လွန်ခဲ့သောနှစ် ရွေးကောက်ပွဲရာသီအတွင်း PM 2.5 (ရှူသွင်းမိလျှင် ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်သည့် သေးငယ်သော လေတွင်းအမှုန်များ) တိုက်ဖျက်ရေးသည် ထိုင်းနိုင်ငံမှ အဓိကကျသည့် ပါတီများအကြား လူကြိုက်အများဆုံး မူဝါဒ အာမခံချက်များအနက် တခုဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလတွင် အောက်လွှတ်တော်သည် ညွန့်ပေါင်းအစိုးရ၊ အတိုက်အခံနှင့် လူမှုအခြေပြု အဖွဲ့အစည်းများ အပါအဝင် အမျိုးမျိုးသော အင်အားစုများက လွှတ်တော်သို့ တင်သွင်းလာသည့် သန့်စင်သောလေ ဥပဒေကြမ်းမူ ၇ ခုလုံးကို အတည်ပြုခဲ့သည်။
တနိုင်ငံလုံးတွင် PM 2.5 မြင့်မားစေသည့် ပြည်တွင်း အကြောင်းရင်းများစွာ ရှိသော်လည်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယား စသော အိမ်နီးချင်းနိုင်ငံများမှ အပူချိန်ပြနေရာများသည်လည်း အခန်းကဏ္ဍတခုမှ ပါဝင်သည်။ အထက်ပါ ဥပဒေမူများအားလုံးတွင် တူညီသောအချက်မှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး တောင်းဆိုခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းသည် အဆိပ်အတောက်ဖြစ်စေသော မီးခိုးမြူတွင် မွန်းကျပ်နေသော်လည်း ထိုသို့ ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်းလင်းသောလမ်းကြောင်း အကောင်အထည် မပေါ်သေးပေ။
ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ တိုးတက်ရေးအေဂျင်စီ (GISTDA) ၏ အပူချိန်ပြနေရာများ သရုပ်ပြပုံ (ပုံ-၁) အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံသည် တနိုင်ငံလုံးတွင် အပူကွက်များ စုဝေးမှု အရေအတွက် အများဆုံးဖြစ်သော်လည်း လက်တွေ့တွင် အပူချိန်ပြနေရာများ တုန်လှုပ်စရာ ကောင်းလောက်အောင် များပြားလာနေသည့် နိုင်ငံမှာ မြန်မာဖြစ်သည်။
ယခုဆောင်းပါး ရေးသားနေချိန်တွင် မြန်မာ၌ ရှင်သန်လှုပ်ရှားနေသည့် အပူချိန်ပြနေရာ ၆ ထောင်ကျော်ရှိနေပြီး ကမ္ဘောဒီးယာ၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) လေးနိုင်ငံတွင် ထိပ်ဆုံးရောက်နေသည်။ ၂၀၂၃ ခုနှစ်တွင် စံချိန်တင်မြင့်မားသည့် PM 2.5 အဆင့်သည် ထိုင်းနိုင်ငံမြောက်ပိုင်းကို လေးလနီးပါး ဒုက္ခပေးခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်သည် ထိုပြဿနာကို မြန်မာ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးနှင့် ဆွေးနွေးသည်ဟု သတင်းများအရ သိရသည်။
တုံ့ပြန်သည့်အနေဖြင့် မြန်မာဝန်ကြီးက ထိုပြဿနာကို ဖြေရှင်းရေး နည်းလမ်းရှာရန် စိတ်အားထက်သန်ကြောင်း ပြောသော်လည်း လက်ရှိအချိန်အထိ ခိုင်ခိုင်မာမာ မည်သည့်အရာမှ မလုပ်သေးပေ။
ယခုဆောင်းပါး ရေးသားနေချိန်တွင် မြန်မာ၌ ရှင်သန်လှုပ်ရှားနေသည့် အပူချိန်ပြနေရာ ၆ ထောင်ကျော်ရှိနေပြီး ကမ္ဘောဒီးယာ၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) လေးနိုင်ငံတွင် ထိပ်ဆုံးရောက်နေသည်။
၎င်းတို့ အာဏာသိမ်း သက်တမ်းတလျှောက်လုံးတွင် ထိရောက်မှု မရှိသော စစ်ကောင်စီသည် နယ်စပ်ဖြတ်ကျော် ပြဿနာများ (မီးခိုးမြူ ပြဿနာတွင်သာမက သိသာမြင်သာသည့် ပြဿနာများဖြစ်သည့် မူးယစ်မှောင်ခိုခြင်း၊ လူကုန်ကူးခြင်း၊ ကူးစက်ရောဂါများနှင့် အခြား ပြဿနာများအထိ) တွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်ခြင်း မရှိသည့် အခြေအနေဖြစ်သောကြောင့် ထိုင်းနိုင်ငံသည် ထိုပြဿနာများကို တဖက်သတ် ကိုင်တွယ်ဖြေရှင်းရသည်။
ထို့အပြင် လွန်ခဲ့သော သုံးနှစ်အတွင်း နယ်မြေထိန်းချုပ်မှု အခြေအနေသည် သိသိသာသာ ပြောင်းလဲသွားခြင်းကို စဉ်းစားသုံးသပ်သောအခါ အမြဲတမ်း ထိရောက်မှု မရှိသည့် စစ်ကောင်စီထံမှ မည်သို့မှ လက်တွေ့ကျသည့် အစိုးရချင်း ဖြေရှင်းမှုများရရန် ကြိုးစားခြင်းသည် လက်တွေ့မကျကြောင်း ယခုဆောင်းပါးတွင် တင်ပြလိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် ထိုင်းနယ်စပ်အနီးတွင် ၎င်းတို့ ထိန်းချုပ်ဒေသများ ချဲ့ထွင်လာနိုင်ပြီး စစ်ကောင်စီကို အစားထိုးလိုက်သောကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ပြဿနာကို ဖြေရှင်းရန် EAOs များနှင့် ဖြစ်နိုင်ခြေရှိသော ထိတွေ့ဆက်ဆံမှုများ ပူးပေါင်းဆောင်ရွက်မှုများ ရှာဖွေခြင်းသည် ပိုမိုလက်တွေ့ကျနိုင်သည်။
ထိုအချက်ကို သရုပ်ဖော်ရန် (ပုံ-၂) တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖြစ်ပေါ်နေသည့် အပူချိန်ပြနေရာများကို ပြသထားသည်။ ထိုဒေသမှ အပူချိန်ပြနေရာများသည် ထိုင်းနိုင်ငံတွင် ညစ်ညမ်းမှုပြဿနာကို ပိုမိုဆိုးရွားစေသည့် အပူကွက်များဖြစ်သောကြောင့် ၎င်းတို့ကို ဖော်ပြခြင်းဖြစ်သည်။
ခြုံ၍ပြောရပါက ထို အပူချိန်ပြနေရာများသည် မြန်မာမှ ကျယ်ပြန့်သော ဒေသများကို ဖုံးလွှမ်းနေပြီး အချို့မှာ (မယ်ဆိုင်နှင့် ချင်းရိုင်အနီး) ရှမ်းပြည်နယ် တာချီလိတ်၊ (မဲဟောင်ဆောင်အနီး) ကရင်နီ ပြည်နယ်မှ မြို့နယ်အချို့ နှင့် (တာ့ခ်ခရိုင် မဲဆောက်အနီး) ကရင်ပြည်နယ် မြဝတီမှ ရွှေကုက္ကိုနှင့် အခြားမြို့နယ်များမှ အများအပြားကဲ့သို့ ထိုင်းနယ်စပ်နှင့် လွန်စွာ နီးကပ်နေသည်။
တချိန်တည်းတွင် အဓိက လက်နက်ကိုင်အင်အားစုများ သိမ်းပိုက်ထားသည့် နောက်ဆုံးအခြေအနေ မြေပုံကို လွတ်လပ်သော သတင်းသမား/သုတေသီ သောမတ်ဗန်လင်းက စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် သူ၏ X (ယခင် တွစ်တာ) လူမှုကွန်ရက်တွင် တင်ခဲ့သည်။ (ပုံ-၃) သည် နယ်စပ်ဒေသများကို မီးမောင်းထိုးပြသည့် ဖြတ်ပိုင်းပုံ အပြည်အဝကို ပြသပြီး ထိုနေရာများသည် (ပုံ-၂) မှ မြေပုံနှင့် လွန်စွာ ကိုက်ညီနေသည်။
မြန်မာကဲ့သို့သော ပဋိပက္ခဖြစ်ပွားနေသည့် အိမ်နီးချင်းမှလာသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူများကို လျှော့ချရန် ထိုင်းနိုင်ငံအတွက် အလားအလာရှိသော ဖြေရှင်းမှုမှာ EAOs များနှင့် ပိုမိုနီးကပ်စွာ လုပ်ဆောင်ရေးဖြစ်သည်။ ၎င်းတို့သည် ထိုနယ်စပ်များကို ထိန်းချုပ်ထားသူများဖြစ်ပြီး စစ်ကောင်စီတပ်များသည် ထိန်းချုပ်မှုများ မရှိတော့ပေ။
ထိုတိုင်းရင်းသား အုပ်စုများအနက် အချို့သည် သစ်တောနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းခြင်းဖြင့် ထိုင်းနိုင်ငံကို သွယ်ဝိုက် အကျိုးပြုသည့် နိုင်ငံတကာဆုရ ရာသီဥတုထိန်းချုပ်ရေး စီမံကိန်းများ အကောင်အထည် ဖော်ထားသည်ဆိုသည့်အချက်ကို အလေးထားရန် အရေးကြီးသည် (ပုံ-၄)။
၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က အကာအကွယ်ပေးထားသည့် လူမှုအသိုက်အဝန်း သစ်တောများနှင့် ဌာနေတိုင်းရင်းသားဒေသများ တဆက်တစပ်တည်း ဖွဲ့စည်းထားသည့် စတုရန်း ကီလိုမီတာ ၅,၄၀၀ ကျယ်သော ဂေဟစနစ် တည်ငြိမ်မှု ထိန်းသိမ်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အစီအစဉ် (SPP) ကို အီကွေတာဆု ချီးမြှင့်ခဲ့သည်။
၎င်းတို့ ဝက်ဘ်ဆိုက်၏ အဆိုအရ (SPP) ဌာနေလူမှု အသိုက်အဝန်းများသည် ၎င်းတို့၏ ထုံးတမ်းစဉ်လာ အလေ့အထများကို ပြန်လည် အသက်သွင်းရန်၊ ၎င်းတို့၏ အခွင့်အရေးများကို ခိုင်မာစေရန်နှင့် ၎င်းတို့၏ သဘာဝ သယံဇာတများကို ၎င်းတို့ စီမံရန် ဒေသခံဌာနေ လူမှုအသိုက်အဝန်းများကို အခွင့်အာဏာပေးအပ်ရန် ကြိုးစားသည့် လူမှုအသိုက်အဝန်းဦးဆောင် အစီအစဉ်တခုဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က အကာအကွယ်ပေးထားသည့် လူမှုအသိုက်အဝန်း သစ်တောများနှင့် ဌာနေတိုင်းရင်းသားဒေသများ တဆက်တစပ်တည်း ဖွဲ့စည်းထားသည့် စတုရန်း ကီလိုမီတာ ၅,၄၀၀ ကျယ်သော ဂေဟစနစ် တည်ငြိမ်မှု ထိန်းသိမ်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အစီအစဉ် (SPP) ကို အီကွေတာဆု ချီးမြှင့်ခဲ့သည်။
ထိုသို့ ဖြစ်စေရန်အတွက် ကရင်လူမှုအသိုက်အဝန်းများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူလေး သစ်တောဌာနတို့အကြား အားထုတ်မှုများ ချိန်ကိုက်နိုင်ရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေး ကော်မတီကို တည်ထောင်ခဲ့သည်။
SPP ကဲ့သို့သောကိစ္စတွင် ရေရှည်တည်တံ့သော စီမံခန့်ခွဲမှုကို အားပေးရန် (KNU) နှင့် ကရင် လူမှုအသိုက်အဝန်းများက ဖော်ထုတ်ထားသည့် ပူးတွဲသစ်တော စီမံခန့်ခွဲမှုကြောင့် ထိုအစီအစဉ်မှ လေ့လာထားသည့် အသိပညာနှင့် သင်ခန်းစာများကို ထိုင်းနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု မူဝါဒ ချမှတ်ရန်နှင့် ဒေသခံထိုင်းအစိုးရနှင့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် စီမံခန့်ခွဲရေးကော်မတီအကြား ပူးပေါင်းဆောင်ရွက်မှု အားပေးရာတွင် အသုံးချနိုင်သည်။
နောက်ဆုံးအချက်မှာ မြန်မာမှ ထိုင်းနိုင်ငံသို့ ရောက်လာသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအတွက် ရေရှည်တည်တံ့ပြီး ကျယ်ပြန့်သည့် အဖြေရှာရန် အက်ရှ်လေ ဆော့သ်၏ Conflict Complexity and Climate Change မှ အကြံပြုချက် အချို့ကို ထည့်သွင်းစဉ်းစား သုံးသပ်သင့်သည်။
နယ်စပ်တလျှောက်တွင် အထူးသဖြင့် ကရင်နှင့် ကရင်နီ ပြည်နယ်များတွင် အာဏာသိမ်းကာလအလွန် နိုင်ငံရေး/အုပ်ချုပ်ရေး အဖွဲ့အစည်းအချို့ ရှိနေသောကြောင့် ထိုင်းနိုင်ငံသည် မီးခိုးမြူ စီမံခန့်ခွဲရေး အပါအဝင် နယ်စပ်ဖြတ်ကျော် ပြဿနာများတွင် အလားအလာရှိပြီး လက်တွေ့ကျသည့် မိတ်ဘက်ရှာရန် ၎င်း၏နည်းလမ်းများကို ပြန်လည် ချိန်ညှိသင့်သည်။
အထူးသဖြင့် တိုင်းရင်းသား ထိန်းချုပ်ဒေသများတွင် ထိန်းချုပ်မှု ယန္တရားများ ဖော်ထုတ်နေသည့် သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံအုပ်ချုပ်သောသူများ နည်ပညာနှင့် ဘဏ္ဍာရေး အထောက်အကူ ပေးရန်နှင့် ချိန်ညှိရန်စွမ်းရည်များ ရှိနေသည့် ယခုကဲ့သို့သော အချိန်တွင် ထိုသို့ ပြန်လည်ချိန်ညှိရန် လိုအပ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Dr. Surachanee Sriyai ၏ Myanmar’s Ethnic Armies May Hold the Solution to Thailand’s Haze Problem ကို ဘာသာပြန်သည်။ ဒေါက်တာ ဆူရာချန်နီး ဆရီယိုင်သည် လက်ရှိအချိန်တွင် ISEAS Yusof-Ishak Institute တွင် ဧည့်သုတေသီ ဖြစ်သည်။ သူ၏ သုတေသနများတွင် ဒစ်ဂျစ်တယ် နိုင်ငံရေး၊ နိုင်ငံရေးဆက်သွယ်မှု၊ ခေတ်ပြိုင်နိုင်ငံရေးနှင့် ဒီမိုကရေစီ အသွင်ပြောင်းခြင်းတို့ ပါဝင်သည်။)
You may also like these stories:
ဌာနေတိုင်းရင်းသားများ၏ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်
စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်
ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်ရေးအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်က သော့ချက်