ဇင်းမယ်သည် ထိုင်း (ယိုးဒယား) နိုင်ငံ မြောက်ပိုင်းရှိ မြို့ကြီး တမြို့ ဖြစ်၍ မြန်မာနိုင်ငံ ပြည်မြို့ အရှေ့စူးစူး လောင်ဂျီတွဒ် ၉၉ ဒီဂရီ ၌ မျဉ်းတပြေးတည်း တည်ရှိသည်။
မြန်မာနိုင်ငံ နယ်စပ် အရှေ့ဘက် မိုင် ၈၀ အကွာတွင် တည်ရှိ၍ ထိုင်း အခေါ်ဖြင့် ချီအန်းမိုင်း ဟု တွင်လေသည်။
ဇင်းမယ်သည် ယခုအခါ ထိုင်း (ယိုးဒယား) နိုင်ငံ၏ မြို့ကြီး တမြို့ ဖြစ်နေသော်လည်း ရှေးအခါကမူ ကိုယ့်မင်း ကိုယ့်ချင်း နှင့် လွတ်လပ်သော ပြည်နယ်ကလေး တခု ဖြစ်၍ လာအို လူမျိုးတို့၏ ဒေသ ဖြစ်၏။
ဇင်းမယ်ကို ခရစ် ၁၂၉၆ ခုနှစ်တွင် ဘုရင် မိုင်းရဲက စတင် တည်ထောင်ခဲ့သည်။
မြန်မာ ဘုရင်များ လက်ထက်က ဇင်းမယ်ကို တိုက်ခိုက် သိမ်းသွင်း၍ လက်အောက်ခံ ပြည်နယ် အဖြစ် ထားခဲ့ဖူးသည်။ ဇင်းမယ် ပုန်ကန်သဖြင့် သွားရောက် နှိမ်နင်းခဲ့ရသည်လည်း ရှိသည်။
ထို့ပြင် ဇင်းမယ်သည် ယိုးဒယားမင်း လက်အောက်သို့ ကျရောက်ခဲ့သည့် အခါလည်း ရှိခဲ့လေသည်။
ဇင်းမယ် မြို့ဟောင်းသည် စတုရန်းမိုင် ၄ မိုင်မျှ ကျယ်ဝန်း၏။ ပျက်စီး ယိုယွင်းနေသော မြို့ရိုးကြီးများ ရံလျက် ယနေ့တိုင် တွေ့နိုင်သေးသည်။
သို့သော် ဇင်းမယ်မြို့သည် မြို့ရိုး အပြင်ဘက်သို့ ရောက်အောင် တိုးတက် စည်ကားလာခဲ့ရာ၊ စီးပွားရေး ရပ်ကွက်ပင် မြို့ရိုး အပြင်ဘက်တွင် ရောက်ရှိနေပေတော့သည်။
ဇင်းမယ်မြို့သည် ကျွန်းသစ် ကုန်ကူးရာ ဌာနအဖြစ် ဖြင့်လည်း အရေးပါသည်။ ဇင်းမယ်မြို့မှ လမ်းကြီးလမ်းငယ် အသွယ်သွယ် တို့ ဖြာထွက်လျက် ရှိသဖြင့် ရှေးအခါက စ၍ တရုတ်၊ မြန်မာ၊ ယိုးဒယား၊ ရှမ်းကုန်သည်တို့ ဆုံရာ ဗဟိုဌာန ဖြစ်ခဲ့သည်။
ဇင်းမယ်မြို့သည် မဲနမ်မြစ်၏ မြစ်လက်တက် လေးခုအနက် တခုဖြစ်သော မဲပင်မြစ်ပေါ်တွင် တည်ရှိသည်။
ဘန်ကောက် မြို့တော်မှ လာသော ၄၆၇ မိုင် ရှည်သည့် မီးရထား လမ်းဆုံး မြို့ဖြစ်၍၊ ရှမ်းပြည်နယ်ကို ယိုးဒယား နိုင်ငံ မြောက်ပိုင်းနှင့် ဆက်သွယ်သော ကုန်းလမ်း ဆုံရာ ဌာနလည်း ဖြစ်သည်။
ဇင်းမယ် မြို့သည် ထိုင်းနိုင်ငံ၏ အနောက်မြောက်ပိုင်း ဖြစ်သော ဇင်းမယ် ပြည်နယ်၏ တိုင်းမင်းကြီး ရုံးစိုက်ရာ မြို့ဖြစ်သည်။
ဇင်းမယ် ပြည်နယ်သည် စတုရန်း မိုင်ပေါင်း ၈၈၃၉ မိုင် ရှိ၍၊ လူဦးရေ ၅၅၀၀၀၀ ယောက်ခန့် (၅ သိန်း ခွဲ ခန့်) ရှိသည်။
သစ်တော ထူထပ်သော တောင်ကြီးများဖြင့် ဝန်းရံလျက်ရှိသည့် ဇင်းမယ်မြို့ တည်ရာ ချိုင့်ဝှမ်းဒေသမှာ မြေသြဇာ အတန် ကောင်း၏။ ဆန် စပါးသည် အဓိက သီးနှံ ဖြစ်၍ အခြား သီးနှံများမှာ ပဲ၊ ဆေး နှင့် ဝါဂွမ်း ဖြစ်သည်။
ဇင်းမယ်တွင် နေထိုင်သူများမှာ လာအို၊ ယိုးဒယား၊ တရုတ် နှင့် ရှမ်းတို့ ဖြစ်သည်။ ယခုအခါ လာအို နှင့် ယိုးဒယား တို့မှာ ကွဲပြားခြားနားမှု မရှိသလောက်ပင် ဖြစ်၏။
ဥရောပ တိုက်သား အချို့တို့သည်လည်း သစ်လုပ်ငန်း၊ သာသနာပြု လုပ်ငန်း၊ သံအဖွဲ့ ဥပဒေ ဆိုင်ရာ လုပ်ငန်း စသည်တို့ အတွက် နေထိုင်လျက် ရှိကြသည်။

ဇင်းမယ်နှင့် မြန်မာနိုင်ငံ ဆက်သွယ်ခဲ့ပုံကား ပုဂံခေတ် အနော်ရထာမင်းစော သည် ဇင်းမယ် တဝိုက်ကို တိုက်ခိုက် သိမ်းယူခဲ့ဖူးသည် ဆို၏။
ထိုနောက် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် လက်ထက် ဒုတိယ မြန်မာနိုင်ငံတော်ကို စည်းရုံးရာ၌ ဇင်းမယ်ကို အောင်မြင်၍ မြန်မာ တပ်များအား အစောင့်အနေ ထားခဲ့ဖူးသည်။
ဇင်းမယ်မှ ပညာသည်တို့ကို ခေါ်ယူခဲ့၍ ဟံသာဝတီမှာ အကွက်အရပ် ချပေးနေစေသည်။ ထိုအချိန်မှ စ၍ ယွန်းထည် အလုပ် တတ်ကျွမ်းသူတို့ ရောက်လာဟန် ရှိသည်ဟု နိုင်ငံသမိုင်း ဆရာတို့က ယူဆကြသည်။
ဘုရင့်နောင် လက်ထက်၌ပင် ဇင်းမယ်နှင့် နီးစပ်ရာ ဒေသများမှာ မငြိမ်မသက် ရှိ၍ အကြိမ်ကြိမ် သွားရောက် နှိမ်နင်း ခဲ့ရသည်။
မြန်မာ ဘုရင်များ လက်ထက်တွင် အစဉ်အလာအားဖြင့် ဇင်းမယ်၌ အမြဲတစေ အထောက်တော်များ ထားရှိခဲ့သည်။
သက္ကရာဇ် ၉၂၆ ခုနှစ် (ခရစ် ၁၅၆၄ ခုနှစ်) တွင် ဇင်းမယ် သောင်းကျန်း၍ ချီတက် တိုက်ခိုက်ရပြီးလျှင် မဟာဒေဝီကို မင်းပြုစေခဲ့သည်။
၉၄၀ ပြည့်နှစ်တွင် မဟာဒေဝီ လွန်သဖြင့် ဘုရင့်နောင်သည် သားတော် နော်ရထာစော အား ဇင်းမယ်ကို ပေးတော်မူသည်။
ညောင်ရမ်း ဆက် ပြည်မင်း လက်ထက် သက္ကရာဇ် ၁၀၂၄ ခုနှစ်တွင် ဇင်းမယ်ကို ယိုးဒယားတို့က တဖန် တိုက်ခိုက် သိမ်းပိုက်သဖြင့် မြန်မာတို့ ချီတက်ခဲ့ကြပြန်ရာ ယိုးဒယားတို့က စီးမိပြန်သဖြင့် တပ်တော်များ ဆုတ်ခွာခဲ့ရသည်။
၁၀၂၆ ခုနှစ်၌ ယိုးဒယားတို့ ဇင်းမယ်တွင် မနေနိုင်၍ ဆုတ်ခွာသော အခါတွင်မှ ဇင်းမယ်ကို မြန်မာတို့ ပြန်ရသည်။
ဘိုးတော်ဘုရား လက်ထက် သက္ကရာဇ် ၁၁၅၉ ခုနှစ် (ခရစ် ၁၇၉၇ ခုနှစ်) တွင် လကွန်းစား ကာဝီလ သည် ဇင်းမယ်သို့ ဝင်၍ မြို့ပြသစ် တည်ထောင်နေသည်နှင့် တပ်တော်များ စေလွှတ် ရပြန်ရာ ယိုးဒယား တို့က ဇင်းမယ်ဘက်မှ ကူသဖြင့် အရေး မလှချေ။
ဘိုးတော်ဘုရား လက်ထက်တွင် ယိုးဒယားသို့ အကြိမ်ကြိမ် ချီတက် လုပ်ကြံခဲ့သော်လည်း ဇင်းမယ် အပါအဝင် ယိုးဒယား ပြည်သားတို့သည် မြန်မာ လွှမ်းမိုးမှုမှ အပြီးတိုင် လွတ်မြောက်လိုသည် တကြောင်း၊ အနောက် နိုင်ငံသားတို့နှင့် ပေါင်းသင်း မိ၍ လက်နက် ခဲယမ်းများ ကောင်းစွာရရှိကြသည် တကြောင်း၊ မြန်မာတို့၏ စီမံခန့်ခွဲမှု ပေါ့လျော့သည်ကြောင့် တကြောင်း၊ မြန်မာတို့ စစ်ရေး ရှုံးခဲ့သည်ဟု ဆိုသည်။
ယင်း အချိန်မှ စ၍ ဇင်းမယ်သည် ယိုးဒယား နိုင်ငံ၏ အစိတ်အပိုင်း တခု ဖြစ်ခဲ့သည်။
ထိုနောက် ခရစ် ၁၈၆၇ ခုနှစ်တွင် အမေရိကန် ပရက်ဇဗီးတီးယန်း သာသနာပြု အဖွဲ့သည် ဇင်းမယ်သို့ စတင် ရောက်ရှိ လာပြီးလျှင် ကောလိပ်၊ ဆေးရုံ၊ ကုဠနူနာရုံ စသည်တို့ကို တည်ထောင်ခဲ့သည်။ ဗရင်ဂျီ ဂိုဏ်းကလည်း စာသင်ကျောင်း ၂ ကျောင်း တည်ထောင် ထားခဲ့လေသည်။
ဗြိတိသျှ ကုမ္ပဏီကြီး နှစ်ခုသည် ဇင်းမယ်တွင် သစ်လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည်။
ဇင်းမယ်ရှိ ဘုရားစေတီ တို့၏ ပုံသဏ္ဌာန်မှာ မြန်မာ ဘုရားစေတီတို့၏ ပုံသဏ္ဌာန်နှင့် တူကြသည်။
ယွန်းထည် လုပ်ငန်းသည် အထူး ကြီးကျယ်သော လုပ်ငန်းတခု ဖြစ်၍ မြန်မာတို့ ကဲ့သို့ပင် ကွန်းအစ်၊ သပိတ်၊ သေတ္တာ၊ ဗျပ် စသည် တို့ကို ပြုလုပ်သည်။
ထိုလုပ်ငန်းများ အပြင် ပိုးထည် အများအပြားကိုလည်း ဇင်းမယ်တွင် ရက်လုပ်ကြသည်။ ဇင်းမယ် လုံချည်မှာ မြန်မာ အမျိုးသမီး လောကတွင် ယခုထက်တိုင် ခေတ်စားလျက် ရှိသည်။
ကြေးဖြင့် လုပ်သော ဟင်္သာရုပ်၊ ခြင်္သေ့ရုပ် စသည့် အလေး တို့ကိုလည်း ပြုလုပ် ရောင်းချကြလေသည်။ ။
မှတ်ချက်။ ။ “ဇင်းမယ်” ကို ယခုအခါ “ချင်းမိုင်” ဟု သုံးနှုန်းနေပါသည်။
(ဤ ဆောင်းပါးစာစုကို စာပေဗိမာန်က ၁၉၆၀ ပြည့်နှစ်တွင် ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း အတွဲ – ၄ ပထမ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)














