ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ရှိ စကြာမင်းတိုင်းရင်းဆေးစက်ရုံ၌ လစဉ်သုံးပစ္စည်း စွန့်ပစ်မှုနှင့် ပတ်သက် ၍ အမျိုးသမီးဝန်ထမ်းများအပေါ် ကာယအိန္ဒြေပျက်လောက်အောင် မဖွယ်မရာစစ်ဆေးခဲ့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ ယမန်နေ့က လာရောက်စစ်ဆေးခဲ့ကြောင်း အလုပ်သမားများထံက သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၂၄ ရက်က စက်ရုံအမှိုက်ပုံး၌ လစဉ်သုံးပစ္စည်း စွန့်ပစ်သဖြင့် အမျိုးသမီးအလုပ်သမား ၄၀ ကျော်ကို CCTV တပ်ထားသော နေရာ၌ ဓမ္မတာလာမလာ တဦးချင်း လုံခြည်လှန်၍ စက်ရုံမှ တာဝန်ရှိ အမျိုးသမီးတဦးက ကာယအိန္ဒြေပျက်သည့်အထိ စစ်ဆေးမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ အရေးယူပေးစေလိုကြောင်း တောင်းဆိုသည့် သတင်းဖော်ပြပြီး နောက် ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း အလုပ်သမားများက ပြောသည်။
“ရဲတွေလာပြီး စုံစမ်းစစ်ဆေးတယ်ဆိုတာက ပါးစပ်ပိတ်တာလို့ မြင်တယ်၊ အမှန်တရားအတွက်ပြောဖို့ ကာယကံရှင်တွေမှာ အခွင့်သာမနေဘူး။ လက်ရှိလုပ်ငန်းခွင်က အမျိုးသမီးတွေမှာလည်း အခွင့်သာမနေဘူး။ ဒီလိုလက်နက်ကိုင်တွေက သူတို့နဲ့ မသက်ဆိုင်တဲ့နေရာတွေကို ဝင်ရောက်လာတဲ့အတွက် ပါးစပ်လာပိတ်တယ်လို့ပဲယူဆတယ်”ဟု စက်ရုံအမျိုးသမီး အလုပ်သမားတဦးက ပြောသည်။
စက်ရုံရှိ သန့်စင်ခန်းများတွင် အမှိုက်ပုံးပေးထားခြင်းမရှိဘဲ ဓမ္မတာလာသည့်အခါ သုံးရသည့် အမျိုးသမီးလစဉ်သုံးများ ကို အိတ်ဖြင့်ထုပ်ကာ အိမ်ပြန်သယ်သွားရန် သတ်မှတ်ထားကြောင်း၊ ဝန်ထမ်းအသစ်အမျိုးသမီးတဦးက လစဉ်သုံး ပစ္စည်းကို အမှိုက်ပစ်မိရာမှ လုံချည်များလှန်၍ စစ်ဆေးခံခဲ့ရခြင်းဖြစ်ရာ အလုပ်သမားများက မကျေနပ်ကြဘဲ ထိထိရောက်ရောက် အရေးယူပေးရန် မျှော်လင့်နေကြကြောင်း ပြောသည်။
“ လာစစ်တယ်ဆိုပေမယ့် စက်ရုံမှူး ရွေးပေးတဲ့ အလုပ်သမားတွေကိုပဲ ရဲတွေမေးတာတွေ ဖြေခိုင်းတယ်။ စက်ရုံမှူး ရှေ့မှာပဲ စစ်တာ။ ရဲတွေက တယောက်ချင်းစီ စစ်တယ်၊ ဖြေခိုင်းတယ်။ မန်နေဂျာရယ်၊ Supervisor ရယ်၊ ရာသီလာတယ်ဆိုတဲ့ ၃ယောက်ရယ်။ ၃ ယောက်ထဲက တယောက်က အလုပ် မလာတော့ဘူး ၊ နှစ်ယောက်ပဲ စစ်တယ်” ဟု စက်ရုံ အလုပ်သမားတဦးက ပြောသည်။
မြန်မာနိုင်ငံအထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် (FGWM) က အမျိုးသမီးလုပ်သားများအပေါ် ချိုးဖောက် ကျူးလွန်ခြင်းနှင့် ပတ်သက်၍ ရှုတ်ချပြီး စက်ရုံဘက်မှ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဆိုသည်။
FGWM မှ အမျိုးသမီးကော်မတီတာဝန်ခံ မခင်သန္တာမိုးက “အမှန်တကယ် ဒီအမှိုက်ပုံးတွေ အစီအမံတွေကို သူတို့လုပ်ပေး ထားရမှာ၊ အဲဒါကို သူတို့အရင်ပျက်ကွက်တာဖြစ်တယ်။ ကျမတို့က ဒီစကြာမင်းစက်ရုံက အမျိုးသမီးတွေတင် မကဘူး။ လုပ်ငန်းခွင်တိုင်းက အမျိုးသမီးတွေအတွက်လည်း ဒီလိုဖြစ်စဉ်တွေ မဖြစ်ဖို့ တတ်နိုင်တဲ့ဘက်ကနေ ဟန့် တားတာပဲဖြစ်ဖြစ် ဖိအားပေးတာတွေ ဆက်လုပ်သွားဖို့ရှိတယ်။ ဒါတွေက လုံးဝ လက်ခံလို့မရတဲ့ အခြေ အနေဖြစ်တယ်။ ဒီလိုခွဲခြားဆက်ဆံတာတွေ အနိုင်ကျင့်ဗိုလ်ကျတာတွေကို အာဏာရှင် အမြစ်ပြတ်ရေးလုပ်နေတဲ့အချိန်မှာ ဒီလိုဆိုးဆိုးရွားရွားချိုးဖောက်တာတွေက လက်ခံလို့ မရတဲ့ဟာတွေပါ” ဟု ပြောသည်။
အဆိုပါစက်ရုံတွင် အလုပ်သမားရေးရာဌာနမရှိဘဲ ဆေးရောင်းသည့် လူမှုကွန်ရက်စာမျက်နှာကို ကြီးကြပ်သူ Page Admin သာရှိပြီး စက်ရုံမှူး အမျိုးသမီးကသာ စီမံခန့်ခွဲခြင်းဖြစ်ကြောင်း၊ ရဲများ လာရောက်စစ်ဆေးသော်လည်း လက်ရှိအချိန်ထိ စက်ရုံတာဝန်ရှိသူများအပေါ် တစုံတရာ အမှုဖွင့်အရေးယူခြင်း မရှိသလို စကြာမင်းဆေးရောင်းသည့် လူမှုကွန်ရက်စာမျက်နှာကိုလည်း ရှာမတွေ့တော့ပေ။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံနှင့် စက်ရုံပိုင်ရှင်ထံ ဖြေရှင်းပေးရန် စာပို့ထားပြီး မဟာမိတ်အဖွဲ့များနှင့် တိုင်ပင်ကာ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
စကြာမင်းတိုင်းရင်းဆေးစက်ရုံသည် ကြီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေးစသည်တို့ကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေခြင်းဖြစ်ပြီး ရန်ကုန်မြောက်ဥက္ကလာမြို့နယ်တွင်လည်း ဆေးကုခန်းဖွင့်လှစ်ထားကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံပိုင်ရှင်ထံ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
You may also like these stories:
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ
Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း
ရန်ကုန်နှင့် မန္တလေး၌ အလုပ်သမားစာရင်းများ တောင်းယူနေ
ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်