ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အိန္ဒိယပါလီမန် အထက်လွှတ်တော် ရာဂျယာဆာဘား အမတ်နှင့် မီဇိုရမ်ပြည်နယ်မှ တဦးတည်းသော ကိုယ်စားလှယ် မစ္စတာ ကေ ဗန်လယ်ဗေနာ ဦးဆောင်သည့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံအနောက်ပိုင်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ပိုင်နက်သို့ ရုတ်တရက် သွားရောက်လည်ပတ်သည်။
မီဇိုရမ်ပြည်နယ်တောင်ပိုင်း ဇိုရင်ပူအီကို ဖြတ်ကျော်ပြီး မီဇိုအမျိုးသားတပ်ဦး (MNF) ကိုယ်စားလှယ်နှင့် သူ၏ အဖွဲ့သည် ချင်းပြည်နယ်တောင်ပိုင်း ၁၂ ကီလိုမီတာအထိ သွားရောက်ကာ ပလက်ဝ အနီးတွင် ရက္ခိုင့်တပ်တော် (AA) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံသည်။
မီဇိုရမ်အစိုးရ ထုတ်ပြန်သည့် ဓာတ်ပုံတပုံတွင် ထိုအထက်လွှတ်တော် ကိုယ်စားလှယ်သည် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော လက်နက်ကိုင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင်များနှင့် တွဲ၍ ဓာတ်ပုံရိုက်ထားသည်။
မစ္စတာ ဗန်လယ်ဗေနာသည် ကုလားတန် ဘက်စုံကြားခံသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTP) တိုးတက်မှုကို စစ်ဆေးရန် သူ့ဆန္ဒဖြင့်သူ သွားရောက်ခြင်း ဖြစ်သည်ဟုဆိုသည်။ KMMTTP သည် ကုန်းတွင်ပိတ် အရှေ့မြောက် အိန္ဒိယသို့ မြန်မာနိုင်ငံမှတဆင့် ရေကြောင်းလမ်း တည်ဆောက်ရန် ရည်ရွယ်သည့် အိန္ဒိယနိုင်ငံက ငွေကြေးစိုက်ထုတ်သော ဒေသဖြတ်ကျော် လမ်းပန်းဆက်သွယ်ရေး အစီအစဉ်ဖြစ်သည်။
မြန်မာတွင် အာဏာသိမ်းပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ၊ အထူးသဖြင့် မြစ်ဆိပ်ကမ်းရှိသည့် ပလက်ဝမှ မီဇိုရမ်ပြည်နယ်၊ ဇိုရင်ပူအီသို့ ကုန်းလမ်းတည်ဆောက်သည့်လုပ်ငန်း ရပ်ဆိုင်းသွားသည်။ ထိုလမ်းကို တည်ဆောက်ရန် အိန္ဒိယ အခြေခံအဆောက်အအုံ ကုမ္ပဏီတခုဖြစ်သော IRCON ကို တာဝန်ပေးထားသော်လည်း ထိုလုပ်ငန်းသည် မြန်မာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် မတည်ဆောက်နိုင်ပေ။ မစ္စတာ ဗန်လယ်ဗေနာသည် နယ်စပ်ဖြတ်ကျော် ခရီးစဉ်အတွင်း ထိုကုမ္ပဏီမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုသို့ ရှားရှားပါးပါး တွေ့ဆုံဆွေးနွေးခြင်းသည် အိန္ဒိယ၏ မြန်မာမူဝါဒနှင့် ပတ်သက်ပြီး ဘာကို ပြသနေသနည်း။ အိန္ဒိယသည် မြန်မာနိုင်ငံ အနောက်ပိုင်းမှ ရှုပ်ထွေးသော လူမျိုးစုနိုင်ငံရေး အခင်းအကျင်းတွင် မည်သို့ လမ်းကြောင်းရှာမည်နည်း။
သဘောထားပြောင်းလဲခြင်း ဖြစ်နိုင်၊ မဖြစ်နိုင်
မြန်မာတွင် ၂၀၂၁ အာဏာသိမ်းချိန်မှ စတင်ပြီး အိန္ဒိယသည် ၎င်းတို့ကို ၎င်းတို့ SAC ဟု ခေါ်သည့် မြန်မာစစ်ကောင်စီနှင့်သာ ဆက်ဆံရေးမူဝါဒကို တင်းကျပ်စွာ ထိန်းသိမ်းထားသည်။ ထိုသို့ လက်တွေ့ကျသည်ဟု ယူဆရသည့်မူဝါဒမှာ စစ်တပ်သည် မြန်မာတွင် အဓိကလွှမ်းမိုးသည် နိုင်ငံရေး-လုံခြုံရေး အရေးပါသူဖြစ်ပြီး စစ်တပ်နှင့် အဆက်အသွယ် ဖြတ်ခြင်းသည် မြန်မာမှ အိန္ဒိယအကျိုးစီးပွားများကို အန္တရာယ် ကျရောက်စေမည် ဆိုသည့် အိန္ဒိယအစိုးရ၏ အယူအဆကြောင့် ဖြစ်သည်။
တချိန်တည်းတွင် အိန္ဒိယသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒီမိုကရေစီ အင်အားစုများနှင့်လည်း အဆက်အသွယ် မသိမသာ ထူထောင်ထားသည်။ သို့သော် ထိုဆက်ဆံရေးများကို အဆင့်မြှင့်တင်ရန် သို့မဟုတ် တရားဝင်ဖြစ်ရန် မလုပ်ဆောင်သလောက်ပင် ဖြစ်သည်။
ထိုသို့ ရှားရှားပါးပါး တွေ့ဆုံဆွေးနွေးခြင်းသည် အိန္ဒိယ၏ မြန်မာမူဝါဒနှင့် ပတ်သက်ပြီး ဘာကို ပြသနေသနည်း။ အိန္ဒိယသည် မြန်မာနိုင်ငံ အနောက်ပိုင်းမှ ရှုပ်ထွေးသော လူမျိုးစုနိုင်ငံရေး အခင်းအကျင်းတွင် မည်သို့ လမ်းကြောင်းရှာမည်နည်း။
အိန္ဒိယ ဖက်ဒရယ်အစိုးရထံမှ တစုံတရာသော အတိုင်းအတာအထိ ခွင့်ပြုချက်မရဘဲ မဖြစ်နိုင်သည့် မစ္စတာ ဗန်လယ်ဗေနာနှင့် AA တွေ့ဆုံခြင်းက အိန္ဒိယတွင် မူဝါဒ အကြီးအကျယ် ပြောင်းလဲကြောင်း ပြသနေသည်။ ထိုအချက်သည် မြန်မာနိုင်ငံအနောက်ပိုင်းတွင် ပိုမိုသိသာသည်။ မြန်မာတွင် စစ်ကောင်စီ လျင်မြန်စွာ ရှုံးနိမ့်နေသည်ဆိုသည့် အချက်ကို အိန္ဒိယနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းက သိမ်မွေ့သော်လည်း သေချာစွာ အသိအမှတ်ပြုနေသည်။
အောက်တိုဘာလတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က မြောက်ပိုင်းမှ စစ်ကောင်စီပစ်မှတ်များကို ညှိနှိုင်းထိုးစစ် ဆင်ပြီးနောက် ထိုအချက်သည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် သေချာပေါက်ဖြစ်နေပြီး ထိုပြည်နယ်များတွင် AA, ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အခြား ချင်းလက်နက်ကိုင်အဖွဲ့များသည် အောက်တိုဘာလမှစတင်ပြီး နယ်မြေအများအပြား သိမ်းပိုက်နေသည်။
အိန္ဒိယသည် ၎င်းတို့အကျိုးစီးပွားများနှင့် နီးကပ်သည့် မြန်မာအနောက်ပိုင်းကို စိုးရိမ်ပြီး ထိုအကျိုးစီးပွားများတွင် တံတိုင်းမခတ်ထားသည့် နယ်စပ်နှင့် KMMTTP ၏ လုံခြုံရေးတို့ ထိပ်ဆုံးမှ ပါဝင်သည်။ ထိုကိစ္စများသည် အိန္ဒိယအစိုးရအတွက်သာမက အိုက်ဇောမြို့မှ မီဇိုရမ်ပြည်နယ်အစိုးရ အတွက်လည်း စိုးရိမ်စရာ ဖြစ်သည်။
မီဇိုရမ်ပြည်နယ်သည် ချင်းဒုက္ခသည်များကို ကြိုဆိုသော်လည်း အရေအတွက် မြင့်မားလာသောအခါ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မီဇိုပိုင်နက်သို့ တိုက်ရိုက် ကူးလာခြင်းတို့အတွက် စိုးရိမ်ပူပန်လာသည်။ ထိုနယ်ခြားပြည်နယ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မြန်မာမှ ဒုက္ခသည် ၃၂,၂၂၁ ဦးကို တရားဝင် လက်ခံထားသော်လည်း တရားမဝင် စာရင်းအရ ချင်းပြည်နယ်မှ အများစု ပါဝင်သော ခိုလှုံသူ ၅၀,၀၀၀ ရှိကြောင်း ပြသနေသည်။
ထို့အပြင် မီဇိုရမ် ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသမှ ဒုက္ခသည် ၁,၁၀၀ ကျော်၊ ပဋိပက္ခဖြစ်နေသော ပြည်နယ်ချင်းဆက် မဏိပူရပြည်နယ်မှ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) ၁၂,၀၀၀ ကျော်ကိုလည်း လက်ခံထားရသည်။
ထို့အပြင် မီဇိုရမ်ပြည်နယ်သည် ပြည်နယ်အတွက် ထောက်ပံ့ရေး လမ်းကြောင်းသစ် ဖွင့်ပေးပြီး ဒေသတွင်း ဈေးကွက် အချိတ်အဆက်များ ဖန်တီးပေးကာ ဒေသစီးပွားရေး (အထူးသဖြင့် ဖွံ့ဖြိုးမှု နိမ့်ကျသည့် ပြည်နယ်တောင်ပိုင်းဒေသတွင်) ရုတ်တရက် တိုးတက်စေမည့် KMMTTP မှ အကျိုးခံစားရမည် ဖြစ်သည်။
ထို့အပြင် မီဇိုရမ် ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသမှ ဒုက္ခသည် ၁,၁၀၀ ကျော်၊ ပဋိပက္ခဖြစ်နေသော ပြည်နယ်ချင်းဆက် မဏိပူရပြည်နယ်မှ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) ၁၂,၀၀၀ ကျော်ကိုလည်း လက်ခံထားရသည်။
အိန္ဒိယ၏ ဖြစ်နိုင်ခြေရှိသည့် ပြောင်းလဲနေသော မြန်မာမူဝါဒ လက္ခဏာအပြင် မစ္စတာ ဗန်လယ်ဗေနာ၏ မကြာသေးမီက မြန်မာနိုင်ငံခရီးကို မီဇို နိုင်ငံရေးဘောဂဗေဒ၏ ထိုသို့ ထူးခြားသော အခြေအနေနှင့်လည်း ရှုမြင်သုံးသပ်သင့်သည်။ အထက်ပါ စီမံကိန်းသည် မီဇိုရမ်အတွက် သို့မဟုတ် အရှေ့မြောက် အိန္ဒိယအတွက် ထိရောက်သော အကျိုးကျေးဇူများ ဖြစ်စေနိုင်သည်၊ မဖြစ်စေနိုင်သည် ဆိုသည့် အချက်သည် လုံးဝ ကွဲပြားခြားနားသော ကိစ္စဖြစ်သည်။ သို့သော် ယခုအချိန်အထိ မြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ဒေသဆိုင်ရာ နိုင်ငံရေး-ဘဏ္ဍာရေး အကျိုးစီးပွားကွန်ရက်တခုကို ဖန်တီးထားပေးပြီး ဖြစ်သည်။
ရှုပ်ထွေးနေသော စစ်မြေပြင်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနောက်ပိုင်းကို မတူညီသော လူမျိုးစု နှစ်ခုကို ကိုယ်စားပြုသည့် အင်အားကြီးမားသော လက်နက်ကိုင်အုပ်စု နှစ်ခု လွှမ်းမိုးထားသည်။ ရခိုင်လူမျိုးစုအတွက် AA က လွှမ်းမိုးထားပြီး ချင်းလူမျိုးစုအတွက် CNF က လွှမ်းမိုးထားသည်။
AA သည် အလယ်ပိုင်းနှင့် မြောက်ပိုင်း ရခိုင်ပြည်နယ်မှ ကျယ်ပြန့်သော ဒေသများကိုသာမက ချင်းပြည်နယ် တောင်ပိုင်းကို ပလက်ဝအထိလည်း ထိန်းသိမ်းထားသည်။ AA သည် ပလက်ဝကို လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ သမိုင်းအရ ချင်းပြည်နယ်တွင် AA က ထိုသို့ အာဏာထူထောင်မှုသည် ချင်းပြည်နယ်ကို AA က ကျူးကျော်သည်ဟု မြင်သည့် CNF အပါအဝင် ချင်းများအတွက် အဆင်မပြေလှပေ။ လက်တွေ့တွင်လည်း CNF သည် ၂၀၂၀ ခုနှစ် အာဏာသိမ်းမှု မတိုင်မီကပင် AA ကို ပလက်ဝမှ ဆုတ်ခွာရန် သတိပေးထားပြီး ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနောက်ပိုင်းကို မတူညီသော လူမျိုးစု နှစ်ခုကို ကိုယ်စားပြုသည့် အင်အားကြီးမားသော လက်နက်ကိုင်အုပ်စု နှစ်ခု လွှမ်းမိုးထားသည်။ ရခိုင်လူမျိုးစုအတွက် AA က လွှမ်းမိုးထားပြီး ချင်းလူမျိုးစုအတွက် CNF က လွှမ်းမိုးထားသည်။
သမိုင်းအရ ပိုင်နက်တောင်းဆိုမှုများအပြင် ပလက်ဝနှင့် ပတ်သက်သည့် AA နှင့် ချင်းတို့ ပွတ်တိုက်မှုကို ထိုမြို့ မြေပြင်အနေအထားအရ သေနင်္ဂဗျူဟာကျခြင်းနှင့် အနာဂတ်တွင် အဓိက ဝင်ငွေရင်းမြစ်တခု ဖြစ်လာနိုင်ခြင်းတို့ကလည်း ပုံဖော်ပေးနေသည်။ အိန္ဒိယနိုင်ငံက ငွေကြေးစိုက်ထုတ်သော KMMTTP သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပလက်ဝတွင် အများအားဖြင့် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံနှင့် လုပ်အားလိုအပ်ချက်အရ ကြီးမားသော ရင်းနှီးမြှုပ်နှံမှု အများအပြား ဖြစ်လာသည်။
ထိုမြစ်ကမ်းမြို့ကို ထိန်းချုပ်နိုင်သည့် မည်သည့် နိုင်ငံရေး သို့မဟုတ် လုံခြုံရေးအဖွဲ့အစည်းမဆို တန်ဖိုးမြင့်မားသည့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းကို ထိန်းချုပ်နိုင်သောကြောင့် အခွန်ကောက်ခံခြင်းမှ အကျိုးခံစားရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ၎င်းတို့သည် အိန္ဒိယအပေါ်တွင်သာမက KMMTTP မှ ဝင်ငွေရယူရန် ကြိုးစားမည့် မြန်မာမှ မည်သည့် ဖက်ဒရယ်အစိုးရမဆိုကို သေနင်္ဂဗျူဟာအရ သြဇာလွှမ်းမိုးရန် လုပ်ဆောင်ရသည်။
AA နှင့် CAF တို့သည် ထိုပကတိအခြေအနေများကို ကောင်းစွာသိပြီး ထိုကြောင့်ပင် ပလက်ဝကို ထိန်းချုပ်ရန် အားပြိုင်ကြသည်။ ထိုသို့ သဘောထားကွဲလွဲခြင်းသည် နယူးဒေလီ၏ ကုလားတန် စီမံကိန်းနှင့် ပတ်သက်သည့် ဆက်ဆံရေး အနိမ့်အမြင့်ကို ပုံဖော်ပေးသောကြောင့် အိန္ဒိယအတွက် အရေးပါသည်။ အိန္ဒိယသည် တဖွဲ့တည်းနှင့်သာ ဆက်ဆံလျှင် အခြားတဖွဲ့သည် ချိုးနှိမ်ခံရသည်ဟု မြင်မည်ဖြစ်သည်။
ထို့ကြောင့် အိန္ဒိယသည် AA နှင့် ဆွေးနွေးနေသော်လည်း ယခုအချိန်တွင် CNF, ချင်းပြည်ကာကွယ်ရေးတပ်မတော် (CDF) နှင့် အသစ်ထူထောင်ထားသည့် ချင်းပြည်ကောင်စီမှ အခြား လူမှုနိုင်ငံရေးသမားများနှင့်လည်း ပိုမိုနီးကပ်သည့် ဆက်ဆံရေး ထူထောင်ထားရမည့်အချိန် ဖြစ်သည်။
အထူးသဖြင့် ပလက်ဝနှင့် ပတ်သက်သည့် ရှည်ကြာသော ချင်း-ရခိုင် ပွတ်တိုက်မှုသည် ရေရှည်တွင် မည်သူကိုမှ အကျိုးပြုမည် မဟုတ်ကြောင်း အိန္ဒိယက အသိအမှတ်ပြုရမည်။ ထို့ကြောင့် အိန္ဒိယအစိုးရသည် သက်ဆိုင်သူ အားလုံးအတွက် ညီမျှစွာအလုပ်ဖြစ်သော ချစ်ကြည်ရင်းနှီးသည့် မူလအခြေအနေ ဖြစ်စေရန် ၎င်း၏ သံတမန်ရေးစွမ်းအင်ကို ပြသပြီး နှစ်ဖက်လုံးအကြား ကြိုတင်စီစဉ် လက်ဦးမှုရယူ ကြားဝင်သင့်သည်။
အရေးကြီးသည်မှာ ထိုသို့သော ကြားဝင်စေ့စပ်ရန် အားထုတ်မှုများသည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက်သာမက နယ်စပ်တလျှောက်နေထိုင်သည့် ဒေသခံများ၊ အထူးသဖြင့် စစ်ကြောင့် နေရပ်စွန့်ခွာရသည့် လူမှုအသိုက်အဝန်းများ၏ ဘဝအဆင်ပြေမှု အခွင့်အရေးကို ပေးသင့်သည်။ စစ်ကောင်စီအလွန် NUG ၏ သဘောထားကို အလေးအနက် ဆွေးနွေးရန် အိန္ဒိယအစိုးရသည် NUG နှင့် လေးနက်သော ဆွေးနွေးမှုများ ပြုလုပ်ရန်လိုသည်။
ထိုအချက်များသည် အရှေ့ပိုင်းအိမ်နီးချင်းနှင့် ဆက်ဆံရေးသစ် ထူထောင်ရန်၊ ယခင် ချစ်ကြည်ရင်းနှီးမှု ပြန်လည်ထိန်းသိမ်းရန်၊ မြန်မာပြည်သူများကို ငြိမ်းချမ်းပြီး အားလုံးအကျုံးဝင်သည့် အနာဂတ်အတွက် ပံ့ပိုးရန်နှင့် မိမိအကျိုးစီးပွားကို ကာကွယ်ရန်အတွက် လက်တွေ့ကျသော နည်းလမ်းအချို့မျှသာ ဖြစ်သည်။
(The Diplomat ပါ Angshuman Choudhury ၏ Is India Finally Waking Up to a New Reality in Western Myanmar? ကို ဘာသာပြန်သည်။ Angshuman Choudhury သည် နယူးဒေလီအခြေစိုက် မူဝါဒသုတေသနဌာနမှ တွဲဖက်သုတေသီဖြစ်သည်။)
You may also like these stories:
အိန္ဒိယ အထက်လွှတ်တော်အဖွဲ့ ရက္ခိုင့်တပ်တော်နှင့် လာရောက်ဆွေးနွေး
စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား
တရုတ်၊ ထိုင်း၊ အိန္ဒိယတို့က စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေး
စစ်ကောင်စီနှင့် ဆက်ဆံရေးခိုင်မာစေရန် အိန္ဒိယက ဒီပါဝလီပွဲတော်ကို ခုတုံးလုပ်
အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်