာဝတီခရိုင်အတွင်း လူငယ်များ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တရားဝင် သတင်းထုတ် ပြန်ခြင်းမျိုး မရှိသေးသော်လည်း အလားတူသတင်းများအား အများပြည်သူထိတ်လန့်စေရန် ရည်ရွယ်ပြီး ဖြန့်ဝေသည့် သတင်းတု၊ သတင်းအမှားများသာ ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုလေ့ရှိသည်။
လက်ရှိအချိန်ထိ ပဲခူးတိုင်းအတွင်း အဆိုပါအဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခံရသူ ၄၀ ဦးအထက် ရှိကြောင်း သိရသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကျောထောက်နောက်ခံပြု သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်း၊ မျိုးချစ်မဟာ မိတ် စသည့် အဖွဲ့များစွာ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံတဝန်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ NLD အားပေးထောက်ခံသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မိသားစုဝင်များ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းစွန့်ပစ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ယခု အနက်ရောင်သေမင်းတမန်အဖွဲ့ ဆိုသည်မှာလည်း အလားတူအဖွဲ့မျိုးပင် ဖြစ်နိုင်ကြောင်း မြို့ခံတချို့က သုံးသပ်ပြောဆိုသည်။
အဆိုပါအဖွဲ့များကမူ ၎င်းတို့အနေဖြင့် စစ်တပ်၊ ရဲနှင့် ပျူစောထီးအဖွဲ့များဖြင့် မပတ်သက်ကြောင်း ထုတ်ပြန်ထားသလို ၂၀၂၁ ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင်လည်း သွေးသောက်အဖွဲ့နှင့် အခြားသော အဖွဲ့အစည်းများသည် စစ်ကောင်စီနှင့် ပတ်သက်မှုမရှိကြောင်း ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားသည်။
You may also like these stories:
သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ
မန္တလေးတွင် သွေးသောက်ကတ်ပြားချိတ်ဆွဲသည့် လူသတ်မှုများ ပြန်ဖြစ်နေ
အရှိန်မြင့်လာတဲ့ လက်တုံ့ပြန် သတ်ဖြတ်မှုများ














