သတင်းထောက်အမျိုးသမီးများ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရသည့် ဆောင်းပါးတပုဒ်ကို မြေလတ်အသံသတင်းဌာနက ဇန်နဝါရီ ၂၅ ရက်တွင် ဖော်ပြခဲ့ပြီးနောက် ထိုသို့သောြဖစ်ရပ်များ သတင်းမီဒီယာလုပ်ငန်း အပါအဝင် အဖွဲ့အစည်းတချို့နှင့် တခြားသောနယ်ပယ် လုပ်ငန်းခွင်များ၌လည်း ဖြစ်ပေါ်လျက်ရှိကြောင်း ကျယ်ကျယ် ပြန့်ပြန့် ပြောဆိုဆွေးနွေးမှုများ ထွက်ပေါ်လာခဲ့သည်။
လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများ ဘာကြောင့် ဖြစ်ပေါ်နေရသနည်း၊ ထိုသို့ဖြစ်ပေါ်လာပါက ကျူးလွန်သူအား မည်သို့အပြစ်ပေးအရေးယူသင့်သနည်း၊ ကြိုတင်ကာကွယ်မှုပိုင်းဆိုင်ရာ ဘာတွေလုပ်ထားဖို့လိုမလဲ စသည့် အခြေအနေများနှင့် ပတ်သက်၍ လွတ်လပ်သောသတင်းမီဒီယာများမှ အယ်ဒီတာများကို ဧရာဝတီက မေးမြန်းထားသည်။
နန်းဖော့ဂေ (KIC သတင်းဌာန အယ်ဒီတာချုပ်)
အဓိကက ကိုယ်အလုပ်လုပ်တဲ့ သက်ဆိုင်ရာသတင်းမီဒီယာတိုက်တွေမှာ Gender နဲ့ ပတ်သက်တဲ့ အထူးသဖြင့် HR ပေါ်လစီထဲမှာ ဒီအပိုင်းတွေ ပါဝင်သလား။ အလုပ်ရှင်၊ အလုပ်သမားကဏ္ဍတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတဲ့ နေရာမှာလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေကို ကြိုပြီးလေ့လာထားရင်ကောင်းတယ်။ တချို့တလေက ဘာမှမသိလိုက် ဘဲနဲ့ ကြုံဆုံနေရတာတွေရှိတယ်။ ဖြစ်တော့မှမဟုတ်ဘဲ မဖြစ်ခင်မှာလည်း ကိုယ်အလုပ်လုပ်မယ့် သတင်းတိုက်မှာ သက်ဆိုင်ရာပေါ်လစီ ဘယ်လိုရှိမလဲဆိုတာ နည်းနည်းလေ့လာပြီးလုပ်တာ ပိုကောင်းတာပေါ့။ တကယ်လို့ ကြုံဆုံရတဲ့ အခါမှာ တခြားချိုးဖောက်မှုတွေမရှိတဲ့ တိုက်တွေမှာပါသွားပြီး စောင့်ကြည့်ခံရတာတွေ ဖြစ်လာတဲ့အခါကျ အားလုံးက မလွတ်မလပ်တွေ ဖြစ်သွားတာပေါ့။ ဒီလိုကာလကြီးမှာ သတင်းဌာနတွေ အားလုံးကတော့ မူဝါဒတွေ ပြည့်ပြည့်စုံစုံ ရှိချင်မှရှိမှာပေါ့။ ဒီလိုအကြောင်းအရာတွေက သင်ခန်းစာယူရမယ့် အဖြစ်အပျက်တွေပေါ့။
အထူးသဖြင့် အကြမ်းဖက်မှုတွေက အမျိုးသားကနေ အမျိုးသမီးအပေါ်ဖြစ်စေ၊ အမျိုးသားအချင်းချင်းဖြစ်စေ၊ အမျိုး သမီးအချင်းချင်းဖြစ်စေ မရှိဖို့လိုတာပေါ့။ အဓိကက လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းအကောင်အထည်ဖော်မှု ချောမွေ့ ဖို့ရယ်၊ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်လေးစားမှုအပြည့်နဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ ယူဆတယ်။

တခါတလေ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိတယ်။ တဖက်သားမကြိုက်တဲ့စကားတွေ၊ တဖက်သားမကြိုက်တဲ့အပြုအမူတွေ လုပ်ဆောင်တာက ရုပ်ပိုင်းဆိုင်ရာ မထိခိုက်စေဘူးဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ မနှစ်မြို့ဘူးဆိုရင် ဒါဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပဲ။ ချက်ချင်းတုံ့ပြန်သင့်တယ်။ ကိုယ်မကြိုက်ရင် မကြိုက်ဘူးဆိုတာမျိုး။ ဘာဖြစ်လို့လဲဆို လူ့အခွင့်အရေးထဲမှာက ကိုယ်မကြိုက်တဲ့အရာကို လုပ်ဆောင်တယ်၊ ကျူးလွန် တယ်ဆိုရင် ဒါလည်း ချိုးဖောက်မှုတခုပဲလေ။ အဲဒီအနေအထားမျိုးတွေလည်း သတင်းခန်းထဲ ဦးဆောင်တဲ့သူတွေရော၊ သတင်းဌာန ဦးဆောင်သူတွေရော၊ လိုက်ပါဆောင်ရွက်သူတွေပါ နားလည်ထားဖို့လိုအပ်တယ်။ ကိုယ့်အခွင့်အရေးကို လုပ်ငန်းပေါ်မှာမူတည်ပြီး ပြောဆိုတာမျိုးပဲဖြစ်သင့်ပြီး လူမှုရေးပိုင်းဆိုင်ရာတွေနဲ့ကတော့ လုပ်ငန်းပိုင်းနဲ့ ရောထွေးပြီး မပါဝင်သွားစေချင်ဘူး။
ကိုယ့်ဌာနတခုချင်းစီမှာဖြစ်နေတဲ့ ကျား၊ မ ဆိုင်ရာ အကြမ်းဖက်မှုဆိုတာတွေက မဖြစ်သင့်တဲ့အရာတွေ။ အထူးသဖြင့် မီဒီယာလုပ်ငန်းခွင်ထဲမှာ အားလုံးက အများပြည်သူကို သတင်းအချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးတယ်။ ပညာပေး တွေ လုပ်နေတဲ့အလုပ်ကို ထမ်းဆောင်နေသူတွေက လုပ်ဖော်ကိုင်ဖက်အချင်းချင်း ချိုးဖောက်တဲ့၊ ကျူးလွန်တဲ့ အပိုင်း တွေက မရှိသင့်ဘူး။ တကယ်လို့ ဖြစ်ခဲ့တဲ့အခါကျရင်လည်း ရှေ့ဆက်မဖြစ်ဘဲ သတိထားပြီးဆင်ခြင်ဖို့ ပြောချင်တယ်။
ဒေါ်တင်တင်ညို (မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ အကြံပေး)
အခုနောက်ပိုင်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေ၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားတာတွေ၊ ကာအိန္ဒြေထိပါး နှောင့်ယှက်တာတွေ အဲဒါတွေက တော်တော်များများ မီဒီယာတွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းခွင်တွေမှာ ပိုပြီး ဒီအဖြစ် အပျက်တွေကို ပြောလာကြတာရှိတော့ တဖက်မှာ ပြောခွင့်ရလာတာရယ်၊ တဖက်မှာက ဒီလိုမျိုးကိစ္စရပ်တွေ ဖြစ်လာပြီ ဆိုရင် ကာကွယ်ပေးနိုင်မယ့်စီမံချက်တွေ၊ မူဝါဒတွေကအစ ရှိလာတာတွေပေါ့။ တကယ်တမ်းကျ ဒီလိုကိစ္စရပ်တွေက လုပ်ငန်းခွင်တိုင်းမှာဖြစ်တယ်။ ဖြစ်လည်းဖြစ်ခဲ့တယ်။ ဖြစ်လည်းဖြစ်နေဆဲပဲ။ ဒါပေမယ့် တော်တော်များများက ဒီကိစ္စ တွေကို တိုင်ကြားရကောင်းမှန်းမသိတာရယ်၊ ဘယ်နေရာကိုတိုင်ရမှန်းမသိတာ၊ ပြီးတော့ တိုင်လိုက်တဲ့အချိန်မှာလည်း အရေးယူဆောင်ရွက်မှုတွေက တရားမျှတမှုရရှိနိုင်တဲ့ အနေအထားမျိုး မဖြစ်သွားမှာရယ်၊ တဖက်မှာလည်း အလုပ် ပြုတ်မှာကြောက်တာရယ်၊ ကိုယ့်ရဲ့အနာဂတ်အတွက်ပါ ထိခိုက်နစ်နာနိုင်တယ်ဆိုတဲ့ စဉ်စားချက်တွေနဲ့ မပြောကြဘူး။ ဆိတ်ဆိတ်ပဲနေလိုက်ကြမယ်ဆိုတဲ့ အနေအထားတွေက ရှိခဲ့တယ်။
ဒီကိစ္စမျိုးကို ကြည့်လိုက်မယ်ဆိုရင် လုပ်ငန်းခွင်တွေမှာ ရာထူးကြီးတဲ့လူတွေ၊ ငွေရှင်ကြေးရှင်တွေ၊ စီနီယာတွေ အဲဒီလို မျိုးလူတွေကနေ လက်အောက်ငယ်သားတွေကို နိုင်ထက်စီးနင်းပြုမှုတခုဖြစ်တယ်။ အဲဒီလိုလုပ်တယ်ဆိုတာလည်း နိုင်ထက်စီးနင်းလုပ်လို့ရတယ်။ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချကြတဲ့သဘောမျိုး ဖြစ်တာပေါ့။ အများအားဖြင့် အမျိုး သားတွေကနေ ကျူးလွန်တဲ့ပြစ်မှုတွေက ပိုပြီးတော့တွေ့ရတယ်။ တဖက်ကကြည့်မယ်ဆိုရင် ကျူးလွန်ခံရသူတွေက အမျိုးသမီးတွေများတယ်။ ငယ်ရွယ်တဲ့လူတွေလည်း အများဆုံး ကြုံတွေ့ရလေ့ရှိတယ်ဆိုတော့ ဒီလူတွေက အများအား ဖြင့် ထိခိုက်နစ်နာလွယ်တဲ့သူတွေဖြစ်တယ်။ အားနည်းတယ်ဆိုတဲ့ပုံစံမျိုး၊ တခုခုဆိုရင် လုပ်လိုက်လို့ရတယ်ဆိုတဲ့ စိတ် အခံတွေ ရှိလာကြတဲ့အနေအထားပေါ့။ အဲဒီလိုပေါ်မှာမူတည်ပြီး ဖြစ်တာပေါ့။

ဖိုဝါဒလွှမ်းမိုးတဲ့ လူ့ဘောင်အသိုင်းအဝိုင်းမှာ အများအားဖြင့်က ကိုယ့်ထက်ပိုပြီး အားနည်းတယ်လို့ မြင်ရတဲ့သူတွေ၊ ခိုကိုးရာမဲ့တယ်လို့ ထင်ရတဲ့သူတွေ၊ နိုင်လို့ရတဲ့သူတွေကို ပစ်မှတ်ထားပြီး လုပ်ကြလေ့ရှိတယ်။ အဲဒီလိုလုပ်တဲ့ အချိန်မှာ လည်း ဒီကိစ္စကို အရေးတယူနဲ့တိုင်ကြားတာတွေ၊ ဖြေရှင်းတာတွေကမရှိတော့ ဒါမျိုးလုပ်ဆောင်ချက်တွေက လွယ်လင့် တကူနဲ့ပဲ ဖြစ်နေတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ပြီးသွားတယ်။ ကျူးလွန်တဲ့သူတွေကတော့ မဟာအခွင့်ကောင်းတွေ တောက်လျှောက်ရခဲ့တဲ့ အနေအထားပေါ့။
အရေးကြီးဆုံးက လုပ်ငန်းခွင်တိုင်းမှာ ဒီအပိုင်းနဲ့ပတ်သက်ပြီး တားဆီးကာကွယ်နိုင်တဲ့ မူပေါ်လစီတွေ ရှိဖို့လိုတယ်။ ဒုတိယတချက်က ဒီမူပေါ်လစီပေါ်မူတည်ပြီး ဖြေရှင်းပေးနိုင်မယ့် ယန္တရားတွေရှိလာဖို့လိုတယ်။ လုပ်ထုံးလုပ်နည်းလေး တွေ၊ ကာကွယ်ပေးမယ့် ပံ့ပိုးမှုပုံစံလေးတွေ ရှိနေဖို့လိုတယ်။ အဲဒီလိုမျိုးရှိထားတာကိုလည်းပဲ သိသင့်သိထိုက်တဲ့လူတွေ အားလုံး ဝန်ထမ်းတွေ၊ သတင်းထောက်တွေ အကုန်လုံးကို ရှင်းပြထားရမယ်။ ဒါမျိုးတွေဖြစ်လာပြီရင် တိုင်ကြားလို့ရ မယ့်၊ တိုင်ကြားပြီးရင်လည်း ဘေးထွက်ဆိုးကျိုးမရှိဘဲ အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ စိတ်ချယုံကြည်နိုင်တဲ့ အနေ အထားတခုကိုလည်း ဖန်တီးထားပေးရမယ်။ ကိုင်တွယ်ဖြေရှင်းတဲ့ သူတွေကလည်းပဲ ကျူးလွန်သူတွေကိုယ်တိုင်၊ ကျူး လွန်နိုင်ခြေရှိတဲ့သူတွေကိုယ်တိုင် မဖြစ်နေဖို့ကိုလည်းပဲ တာဝန်ယူတဲ့သူတွေက စီမံထားပေးရမှာပေါ့။ အကဲဆတ်တဲ့ အခြေအနေတွေကို သေချာနားလည်ထားပြီးတော့မှ တကယ့်စနစ်တကျနဲ့ ဖြေရှင်းပေးနိုင်တဲ့ပုံစံမျိုး ဖြစ်ဖို့လိုပါတယ်။ အသိပညာပေးတွေက အများကြီးလုပ်ဖို့လိုတယ်။ ဒီကိစ္စတွေ ဖြစ်လာပြီဆိုရင်လည်း တိုင်ကြားရဲအောင် ဝန်းရံပေးတဲ့ ပတ်ဝန်းကျင်၊ ကူညီပေးမယ့်လူတွေ လိုအပ်ပါတယ်။
ကိုလင်းဇေ (မြေလတ်အသံသတင်းဌာန အယ်ဒီတာချုပ်)
လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေက ဘာလို့ဖြစ်ပေါ်နေလဲဆိုရင် လုပ်တဲ့လူတွေရှိလို့ပဲ ပြောရမှာပေါ့။ လူက မျိုးစုံရှိတဲ့ အခါကျ လုပ်တဲ့လူက သူများအပေါ်မှာ အခွင့်အရေးယူချင်တဲ့သူ၊ မကောင်းမှုကျူးလွန်ချင်တဲ့သူက နေရာတိုင်းမှာ ရှိတယ်လေ။ လုပ်ငန်းခွင်တွေမှာ စည်းမျဉ်းစည်းကမ်းတွေ၊ တန်ဖိုးထားမှုတွေ ထားရတယ်။ ဥပမာ- HR ပေါ်လစီလိုမျိုး ရုံးအတွင်းမှာ ကျား၊ မ တန်းတူဆက်ဆံရေးကို တန်ဖိုးထားရမယ်ဆိုတာမျိုး၊ အမျိုးသမီးတွေကို ပြောဆိုဆက်ဆံတာ တွေ ပြီးတော့ ဘာသာ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာမျိုး၊ မသန်စွမ်းနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံတာမျိုး မလုပ်ပါ ဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထားဖို့လိုတယ်။ ဒါတွေက မထားလည်း လူ့ကျင့်ဝတ်အရ ကျနော်တို့က သိရမယ်၊ နားလည်ရမယ်။
ကျနော်တို့ရဲ့ သတင်းလုပ်ငန်းခွင်ဆိုတာက မဏ္ဍိုင်ကြီး ၃ ရပ်ကို စောင့်ကြည့်နေရတဲ့ စတုတ္ထမဏ္ဍိုင်၊ ပြီးတော့ ပြည်သူရဲ့ နားနဲ့မျက်စိဆိုတဲ့ အသိအမြင်နဲ့ အဖွဲ့အစည်းတခုဖြစ်တယ်။ အဲဒီလို စည်းမျဉ်းစည်းကမ်းတွေ မထားတဲ့တိုင်အောင် မိန်းကလေးတယောက်အပေါ်မှာ၊ လူမျိုးရေးနဲ့ပတ်သက်တဲ့ အသားအရောင်ခွဲခြားမှုအပေါ်မှာ၊ ဘာသာရေးကိုးကွယ်မှု အပေါ်မှာ၊ မသန်စွမ်းဖြစ်မှုအပေါ်မှာ ခွဲခြားဆက်ဆံတာမျိုး၊ စော်ကားမော်ကားလုပ်တာမျိုး မရှိသင့်ဘူးဆိုတာက အလို အလျောက် နားလည်ရမှာ။ ဒါက ကိုယ့်ရဲ့တန်ဖိုးထားမှု၊ သိတတ်မှုကို ပြောပြတာပေါ့။
သို့သော် စည်းမျဉ်းစည်းကမ်းတွေ ထားဖို့ဆိုတာလည်း ဖောက်တဲ့သူတွေရှိလို့ ထားရမှာပေါ့ဗျာ။ လုပ်ငန်းခွင်တိုင်းမှာ Gender Policy တို့၊ HR Policy တို့၊ Editorial Policy တို့ဆိုတာရှိတယ်။ ထားရမယ်။ ဒီလိုထားပြီးရင်လည်း တကယ် လိုက်နာရမယ်။ ဒါတွေကို ဦးဆောင်တဲ့သူတွေက တန်ဖိုးမထားဘူးဆိုရင် ပေါ်လစီတွေ ဘယ်လိုပဲထားထား အဲဒီအဖွဲ့ အစည်းမှာ အမျိုးသမီးတွေအပေါ်မှာ နိုင်ထက်စီးနင်းပြု၊ အခွင့်အရေးယူတဲ့သူတွေက ရှိနေမှာပဲ။ ပြောရရင် အခွင့်အရေး သမားတွေက ဒီလိုနေရာတွေမှာရှိနေလို့ ဒီလိုဖြစ်တာ။ နောက်တခုက ဒီလူတွေက လူ့စံနှုန်းတွေကို လေးစားလိုက်နာ ခြင်းမရှိလို့ ဒါမျိုးဖြစ်တာ။ နောက်တခုက ကျနော်တို့ သတင်းဌာနတွေမှာ ဒီလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ မချမှတ် ထားတာ၊ ချမှတ်ထားသော်ငြားလည်း တန်ဖိုးမထားကြတာ၊ လေးစားလိုက်နာခြင်းမရှိကြတာ၊ ဒါတွေကြောင့် ကိစ္စရပ် တွေဖြစ်တယ်လို့ မြင်တယ်။

အမျိုးသမီးတွေကိုမှ မဟုတ်ဘူး။ လူတိုင်းကို တန်ဖိုးထားရမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားရမယ်။ ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထားပြီး သူများကို နိုင်ထက်စီးနင်းမလုပ်နဲ့ပေါ့နော်။ သူကတော့ မိန်းကလေးဖြစ်နေလို့ ငါ့ထက်ရာထူးအား ဖြင့်နိမ့်တယ်။ ငါ့မှာလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုးနဲ့ လုပ်လို့မရဘူး။ လေးစားရမယ်။ အယ်ဒီတာဖြစ်ဖြစ်၊ သတင်းထောက် ဖြစ်ဖြစ် အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေ ဒီလိုဟာမျိုးကို ကျနော်တို့က တဦးနဲ့တဦး အပြန်အလှန် တန်ဖိုးထားနေရမယ်။ အဲဒီလိုမဟုတ်ဘဲ ခွဲခြားဆက်ဆံပြီး တန်ဖိုးမထားရင် ဒါတွေကဖြစ်မှာပဲ။
ဒီလို ကျူးလွန်ခံရပြီဆိုရင်လည်း ထုတ်ဖော်ပြောဖို့လိုတယ်။ ဥပမာ ကျနော့်ရှေ့မှာ ဒါမျိုးဖြစ်ပြီဆိုရင် ကျနော်က ဒါမျိုး မလုပ်သင့်ဘူး၊ မကောင်းဘူး၊ မကြိုက်ဘူးလို့ ပြောရဲတဲ့သတ္တိရှိဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲ သူက အယ်ဒီတာပဲ ငါပြော လိုက်ရင် စိတ်ငြိုငြင်သွားမှာပဲ။ ငါ့ရဲ့ သတင်းတွေကို မသုံးတော့ရင် ဒုက္ခဆိုတဲ့ တဦးချင်းစီရဲ့ အတ္တစွဲတွေနဲ့ မှန်တာကို မပြောရဲဘူးဆိုရင်လည်း အဲဒါကပြဿနာ။ ဒီလိုမဖြစ်အောင်က ပြောရဲဖို့လိုတယ်။ ကျနော်တို့တွေက ဂျာနယ်လစ်တွေ၊ အမှန်တရားကို ပြောရဲတဲ့သူတွေလေ။ သတင်းသမားဆိုရင် အမှန်တရားဘက်ကပြော၊ ရပ်တည်ပြ။ ကိုယ့်ကိုယ်ကိုယ် တော့ သတင်းသမားလို့ပြောပြီး ဒီလိုကိစ္စတွေကို ဖုံးကွယ်ထားတယ်၊ မတရားမှုတွေကို ကိုယ်တိုင်ကျူးလွန်နေတယ်။
အခုဖြစ်တဲ့ကိစ္စက တခြားအဖွဲ့အစည်းတွေကို စော်ကားတာမဟုတ်ဘူး။ သက်ဆိုင်ရာနယ်ပယ်အလိုက် ရှိကြတယ်။ ကျနော်တို့က စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားရင် ကိုယ့်တန်ဖိုးတွေ၊ အမှန်တရားတွေရှိတယ်။ အမှန်တရားဘက်မှာ ရပ်တည်နေတဲ့အဖွဲ့အစည်းမှာ ဒါမျိုးဖြစ်တယ်ဆိုတော့ ဆိုးဆိုးရွားရွားအခြေအနေဖြစ်တယ်။ ဒါမျိုးမဖြစ်ဖို့ ကိုယ့်ကိုယ် ကိုယ် သတင်းသမား၊ အမှန်တရားဘက်က ရပ်တည်တဲ့၊ အမှန်တရားကို ပြောရဲတဲ့သူတွေလို့ သတ်မှတ်ရင် ထုတ်ပြော ကြပါ၊ တားဆီးကြပါ၊ မတရားမှုကို မကျူးလွန်ကြပါနဲ့လို့ ပြောချင်တယ်။
ကျနော်တို့ကိုယ်တိုင်က အမှန်တရားကို ထုတ်ဖော်ရဲတယ်ဆိုတဲ့ သတ္တိမရှိဘဲနဲ့ အမှန်တရားဘက်ကလည်း မရပ်တည်ဘူး ဆိုရင်တော့ ကျနော်တို့ရဲ့ ထောက်ပြတယ်ဆိုတဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ တန်ဖိုးကကျမှာပဲ။ တန်ဖိုးကျတယ်ဆိုတာ လူထု ယုံကြည်မှုက နည်းသွားမှာပဲ။ မီဒီယာကလူတွေက ဒီတိုင်းပါပဲဆိုတာ ဆိုရှယ်မီဒီယာမှာ လျှောက်ပြောနေတဲ့ ဆယ်လီ သမားတွေနဲ့ ဘာမှမထူးတော့ဘူး။ ကျနော်တို့တန်ဖိုးက ကျသွားမှာပဲ။ လူထုယုံကြည်မှုက ကျကိုကျတယ်။ ကျနော်တို့ သတင်းသမားတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ကျနော်တို့က ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဖို့လိုတယ်။ အုတ်ရော ရော၊ ကျောက်ရောရော ဖြစ်သွားလိမ့်မယ်။ သူများကိုမပြောခင် ကိုယ့်ကိုယ်ကိုယ် မတရားမှုတွေ မလုပ်ကြနဲ့။ လုပ်ခဲ့ရင် လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောရဲတဲ့ သတ္တိရှိဖို့လိုတယ်။ အဲဒီသတ္တိကို သတင်းသမားတွေ မွေးကြပါလို့ ပြောချင်တယ်။
ငြိမ်းငြိမ်း (ဧရာဝတီသတင်းဌာန အယ်ဒီတာ)
လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေက အနည်းနဲ့အများ ရှိတတ်ကြတယ်။ လိင်ပိုင်းဆိုင်ရာလို့ပြောရင် များသောအားဖြင့်က မျိုးပွားအင်္ဂါတခုခုကို ကျူးလွန်တဲ့ဟာလို့ ထင်ကြတယ်။ မထိသင့်မထိရတဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းတွေကိုပြောတာ၊ အဲဒါကလည်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုထဲမှာ အကျုံးဝင်တယ်။ နောက်တခုက ပါးစပ် အရသာခံပြီး အမျိုးသမီးတယောက်ရဲ့ ခန္ဓာကိုယ်၊ ဝတ်စားဆင်ယင်မှု၊ ခန္ဓာကိုယ်အချိုးအစားတွေကို ပြောဆိုနေတာ ဒါတွေက အမျိုးသမီးတွေပဲမဟုတ်ဘဲနဲ့ အမျိုးသားတွေကိုဖြစ်စေ၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေကိုဖြစ်စေ ချိုးချိုး ဖဲ့ဖဲ့ ပြောတာဟာ Harassment ထဲမှာ အကျုံးဝင်တယ်။ လုပ်ငန်းခွင်ထဲမှာ ဒါတွေက တကယ်တမ်း သတိမထားမိဘူး ဆိုရင် ကျူးလွန်မှန်းမသိဘဲ ကျူးလွန်တဲ့အရာတွေ။
ဒါတွေက မြန်မာလူမှုအသိုင်းအဝိုင်းမှာ ယဉ်ပါးနေကြတယ်။ ဥပမာ လမ်းသွားရင်းနဲ့ မိန်းကလေးတွေကို တခုခု သားပြောမယားပြော ပုံံစံမျိုးပြောခံရရင် မခံနိုင်တဲ့ မိန်းကလေးက ပြန်ပြောလိုက်မယ်ဆို အဲဒီပြောလိုက်တဲ့ အမျိုးသား တွေက သူတို့မဟုတ်သလို ရှောင်ထွက်သွားတာမျိုးတွေရှိတယ်။ ဒါမျိုးတွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ ယဉ်ပါးနေတာ ပေါ့။ ဒီလိုပြောလို့ အားလုံးကဆိုးနေတာတော့ မဟုတ်ဘူး။ တကယ့်ကို သိက္ခာရှိတဲ့သူတွေကတော့ ရှိနေတာပဲ။ တချို့ ယဉ်ကျေးမှုရဲ့ ရိုက်ခတ်မှုတွေရှိတယ်။ လူအများရှေ့မှာ မပြောသင့်တဲ့စကားတွေ၊ ရုတ်ရင်းကြမ်းတမ်းတဲ့စကားတွေ၊ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပြောဆိုတာ လုပ်ငန်းခွင်တော်တော်များများမှာ ရှိတယ်ဆိုတာ ကြားဖူးတယ်။ အဲဒါတွေက မရှိသင်တဲ့အရာတွေ။ ဒါကြောင့်မို့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက် မှုကဘာလဲ၊ လုပ်ငန်းခွင်ထဲမှာ နှောင့်ယှက်မှုကဘာလဲဆိုတာ သိရအောင် တချို့အဖွဲ့အစည်းတွေက ဆော်ဩတာတွေ အများကြီးရှိတယ်။ တကယ့်အဖြစ်အပျက်တွေ ရှိနေလို့ကို ပေါ်လာတာဖြစ်တယ်။

ဒါတွေကို တားဆီးဖို့ အခြေခံအကျဆုံးက လူတဦးတယောက်ချင်းစီက ပြောင်းလဲမှရမှာပေါ့။ လူတဦးတယောက်ချင်းက ဒါတွေဟာ မလုပ်သင့်တဲ့အရာ၊ ကိုယ်ကအကျင့်ပါနေရင်တောင် လူဆိုတာ ပြောင်းလဲတတ်တဲ့သဘာဝရှိတယ်။ ဒီအကျင့် တွေကို ပြောင်းလိုက်လို့ရှိရင် တဦးချင်းကနေ လူ့အသိုင်းအဝိုင်းမှာ ပြောင်းလဲနိုင်တယ်။ အဲဒီလိုမပြောင်းလဲရင် ဥပဒေ တွေချမှတ်ပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရတာရှိတယ်။ Harassment ဖြစ်နေတာတွေကို တင်းတင်းကျပ်ကျပ် မူဝါဒချမှတ်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်တာတွေလုပ်မယ်ဆိုရင် ထိရောက်တဲ့ဟာတခုပေါ့။
မြန်မာနိုင်ငံမှာဆိုရင် ခံရတဲ့သူကို အပြစ်ပုံချတာက ရှိနေတဲ့အခါကျ တော်ရုံတန်ရုံလူကလည်း ထုတ်မပြောရဲဘူး။ အဲဒီလိုမပြောလို့ case တွေ မတက်လာလို့ မရှိတော့ဘူးမဟုတ်ဘူး။ ရှိနေတယ်။ အခုအချိန်ဆိုပိုဆိုးတယ်။ နိုင်ငံရေး အပြောင်းအလဲကို အာရုံစိုက်နေတော့ တော်လှန်ရေးအရွေ့ကိုပဲ သွားနေတဲ့အချိန်မှာ ဒါတွေက အရေးမကြီးဘူးဆိုပြီး ဖယ်ထားတာရှိတယ်။ ဒါပေမယ့် အဲဒါကို လက်သင့်မခံတဲ့ လူမှုအသိုင်းအဝိုင်း တတ်သိနားလည်တဲ့သူတွေက ဒါတွေ ဆက်ပြောနေတာရှိတယ်။ ဒီလို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေအကြောင်းကို တောက်လျှောက်ပြောတဲ့ အခါမှာလည်း ကျူးလွန်ခံရတဲ့သူက ထုတ်ပြောတဲ့အခါမှာ ကျူးလွန်ခံရတဲ့သူကိုပဲ အပြစ်ပုံချတာတွေ၊ အနေအထိုင် မတတ်လို့ဆိုတာ တောက်လျှောက်တွေ့ရတယ်။ ဒါတောင်မှ ပညာတတ်အသိုင်းအဝိုင်းလို့ ယူဆထားတဲ့၊ ဥပဒေကို နားလည်ထားတဲ့၊ လူထုကို ဦးဆောင်နေတဲ့သူတွေက များသောအားဖြင့် ကျူးလွန်တတ်တယ်။ ဥပဒေကိုသိတဲ့သူတွေ၊ လူ့အခွင့်အရေးကို အရမ်းသိတဲ့သူတွေက ဒါတွေကို နားလည်တဲ့သူတွေက ကာကွယ်ပေးနေတာမျိုးတွေရှိသလို တချို့ ကျတော့လည်း သူတို့ရဲ့စိတ်ကိုက သိသိကြီးနဲ့ လက်တလုံးခြားလုပ်ပြီး ကျူးလွန်တဲ့သူတွေရှိတယ်။ ဒါတွေကို ဖော်ထုတ် နိုင်ဖို့လိုတယ်။ ဖော်ထုတ်ပြီးရင်လည်း ဘယ်လိုပြစ်ဒဏ်နဲ့ အရေးယူလိုက်လဲဆိုတာ သိဖို့လိုတယ်။ တဦးတယောက်ချင်း စီက မေးနေပြောနေဖို့လိုတယ်။ မဟုတ်ရင်လူတွေက မေ့သွားတတ်ကြတယ်။
ကိုကျော် (Dawei Watch အယ်ဒီတာချုပ်)
ကျနော်မြင်တာကတော့ ဖြစ်တတ်တဲ့သဘာဝရှိတယ်။ ဒါတွေကို မဖြစ်ဖို့ဆိုရင် စနစ်တကျ စည်းကမ်းသတ်မှတ်ချက် တွေနဲ့ ထိန်းကျောင်းဖို့လိုမယ်။ ကျနော်တို့ဆီမှာ HR Policy လိုမျိုး၊ Gender Policy လိုမျိုးရှိတယ်။ အဲဒီ မူဝါဒတွေနဲ့ ဒီလိုဖြစ်စဉ်တွေပေါ်မလာဖို့ ထိန်းကျောင်းတယ်။ လုပ်ငန်းခွင်တွေမှာ ဒီပြဿနာက အရမ်းအရေးကြီးတယ်။ မကြာခဏ လည်း ဖြစ်လေ့ရှိတယ်။ အဲဒီအခါကျ ကိုယ့်ဌာနရဲ့မူဝါဒတွေထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ မူဝါဒကို ပြဋ္ဌာန်းထားဖို့လိုတယ်။ အဲဒီမူဝါဒနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို တိကျရှင်းလင်းစွာနဲ့ ပြောပြရှင်းပြထားဖို့ လိုမယ်။ ဖြစ်လာရင်လည်း ဒီမူဝါဒနဲ့အညီ အရေးယူတာမျိုး၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကိုင်တွယ်တာမျိုးတွေ လုပ်သင့် တယ်လို့ထင်ပါတယ်။

ပြဿနာတခု ဖြစ်လာပြီဆိုရင် ပွင့်လင်းမြင်သာတဲ့ တိုင်ကြားရေးယန္တရားတွေ အရေးကြီးတယ်ထင်တယ်။ ကျနော်တို့ ဆီမှာတော့ ပြဿနာတခုခု ဖြစ်လာပြီဆိုရင် တိုင်ကြားလို့ရတဲ့ပုံစံတွေ မျိုးစုံထားထားတယ်။ အယ်ဒီတာချုပ်ကို တိုင်လို့ ရတယ်၊ အမှုဆောင်အယ်ဒီတာတွေကို တိုင်လို့ရတယ်၊ မန်နေဂျင်းအယ်ဒီတာကို တိုင်လို့ရတယ်၊ အက်ဒမင်ပိုင်းကို တိုင် လို့ရတယ် စသဖြင့်ပေါ့။ တိုင်ကြားလို့ရတဲ့ ယန္တရားတွေ အများကြီးရှိတယ်။ အလွယ်တကူတိုင်လို့ရအောင် ဖန်တီးထား တယ်။ ပြဿနာတွေ ကျူးလွန်တာက ဝန်ထမ်းအချင်းချင်းလည်း ကျူးလွန်နိုင်တယ်။ အယ်ဒီတာကနေ သတင်းထောက် ကို ကျူးလွန်တာ၊ အယ်ဒီတာထက်ကြီးတဲ့ ရာထူးပိုင်းကနေ ကျူးလွန်တာလည်း ဖြစ်နိုင်တယ်။ ဒီတိုင်ကြားမှုယန္တရားက တယောက်ထဲဆီမှာပဲ ဦးတည်ပြီးရှိနေတယ်ဆိုရင် အဲဒီလူက ကျူးလွန်တယ်ဆိုရင် တိုင်ကြားဖို့ ခက်ခဲတာလည်း ရှိနိုင် တယ်။ နေရာမျိုးစုံကနေ ဖွင့်ထားပေးရမယ်။ အလွယ်တကူတိုင်ကြားလို့ရမယ့် ပုံစံတွေရှိရမယ်။ အဲဒီလိုဆိုရင် တဦး တယောက်က အာဏာအလွဲသုံးစားလုပ်လို့ရတဲ့ အခြေအနေမရှိတော့ဘူးလို့ ကျနော် မြင်ပါတယ်။
မီဒီယာတိုက်တခုချင်းစီမှာတော့ သူ့ပေါ်လစီနဲ့သူ ရှိကြတယ်။ သို့သော် ဒါမျိုးတွေဖြစ်လာတာ၊ မြင်လာတာ၊ ကြားလာ တာကျတော့ တကယ်တော့ စိတ်မကောင်းစရာကောင်းပါတယ်။ မြန်မာမီဒီယာလို့ ပြောလိုက်ရင် ကျနော်တို့အားလုံး ပါကြတယ်။ ကိုယ်ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ မြန်မာမီဒီယာတိုက်တွေမှာ ဒါမျိုးဖြစ်နေပါတယ် ပြောလိုက်ရင် ကျနော်တို့အားလုံး ခံကြရပါတယ်။ ဒါမျိုးဖြစ်စဉ်မျိုးက ကိုယ့်တိုက်မှာလည်း မဖြစ်ဖို့လိုအပ်သလို မီဒီယာ တွေမှာရှိတဲ့ တခြားတိုက်တွေကလည်း မဖြစ်အောင် ဝိုင်းပြီးကာကွယ်ကြဖို့ကောင်းတယ်လို့ ပြောချင်ပါတယ်။
You may also like these stories:
NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု
တော်လှန်ရေးထဲက သာတူညီမျှ ချစ်ခြင်းများ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ခဲ့













