မြန်မာပြည် အရှေ့မြောက် သေနင်္ဂဗျူဟာကျသည့် လားရှိုးမြို့ကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က မိုင်းရယ်၊ နမ့်လန်နှင့် တန့်ယန်းမြို့တို့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် တန်ပြန် ထိုးစစ်ဆင်နွှဲရန် အပြင်းအထန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) သိမ်းယူထိန်းချုပ်နိုင်ခဲ့ပြီး တလခန့်အကြာ စက်တင်ဘာလဆန်းတွင် စစ်ကောင်စီတပ်က လားရှိုးမြို့ အရှေ့ဘက် မိုင် ၆၀ အကွာရှိ မိုင်းရယ်မြို့၌ ရမခကို ပြန်လည်ဖွဲ့စည်းကာ စစ်ရေးပြင်ဆင်ခဲ့သည်။
မိုင်းရယ်မြို့နှင့် ထိစပ်နေသည့် နမ့်လန်၊ တန့်ယန်းမြို့တို့သည် စစ်ကောင်စီတပ် ထိန်းချုပ်ထားဆဲဖြစ်ရာ ထိုမြို့ သုံးမြို့မှနေ၍ လားရှိုးမြို့သို့ ထိုးစစ်ဆင်ရန် လူအင်အား၊ လက်နက်ခဲယမ်းများ ဆက်တိုက်ဖြည့်တင်းနေကြောင်း မိုင်းရယ်မြို့ခံ အမျိုးသားတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ စစ်ကောင်စီက လ ချီနေပြီ။ အင်အားဖြည့်နေဆဲပဲ။ မိုင်းရယ်မှာ အဓိက လူအင်အားဖြည့်နေပေမယ့် နမ့်လန်၊ တန့်ယန်းမှာရော ဟောင်ဝစ်ဇာတွေ ခဲယမ်းတွေ ဖြည့်နေတယ်။ မိုင်းရယ်မှာတော့ စစ်တပ်နဲ့ ကိုးကန့်က အနီးကပ်ရှိပြီး စစ်ရေးတင်းမာနေတဲ့ အနေအထားရှိတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်ခဲယမ်းများ အဓိက ဖြည့်တင်းနေခြင်းဖြစ်ပြီး နိုင်ငံအနှံ့မှ စစ်မူထမ်းဥပဒေဖြင့် အတင်းအကျပ် စုဆောင်းခံထားရသော စစ်သင်တန်းဆင်း တပ်ဖွဲ့ဝင်အသစ်များလည်း ဆက်တိုက် ပို့ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။
အောက်တိုဘာ ၈ ရက်တွင် ရေတိုက်စား၍ ပြိုကျခဲ့သည့် ဆားတောတံတား တစင်းအား စစ်ကောင်စီတပ်က ညတွင်းချင်း ပြုပြင်ပြီး နမ့်လန်မြို့သို့ စစ်ကား ဆယ်စီးကျော်ဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။
မြေပြင်ထိုးစစ်များ မစသေးသော်လည်း စက်တင်ဘာလအတွင်း MNDAA လှုပ်ရှားရာနေရာများဟု ယူဆ၍ လားရှိုးမြို့နယ် နမ့်ပေါင်၊ နားနန်း၊ နောင်မွန်၊ လွိုင်လွမ့်၊ မယ်ဟန်၊ မန်အိုင်၊ မန်နား၊ ဟိုပိတ်ကျေးရွာများနှင့် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု ကောင်းမောင်၊ နမ့်တုံးကျေးရွာတို့အား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
MNDAA တပ်ဖွဲ့ဝင်များကလည်း လားရှိုးမြို့အား ကာကွယ်ရန် အဓိကကျသော နေရာအချို့၌ စစ်ရေးပြင်ဆင်ထားကြောင်း သိရသည်။
လားရှိုးသို့ စစ်ကောင်စီအတွက် နောက်ဆုံးဝင်ပေါက်မှာ တန့်ယန်း-မန်ပန်-နမ့်ပေါင်-လားရှိုးလမ်းပိုင်းဖြစ်ပြီး ထိုလမ်းပိုင်း တလျှောက်လုံးကို တန့်ယန်းအား ကာကွယ်ရန် သံလွင်မြစ်ကူး၍ ရောက်ရှိလာသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)က ထိန်းချုပ်ထားသည်။
UWSA သည် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ ခွင့်ပြုချက်ဖြင့် တန့်ယန်းသို့ ဝင်ရောက်လာခဲ့သလို လားရှိုးမြို့ကိုလည်း MNDAA သဘောတူညီမူဖြင့် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
မန်ပန်-နမ့်ပေါင် လမ်းပိုင်းတွင် မန်ပန်ဒေသသည် စစ်ကောင်စီ လက်အောက်ခံ မန်ပန်ပြည်သူ့စစ်များ အခြေစိုက်ထားပြီး လားရှိုးနှင့် ၂၅ မိုင်ခန့်သာရှိသည့် နမ့်ပေါင်တွင် MNDAA က တပ်စွဲထားရာ ထိုလမ်းပိုင်းသည် စစ်ကောင်စီအတွက် မြေပြင်ထိုးစစ် အသာစီးရရှိနိုင်သော်လည်း UWSA ၏ ကူညီမူ အပြည့်အ၀ လိုအပ်နေခြင်းကြောင့် UWSA သည် အရေးပါလာကြောင်း မြေပြင်စစ်ရေးအခြေနေ သိရှိသူ လားရှိုးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ ၀ တပ်တွေ ဘာလုပ်မလဲ။ ၀ တပ်က ကူလိုက်ရင် လားရှိုးထိုးစစ်မှာ စကစအတွက် အခွင့်ကောင်းပဲ မြန်နိုင်တယ်။ ၀ တပ်က မကူရင်တော့ စကစက နမ့်ပေါင်ကိုတောင် ရောက်နိုင်မယ် မထင်ဘူး။၀ တပ် သဘောထားက လားရှိုးအတွက် အရေးကြီးတယ် “ ဟု ပြောသည်။
လားရှိုးတိုက်ပွဲအတွင်း ဩဂုတ်လဆန်းတွင် စစ်ကောင်စီတပ်က မန်ပန်-နမ့်ပေါင် လမ်းပိုင်းဖြင့် စစ်ကူယာဉ်တန်းများ စေလွှတ်ခဲ့သော်လည်း UWSA တပ်က ကူညီခဲ့ခြင်းမရှိသောကြောင့် စစ်ကြောင်းများ နမ့်ပေါင်သို့ မရောက်ရှိခဲ့ဘဲ ပိန်းချိုကျေးရွာအနီးတွင် MNDAA၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။
လတ်တလော မန်ပန်-နမ့်ပေါင် လမ်းပိုင်းတွင် UWSA တပ်များ အင်အားတိုးချဲ့ချထားသလို စစ်ဆေးရေးဂိတ်များလည်း ရှိနေခြင်းကြောင့် MNDAA အနေဖြင့် ထိုလမ်းပိုင်းအား စိုးမိုးထိန်းချုပ်ရန် ခက်ခဲနေပြီး စစ်ဆေးရေးဂိတ်များတွင်လည်း မြေပြင်နှစ်ဖက်တပ်ဖွဲ့ဝင်များ လမ်းအသုံးပြုမှုနှင့် ပတ်သက်၍ တင်းမာမှုအချို့ရှိနေကြောင်း အထက်ပါလမ်းကြောင်း မြေပြင်အခြေအနေသိရှိသူက ဆိုသည်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက တရုတ်သည် လားရှိုးမြို့အား MNDAA သိမ်းပိုက်ခြင်းအပေါ် အသိအမှတ် မပြုကြောင်း၊ လားရှိုးမြို့အား စစ်ကောင်စီထံ လက်လွှဲပေးပြီးမှသာ ကိုးကန့်ဒေသအား ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျော့ပေးမည်ဖြစ်ကြောင်း ပေါက်ကြားခဲ့သည့် “ဝ“ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
တရုတ်၏ ဖိအားပြင်းထန်နေသော်လည်း MNDAAမှ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ဆက်လက် ကိုင်စွဲထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားရာ လားရှိုးမြို့၌ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသလို စစ်ကောင်စီ၏ ထိုးစစ်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
You may also like these stories:
စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
လားရှိုးဝင်ပေါက် ခလရ ၆၈ ကို MNDAA သိမ်း
တိုက်ပွဲပြင်းထန်လာ၍ လားရှိုးကို မြို့ခံတို့ စွန့်ခွာ
လားရှိုးစစ်ဆေးရုံနှင့် ဗဟိုကင်း MNDAA စီးနင်း၊ စစ်သားတို့ လက်နက်ချ
ရမခ တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းက အဆုံးသတ်တိုက်ပွဲရဲ့ အစလား














