စစ်မှုထမ်းဥပဒေအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် အသက်ပြည့်မီ သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ယူကာ နာမည်စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်နေကြောင်း မြို့ခံများထံက သိရသည်။
ရန်ကုန်တိုင်း မြို့နယ်အချို့ရှိ ရပ်ကွက်များ၊ နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို ကားလမ်းမတလျှောက် ကျေးရွာများ၊ မန္တလေးမြို့ရှိ မြို့နယ်တို့တွင် မတ်လဆန်းပိုင်းမှ စတင်ကာ လုပ်ဆောင်နေခြင်း ဖြစ်သည်။
စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် စာရင်းသွင်းရမည့် ၂၅ ချက်ပါ ပုံစံစာရွက်များလည်း ရပ်ကွက် အုပ်ချုပ်ရေးရုံး များသို့ ရောက်ရှိနေပြီဖြစ်ရာ ယင်းပုံစံများ ဖြည့်သွင်းရန်အတွက် လူငယ်များကို ရပ်ကွက်ရုံးများသို့ ဆင့် ခေါ်၍ နာမည်စာရင်းများ ကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်နေခြင်းဟု သိရသည်။
မေလ ၁၃ ရက် တရက်တည်းမှာပင် ရန်ကုန်တိုင်း မရမ်းကုန်း၊ မဂ်လာတောင်ညွန့်၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ဒဂုံမြို့ သစ် တောင်ပိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ ရပ်ကွက်အချို့တွင်လည်း စစ်မှုထမ်းရန် အသက်ပြည့်မီသူများကို ရပ်ကွက်ရုံး သို့ ခေါ်ယူပြီး မဲနှိုက်ရွေးချယ်ခြင်းများကို ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ရန်ကုန်မြို့တွင် ကိုယ်တိုင် မဲနှိုက်ခဲ့ရသူတဦးက “ရပ်ကွက်ရုံးက လဝကရုံးက ချပေးတဲ့ နာမည်စာရင်းကို အိမ်တိုင်ရာ ရောက် တယောက်ချင်းစီ လိုက်ခေါ်တယ်၊ ချပေးတဲ့စာရင်းအတိုင်း မဲနှိုက်ရတယ်၊ ရပ်ကွက်ရုံးခန်းထဲမှာ။ မနေ့က လာ ခေါ်တဲ့ အသက်အပိုင်းအခြားက ၂၄ ကနေ ၃၀ အထိ။ အဲဒီအသက်အပိုင်းအခြားမှာ ကျနော်တို့ရပ်ကွက်ထဲမှာ ဘယ် လောက်ပါလဲဆိုရင် ၃၇ ယောက်လောက် ပါတယ်” ဟု ပြောသည်။
ထိုသို့ မဲနှိုက်ရွေးချယ်ရာတွင် ရပ်ကွက်နေ လူဦးရေအလိုက် ခွဲတမ်းချ ကောက်ယူခြင်းမျိုးဖြစ်ပြီး အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပါဝင်၍ မဲနှိုက်ရွေးချယ်ပြီးနောက် မဲပေါက်သူများ၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီ တပ် ဖွဲ့ဝင်များ ရောက်လာကာ စာရင်းကောက်ယူသွားကြကြောင်း၊ ရပ်ကွက်တခုလျှင် အနည်းဆုံး ၅ ဦးထိ စာရင်းပါနေပြီး အချို့ရပ်ကွက်များတွင် ဝင်ရောက်မည့်သူများရှိနေသဖြင့် မဲနှိုက်ရခြင်းမျိုး မရှိဟု သိရသည်။
ကိုယ်တိုင် မဲနှိုက်ခဲ့ရသူတဦးက “မဲနှိုက်ရတဲ့အချိန်မှာ စိုးရိမ်မှုကတော့ အတိုင်းထက်အလွန်ပေါ့။ ပါသွားခဲ့ရင်ဆိုတဲ့ စိတ် က ဘယ်လိုမှ ဆောက်တည်ရာ မရဘူး။ မနေ့ကတင် ရပ်ကွက်ထဲမှာ ဖြစ်သွားတာ၊ မပါတဲ့ မိဘတွေရော ပါသွားတဲ့ မိဘတွေရောက အကုန်လုံး ငိုကြီးချက်မတွေပဲ၊ စိုးရိမ်မှုက အမြင့်ဆုံးမှာ ရှိတယ်” ဟု ပြောသည်။
စစ်မှုထမ်းရန် မဲပေါက်သူများအနေဖြင့် ဖောင်ကြီး စစ်အခြေခံ လေ့ကျင့်ရေးကျောင်း၌ ပထမဦးဆုံးဖွင့်လှစ်မည့် စစ် သင်တန်းတွင် တက်ရောက်ရမည်ဖြစ်သလို သင်တန်းစတင်တက်ရောက်ချိန်ကတည်းက သတ်မှတ်ထားသော လစာ ခံစားခွင့်များရရှိမည် ဟုပြောဆိုကာ သင်တန်းဆင်းပြီးလျှင် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ဆိုသည်ကို ပြောဆို ခြင်းမရှိဟု မဲနှိုက်ခဲ့ရသူများက ဆိုသည်။
မရမ်းကုန်းမြို့နယ် ရပ်ကွက်အချို့တွင်လည်း အသက် ၂၄ နှစ်မှ ၃၅ နှစ်အတွင်းရှိ (တက္ကသိုလ်တက်ရောက်နေသူများ မပါ) လူငယ်များကို စစ်သင်တန်းအပတ်စဉ် ၁ အတွက် စတင်ခေါ်ယူနေကြောင်း၊ ရပ်ကွက်တခုလျှင် ၁၅ ဦးခန့်ထိ ရွေး ချယ်ခေါ် ယူခိုင်းထားပြီး ရွေးချယ်ခံရသူအားလုံးကို ဧပြီလနောက်ဆုံးပတ်တွင် ဆေးစစ်ခြင်းများ ပြုလုပ်သွားမည် ဟု အုပ်ချုပ်ရေးပိုင်းမှ ပြောဆိုကြောင်း မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ် ပျဉ်းမနား-တောင်ညို ကားလမ်းမ တလျှောက် ကျေးရွာများမှ လူငယ်များကို သတ်မှတ်ချက်များနှင့် ကိုက်ညီပါက စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မြို့နယ်ထွေ အုပ်ရုံးသို့ လာရောက် စာရင်းပေးသွင်းရန် ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးရုံးများသို့ ဆင့်ခေါ်စာများ ပေးပို့ နေသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ မန္တလေးမြို့တွင်လည်း စစ်မှုထမ်းဥပဒေ အသက်သွင်းနိုင်ရေးအတွက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ လူဦးရေ စာရင်းကောက်ယူခြင်းနှင့် စစ်မှုထမ်းဥပဒေ အသိပညာပေးဟောပြောပွဲများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
မန္တလေးမြို့ခံတဦးက “ပြီးခဲ့တဲ့ ၁၀ ရက်လောက်က ရပ်ကွက်ရုံးကို အစည်းအဝေးခေါ်ပြီး သူတို့က စစ်မှုထမ်းခိုင်းတာ ဆိုတာက တရပ်ကွက်လုံး ယောက်ျားလေးတွေ တအိမ်တက်ဆင်းခေါ်တာ မဟုတ်ဘူးပေါ့၊ တရပ်ကွက်လုံးမှ တယောက်ပေါ့၊ မဲနှိုက်ပြီးတော့ပဲ ခေါ်မှာပါ၊ ဘာမှ ကြောက်စရာမလိုဘူးပေါ့။ အိမ်ထောင်လည်းမပြုနဲ့ ဘုန်းကြီးလည်း မဝတ်နဲ့ ဆိုပြီး သူတို့က ဟာသတွေ ပြောသွားသေးတယ်” ဟု ပြောသည်။
ထို့ပြင် လူဦးရေစာရင်းကောက်ယူချိန်တွင် နယ်မြို့များမှတဆင့် မန္တလေးမြို့သို့ လာရောက် အလုပ်လုပ်ကိုင်နေသူများ၊ စစ်ဖြစ်ရာ ဒေသများမှ စစ်ဘေးရှောင်အဖြစ် ခေတ္တ လာရောက်ခိုလှုံနေသူများနှင့် လူငယ်များကို ဧည့်စာရင်းအကြောင်း ပြချက်ဖြင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီကလည်း စစ်မှုထမ်း အကျုံးဝင်သူ အမည်စာရင်းအား စာရင်းကောက်ယူနေပြီး စာရင်းတွင် ပါဝင်သူ အားလုံးကို ချက်ခြင်း ခေါ်ယူမည်မဟုတ်ကြောင်း၊ မြို့နယ်အလိုက် လူဦးရေကို အခြေခံပြီး လစဉ်ပေးရမည့် အရေ အတွက်ကိုသာ မှတ်ပုံတင် လက်မှတ်ထုတ်ပေးမည်ဖြစ်ကာ လစဉ်ခေါ်ယူမည့် အရေအတွက်ကို ဆေးစစ်ရန် ဆင့်ခေါ်စာ အိမ်အရောက်ပေးပို့မည်ဖြစ်ကြောင်း၊ ဆေးစစ်ပြီး အောင်မြင်သူများကိုသာ စစ်မှုထမ်းရန် ဗဟိုမှ ဆင့်ခေါ် စာဖြင့် ပေးပို့ ခေါ်ယူကာ မြို့နယ်အလိုက်စုစည်းပြီး သက်ဆိုင်ရာ လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။
မန္တလေးမြို့ခံ CDM လက်ထောက်ကထိက တဦးက “ဒီလိုတွေ လုပ်နေတာက သူတို့ရဲ့ နောက်ဆုံးထွက်ပေါက်ပဲလေ၊ အားလုံးရဲ့ အိမ်ပေါက်စေ့ကို တံခါးခေါက်လိုက်တာပဲ၊ ပြည်သူတွေရဲ့ စိတ်ဆန္ဒမပါတော့ ဘယ်လို့မှ မဖြစ်နိုင်တာ အစောကြီးကတည်းက၊ သမိုင်းတလျှောက်မှာ ဘယ်စီမံကိန်း ဖြစ်ဖြစ် ပြည်သူမပါတဲ့ စီမံကိန်းဟာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး၊ အခုဟာက ပိုဆိုးတာပေါ့” ဟု ပြောသည်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေအရ တနှစ်လျှင် အင်အား ၅သောင်း နှုန်း ခေါ်ယူပြီး သင်တန်းတပတ်စဉ်တွင် လူဦးရေ ၅ ထောင်နှုန်း ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ပထမဦးဆုံး အပတ်စဉ်ကို ဧပြီလ နောက်ပိုင်းတွင် ခေါ်ယူသွားမည်ဖြစ်ကာ အဆင့်အလိုက် အရည်အချင်းအလိုက် လစာ၊ ရိက္ခာ ခံစားခွင့်ပြုပေး သွားမည်ဟု ပြောဆိုထားသည်။
စစ်မှုထမ်းဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ နိုဝင်ဘာ ၄ ရက်တွင် ဥပဒေပြုခဲ့ခြင်း ဖြစ်ပြီး အရပ်သားအစိုးရများလက်ထက်တွင် ကျင့်သုံးခြင်း မရှိသော်လည်း စစ်ကောင်စီလက်ထက်၌ အတည်ပြုလိုက် ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်ဖြင့် အင်အားကောင်းလာပြီးနောက် နိုင်ငံတဝန်း လုံး၌ ပိုမိုကျယ်ပြန့်လာသော စစ်မျက်နှာများနှင့်အတူ စစ်ကောင်စီတပ် ဆက်တိုက်အရေးနိမ့်လာခြင်း၊ စစ်သည် အင် အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေသဖြင့် လူအင်အားလိုအပ်မှု၊ စစ်တပ်အပေါ် လူထုထောက်ခံမှု လုံးလုံးလျားလျား မရှိ တော့သဖြင့် လူသစ်စုဆောင်းရန် ခက်ခဲလာမှုများကြောင့် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ခြင်းမျိုးဟု စစ်ရေး လေ့ လာသုံးသပ်သူများက ဝေဖန်ထောက်ပြသည်။
စစ်ကောင်စီ၏ အဓမ္မ စစ်သားစုဆောင်းမှုအား ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် စုပေါင်း လက်မှတ်ရေး ထိုး ပါဝင်ပေးကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့တွင် အသိပေးထုတ်ပြန်လာရာ ယင်းလက်မှတ်များဖြင့် စစ်ကောင်စီကို ဖိအားပေး၊ အရေးယူနိုင်ရန် နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဟု ဖော်ပြထားသည်။
You may also like these stories:
အတင်းအကျပ် စစ်သားစုဆောင်းရေး စစ်ကောင်စီ အလျင်အမြန်လုပ်နေ
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်