မြန်မာစစ်ကောင်စီ အင်အားချိနဲ့သွားစေရန်အတွက် မလေးရှား ဆိပ်ကမ်းများမှ မြန်မာသို့ လောင်စာ ပို့ဆောင်ခြင်း ပိတ်ဆို့ရန် မလေးရှားအစိုးရကို မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM က တိုက်တွန်းလိုက်သည်။
မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင်က ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းတွင် ရှုတ်ချခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်တွန်းခြင်းဖြစ်ကြောင်း CTUM အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ပြောကြောင်း မလေးရှားသတင်းဌာန Malaysiakini က ရေးသည်။
ဂါဇာတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုအတွင်း ပါလက်စတိုင်းများကို ထောက်ခံသည့်အနေဖြင့် အစ္စရေး အလံတင်သင်္ဘောများ အားလုံးကို မလေးဆိပ်ကမ်းများတွင် ပိတ်ပင်လိုက်ပြီးချိန်နှင့်လည်း ယခုတောင်းဆိုမှုက တိုက်ဆိုင်နေသည်။
စစ်ကောင်စီအပေါ် မလေးရှားက စစ်အင်အားပြမည်ဟု မမျှော်လင့်သော်လည်း စစ်ကောင်စီကို စစ်ရေးမဟုတ်သည့် ဖိအားပေးသင့်သည်ဟု ဦးမောင်မောင်က ပြောသည်။
“မလေးရှားဆိပ်ကမ်းတွေကနေ မြန်မာကို သွားနေတဲ့ လောင်စာဆီကို ပိတ်ပင်လိုက်တာဟာ စစ်ကောင်စီကို ပြိုလဲတဲ့အထိ ဖြစ်စေနိုင်တယ်” ဟု ၎င်းက ပြောသည်။
“ဘယ်လို စစ်ရေး၊ နိုင်ငံရေး ကြားဝင်ဟန့်တားမှုကိုမှ ကျနော်တို့ မျှော်လင့်မထားပေမယ့် မြန်မာမှာ စစ်ဘက်က သုံးနေတဲ့ ဒီဇယ်နဲ့ လေယာဉ်ဆီ တင်ပို့မှုအပေါ် လက်ရှိအရေးယူ ပိတ်ဆို့မှုတွေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ဖို့ မလေးရှားကို တောင်းဆိုတယ်” ဟု ၎င်းက ပြောသည်။
“ခင်ဗျားတို့တွေ သေနတ်နဲ့ ပစ်စရာ မလိုပေမယ့် ခင်များတို့ရဲ့ အရေးယူမှုဟာ စစ်ကောင်စီကို သေသွားစေနိုင်တယ်” ဟု Malaysiakini သတင်းသို့ ဦးမောင်မောင်က ပြောသည်။
မြန်မာ အလုပ်သမား သမဂ္ဂများသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။ NUCC သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တုံ့ပြန်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာတွင် စစ်ကောင်စီကို ဖြုတ်ချကာ ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရန် ရည်ရွယ်သည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများဖြစ်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာတွင် နယ်မြေအများအပြားကို သိမ်းပိုက်ထားသောကြောင့် မလေးရှား၏ ကြားဝင်ဟန့်တားမှုသည် ယခုအချိန်တွင် လွန်စွာအရေးပါကြောင်း ဦးမောင်မောင်က ပြောသည်။
လောင်စာ ဖြတ်တောက်လိုက်ခြင်းအားဖြင့် အရပ်သားပစ်မှတ်များဖြစ်သည့် စာသင်ကျောင်းများ၊ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ အများပြည်သူနေရာများကို လေကြောင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းသွားအောင် လုပ်နိုင်သည်ဟု ၎င်းက ပြောသည်။
“ဒီဇယ်နဲ့ လေယာဉ်ဆီအပါအဝင် လောင်စာဆီ ဖြတ်တောက်လိုက်ခြင်းအားဖြင့် သူတို့လေတပ်ကို အင်အားချိနဲ့သွားအောင်၊ လက်နက်ခဲယမ်းနဲ့ ဗုံးတွေ သယ်ယူပို့ဆောင်မှုနဲ့ တပ်တွေဖြန့်ချခြင်းကို အဟန့်အတားဖြစ်အောင် ကျနော်တို့ လုပ်နိုင်တယ်” ဟု သူက ရှင်းပြသည်။
“ဒီဇယ်လို လောင်စာဆီတွေကို အရပ်ဘက်သုံးအဖြစ် ရည်ရွယ်တယ်ဆိုတာ စကားက အကြောင်းပြချက် သက်သက်ပဲ” ဟု ဦးမောင်မောင်က အခိုင်အမာပြောသည်။
မလေးရှားမှ ထွက်ခွာလာသည့် လောင်စာသင်္ဘောများ
တော်လှန်ရေးအင်အားစုများက ကောက်ယူထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် ဇူလိုင်နှင့် အောက်တိုဘာလအတွင်း မြန်နှုန်းမြင့် ဒီဇယ်နှင့် ပန့်ဒီဇယ် ၆၀၇,၀၄၀ ဂါလံအနက် ၃ ဒသမ ၄ ရာခိုင်နှုန်းကိုသာ အရပ်ဘက်သုံးရန် ခွဲဝေပေးပြီး အများစုကို စစ်တပ်နှင့် လေတပ်က သုံးခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော သုံးလအတွင်း ဂျိုဟောပြည်နယ်မှ Pengerang Independent Terminals နှင့် Tanjung Pelepas ATB Oil Terminal, Port Klang, Selangor နှင့် Kuantan အပါအဝင် မလေးရှား ဆိပ်ကမ်းများမှ လောင်စာတင်သင်္ဘောဖြင့် တင်ပို့မှု ၁၆ ကြိမ် တွေ့ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ပြောသည်။
ဒိုမီနီကန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လိုက်ဘေးရီးယား၊ ထိုင်း၊ စင်ကာပူနှင့် ပနားမားတို့မှ လောင်စာတင် သင်္ဘောများ ရန်ကုန်နှင့် PEAS သီလဝါ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားသည်ကို တွေ့ခဲ့သည်။

Malaysiakini က ကြည့်ရှုခဲ့သည့် မှတ်တမ်းအရ သတိပြုစရာကောင်းသည့် အချက်တခုမှာ အင်ဒိုနီးရှား သင်္ဘောတစင်းသည် Tanjung Pelepas ATB Oil Terminal မှ သီလဝါ ဆိပ်ကမ်းသို့ သုံးလအတွင်း လေးကြိမ်ဆိုက်ကပ်ပြီး မြန်မာ၊ မလေးရှားနှင့် စင်ကာပူအကြား လွန်းပျံ သွားရောက်နေခြင်း ဖြစ်သည်။
စက်တင်ဘာလ တလတည်းတွင် ထိုသင်္ဘောသည် သီလဝါသို့ နှစ်ကြိမ်ဆိုက်ကပ်ပြီး ပထမတကြိမ်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆက်လက် သွားရောက်ကာ ဒုတိယတကြိမ်တွင် စင်ကာပူသို့ ဆက်လက် သွားရောက်သည်။
ယခုလအစောပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် NUCC က စာရင်းအကျဉ်းတခု ဖော်ပြထားပြီး ထိုစာရင်းတွင် မလေးရှား သင်္ဘောတစီးနှင့် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း စင်ကာပူမှ ထွက်ခွာသည့် တင်ပို့မှု အနည်းဆုံး ခုနစ်ကြိမ် ပါဝင်သောကြောင့် တော်လှန်ရေး အင်အားစုသည် ဒေသတွင်းမှ လောင်စာတင်ပို့မှု အားလုံးကို လေ့လာစောင့်ကြည့်နေသည့်သဘော ဖြစ်သည်။
စစ်ကောင်စီဆန့်ကျင်ရေး လတ်တလော လှုပ်ရှားမှုအောင်မြင်ရေးတွင် မလေးရှားအပြင် အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့သည်လည်း အရေးပါသောအခန်းမှ ပါဝင်သည်ဟု ဦးမောင်မောင်က ပြောသည်။
“ဒီနိုင်ငံတွေဟာ မြန်မာမှာ အပြောင်းအလဲ လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုနေတဲ့ နိုင်ငံတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့စကားတွေကို သူတို့ အကောင်အထည်ဖော်ဖို့ ကျနော်တို့ မေတ္တာရပ်ခံနေတာ ဖြစ်တယ်” ဟု ဦးမောင်မောင်က ရှင်းပြသည်။
နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကြီးများ ကြံရာပါဖြစ်နေ
မလေးရှားဆိပ်ကမ်းများမှ မြန်မာသို့ လေယာဉ်ဆီတင်ပို့မှု ရပ်တန့်ရန် မလေးရှားကို အလုပ်သမား သမဂ္ဂများက ယခုတကြိမ် မေတ္တာရပ်ခံခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။
အောက်တိုဘာလလယ်တွင် နိုင်ငံတကာ အလုပ်သမားသမဂ္ဂများမှ အရာရှိ အများအပြားသည် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အတွင်းမှ မြန်မာအလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံသည့်အနေဖြင့် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီ အဗ္ဗဒူ ကဒါနှင့် ဆွေးနွေးခဲ့သည်။
CDM လှုပ်ရှားမှုဆိုသည်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပစ်မှတ်ထား အလုပ်သမားသပိတ်ဖြစ်ပြီး NUG ဆိုသည်မှာ အာဏာသိမ်းစဉ်က ဖြုတ်ချခံရသည့် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာစင်ပြိုင်အစိုးရ ဖြစ်သည်။
ကမ္ဘာ့အလုပ်သမားသမဂ္ဂများ ကောင်စီ (CGU) နှင့် အာဆီယံ ဝန်ဆောင်မှု အလုပ်သမားများသမဂ္ဂ ကောင်စီ (ASETUC) တို့ကို ကိုယ်စားပြုသည့် အထက်ပါအဖွဲ့၏ တောင်းဆိုမှုများကို တုံ့ပြန်ခြင်း မရှိသေးပေ။
ထိုပြဿနာတွင် မလေးရှားသည် ပြတ်သားသား ရပ်တည်ချက်တခု ချမှတ်မည်ဟု ၎င်းတို့အဖွဲ့က မျှော်လင့်ကြောင်း BWI ကမ္ဘာ့အလုပ်သမားသမဂ္ဂမှ ဒေသဆိုင်ရာကိုယ်စားလှယ် အပိုလင်နာ တိုလန်တီနိုက Malaysiakini သို့ ပြောသည်။
လွန်ခဲ့သောလတွင်လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ Justice for Burma နှင့် Burma Campaign UK တို့သည် “မြန်မာမှ အလျှို့ဝှက်ဆုံးနှင့် သေနင်္ဂဗျူဟာအကျဆုံး စီးပွားရေး လုပ်ငန်းများ” ဟု ခေါ်သည့် မြန်မာစစ်တပ်သို့ လေယာဉ်ဆီရောင်းသည့် လုပ်ငန်းများ၏ အသေးစိတ် အကြောင်းအရာများကို ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာတွင် PetroChina က အပြည့်အဝပိုင်သည့် Singapore Petroleum Company, Rosneft, Chevron, Thai Oil နှင့် ExxonMobil တို့ ပါဝင်ပတ်သက်မှုကို ဖော်ပြထားသည်။
လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။
တော်လှန်ရေးအင်အားစုများက ပြုစုထားသည့် အချက်အလက်များကဲ့သို့ပင် အရပ်ဘက်သုံး လေယာဉ်ဆီများကို စစ်တပ်သို့ လွှဲပြောင်းပေးကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး နိုင်ငံအားလုံးအနေဖြင့် မြန်မာသို့ လေယာဉ်ဆီတင်ပို့မှု ဆိုင်းငံ့ခြင်း ချမှတ်ရန် အကြံပြုထားသည်။
ဒဏ်ငွေနှင့် အရေးယူ ပိတ်ဆို့မှု အန္တရာယ်
မလေးရှားဘက်က အရေးယူမှုမရှိလျှင် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာန၏ အရေးယူပိတ်ဆို့မှု သို့မဟုတ် ဒဏ်ငွေချမှတ်ခြင်း ဖြစ်စေနိုင်ကြောင်း ဦးမောင်မောင်က သတိပေးသည်။ အမေရိကန် ဘဏ္ဍာရေးဌာနသည် စစ်တပ်သုံးလေယာဉ်ဆီ ဝယ်ယူပေးသည့် ပြည်ပ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို မြန်မာအရေးယူပိတ်ဆို့မှုတွင် သြဂုတ်လက ထည့်သွင်းခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဌာန ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက မတ်လတွင် စတင်သည့် အရေးယူ ပိတ်ဆို့မှုတွင် စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ချိခြင်းတို့ အကျုံးဝင်သည်။
အလားတူစွာပင် ဗြိတိန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများသည်လည်း စစ်တပ်အတွက် ကန့်သတ်ပစ္စည်းများ ရောင်းချရာတွင် တာဝန်ရှိသည့် လက်နက်ကုန်သည်များနှင့် စစ်တပ်ကို ငွေကြေးရှာဖွေပေးသူများအား အဓိကထားသည်။

မလေးရှားကုမ္ပဏီများသည် စစ်ကောင်စီကို လောင်စာရောင်းချသည့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်တွင် ပါဝင်ပတ်သက်နေကြောင်း ဦးမောင်မောင်က စွပ်စွဲပြီး အရေးယူ ပိတ်ဆို့မှု ဒဏ်ငွေသည် လောင်စာရောင်းရာမှရသည့် အကျိုးအမြတ်ထက် လွန်စွာများပြားကြောင်း သတိပေးသည်။
“ကျနော်တို့က သူတို့ကို အနီးကပ်စောင့်ကြည့်နေပြီး အမေရိကန်နဲ့ ဗြိတိန်အာဏာပိုင်တွေဆီကို သတင်းမပို့ခင် သူတို့လုပ်ငန်းတွေ ရပ်လို့ရအောင် ခွင့်ပြုထားတယ်” ဟု ၎င်းက သတိပေးသော်လည်း ကျူးလွန်သူများ၏ အမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းသည်။ ၎င်းတို့လုပ်ရပ်များ ဆက်လက် လုပ်ဆောင်နေမှသာ ထုတ်ဖော်ပြောဆိုမည်ဟု ဆိုသည်။
စစ်ကောင်စီအပေါ် ပြင်းထန်သော ဘဏ္ဍာရေး အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသောကြောင့် စစ်ကောင်စီသည် ပို့ကုန်တင်ပို့သူများရသည့် နိုင်ငံခြားငွေ ၇၀ ရာခိုင်နှုန်းကို လောင်စာတင်သွင်းသူများအား ရောင်းရန် အမိန့်ထုတ်ခဲ့ရကြောင်း ၂၀၂၁ ခုနှစ်တွင် နိုင်ငံသားဖြစ်ခွင့် ရုတ်သိမ်းခံရချိန်မှ စတင်ပြီး ပုန်းအောင်းနေထိုင်ရသော ဦးမောင်မောင်က ပြောသည်။
“ဒါဟာ စစ်ကောင်စီမှာ အမေရိကန် ဒေါ်လာ မရှိတော့တဲ့ အဓိပ္ပာယ်ပဲ” ဟု ဝါရင့် အလုပ်သမားသမဂ္ဂ လှုပ်ရှားသူ ဦးမောင်မောင်က ပြောသည်။ သူသည် စစ်ကောင်စီက ပစ်မှတ်ထားနေသည့် အလုပ်သမား သမဂ္ဂခေါင်းဆောင် ၃၀ အနက် တဦးဖြစ်သည်။ နိုင်ငံကူးလက်မှတ်များ ဖျက်သိမ်းခံထားရသောကြောင့် ထိုခေါင်းဆောင်များ နိုင်ငံမှ မထွက်ခွာနိုင်ကြပေ။
ဘဏ်များ မြန်မာနှင့် အဆက်ဖြတ်သင့်
မလေးရှားမှ နိုင်ငံစုံဘဏ်များအနေဖြင့် မြန်မာဘဏ်များနှင့် အဆက်အသွယ်ဖြတ်ရန်၊ စစ်ကောင်စီနှင့် ခရိုနီများပိုင်သည့် ငွေစာရင်းအားလုံးကို ပိတ်ပစ်ရန်လည်း ဦးမောင်မောင်က တိုက်တွန်းသည်။
မလေးရှား ဘဏ်များဖြစ်သည့် Maybank နှင့် CIMB တို့သည် မြန်မာတွင် လုပ်ငန်းများ လည်ပတ်နေသည်။
“စင်ကာပူက United Overseas Bank က စက်တင်ဘာလမှာ မြန်မာဘဏ်အားလုံးနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီး မြန်မာဘဏ်စာရင်းကို ဝင်ထွက်တဲ့ ငွေပေးချေမှုအားလုံးကို ကန့်သတ်ထားတယ်” ဟုလည်း ၎င်းက ပြောသည်။
“မလေးရှားက နိုင်ငံစုံ ဘဏ်တွေအနေနဲ့ အဲဒီလို လိုက်လုပ်ဖို့ လိုတယ်။ ဒီလိုလုပ်ဖို့ ကြေညာနေစရာ မလိုဘူး။ ဘဏ်တွေအနေနဲ့ မြန်မာက ဘဏ်တွေကို အကြောင်းကြားပြီး အကောင်အထည် ဖော်လိုက်ရုံပဲ” ဟုလည်း ဆက်လက်ပြောကြားသည်။
ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် မစ္စတာ အန်နဝါသည် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချသည့် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် တိုးတက်မှု မရှိခြင်းနှင့် မြန်မာတွင် ဆက်လက် မတည်မငြိမ်ဖြစ်နေခြင်းကို စိတ်ပျက်ကြောင်း လွန်ခဲ့သော စက်တင်ဘာလတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မစ္စတာ အန်နဝါက ပြောသည်။
ဘုံသဘောတူညီချက် ၅ ချက်ဆိုသည်မှာ အာဆီယံ ခေါင်းဆောင်များနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ သဘောတူခဲ့သည့်နိုင်ငံတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ သက်ဆိုင်သူ အားလုံးနှင့် ဆွေးနွေးပွဲ စတင်ရေး၊ အထူးသံတမန်တဦး ခန့်အပ်ရေး၊ သက်ဆိုင်သူအားလုံးနှင့် ထိုအထူးသံတမန် တွေ့ဆုံရေးနှင့် အာဆီယံက လူသားချင်းစာနာမှု အကူအညီပေးရေးတို့ ဖြစ်သည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ပြီးနောက် လွန်ခဲ့သော ဇူလိုင်လတွင် မလေးရှားနိုင်ငံက အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချရန် တိုက်တွန်းခဲ့သည်။
ကိုးကား ။ ။ Malaysiakini သတင်း After Anwar’s remarks, M’sia urged to stop fuel ships to Myanmar
You may also like these stories:
မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ
စင်ကာပူအခြေစိုက် တရုတ်အစိုးရပိုင်ကုမ္ပဏီ မြန်မာကို လေယာဉ်ဆီ ရောင်းခဲ့
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ
မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး














