ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် အထောက်အထားမဲ့ တရားမဝင် နေထိုင်သူ များအား ၂ နှစ်တာ သက်တမ်းရှိ အလုပ်သမားကတ် ထုတ်ပေးမည်ဟု စက်တင်ဘာလ ၂၈ ရက်က ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ကတ်ပေးမည့် သူများမှာ လက်ရှိတွင် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း လုပ်သား များနှင့် MOU သဘောတူစာချုပ်များဖြင့် အလုပ်လုပ်ကိုင်ပြီး သက်တမ်းကုန်နေသည့် ရွှေ့ပြောင်း လုပ်သားများ ပါဝင် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဘန်ကောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ၏ ဥက္ကဋ္ဌ ဦးအောင်ကျော် က “သူတို့ နိုင်ငံမှာလည်း ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ အိမ်နီးနားချင်းနိုင်ငံက တရားဝင်လုပ်သားတွေကို MOU စနစ်နဲ့ ခေါ်ဖို့ လုပ် နေတာ မရသေးဘူး။ လုပ်သားရှားပါးတဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးဘူး။ အဲဒီအချိန်မှာ ပြည်တွင်းထဲမှာရှိနေတဲ့ အထောက်အထားမဲ့၊ စာရွက်စာတမ်း မရှိဘဲ ခိုလှုံနေတာတွေ ရှိနေတယ်ဆိုတာကို သိထားတယ်။ အဲဒီတော့ အဲဒီ လုပ်သား တွေကို အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးပြီးတော့မှ တရားဝင် အလုပ်လုပ်ခိုင်းချင်တဲ့ သဘော ဖန်တီးလိုက်တာ။ သူတို့ နိုင်ငံမှာက လုပ်သား တအားကို လိုအပ်နေတာ။ အဲဒါကြောင့် အထောက်အထားမဲ့တွေကိုလည်း အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးပြီးတော့ လုပ်ခိုင်းမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံမှ လုပ်သားများကို ထုတ်ပေးမည် ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းအထိ အလုပ် လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။
ယခုကဲ့သို့ တရားမဝင်အလုပ်သမားများအား အလုပ် လုပ်ကိုင်ခွင့်ထုတ်ပေးသည့် အစီအစဉ်အား ကိုဗစ်ဒုတိယ လှိုင်းဖြစ် စဉ်က ပထမအကြိမ်အဖြစ် လုပ်ပေးခဲ့ပြီး မြန်မာလုပ်သား သိန်းချီ အထောက်အထားများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးအောင်ကျော်က “ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ အထောက်အထားမဲ့တွေရော စာရွက်စာတမ်း ကုန်ဆုံးနေတဲ့ ပုဂ္ဂိုလ်တွေ ကိုရော ကိုယ့်တိုင်းပြည်ကို ကိုယ် မပြန်နိုင်ဘဲ ဖြစ်နေတဲ့ကာလမှာ အခုလိုမျိုး ဖြေလျှော့ ဥပဒေနဲ့ အလုပ်လုပ်ခွင့်တွေ ပြန် ပေးလိုက်တာဟာ တဖက်က ကြည့်ရင်တော့ ကောင်းတဲ့ လက္ခဏာအနေနဲ့ ကြိုဆိုရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို ကိုယ်ပြန်လို့မှ မရသေးတာ” ဟုပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လုပ်ကိုင်လိုပါက ကြေညာချက်ထုတ်ပြန်သည့် အချိန်မှစ၍ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားရမည်ဖြစ်ပြီး တဦးလျှင် အလုပ်လုပ်ကိုင်ခွင့်အတွက် ကုန်ကျစရိတ် ဘတ် ၁၉၀၀ နှင့် နေထိုင်ခွင့် ဗီဇာအတွက် ဘတ် ၁၉၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အလုပ်လုပ်ကိုင်ခွင့်အတွက် ပန်းရောင်ကဒ်ထွက်ရှိလာပါက ဘတ် ၈၀ ကုန်ကျမည်ဖြစ်ကြောင်း သာမန်ကျန်းမာရေး စစ်ဆေးချက်များ စစ်ဆေးပါက ဘတ် ၅၀၀ ကုန်ကျမည်ဖြစ်ပြီး အဆိုပါ ကုန်ကျစရိတ်များအား အလုပ်သမား ကိုယ်တိုင်ကုန်ကျရမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ရောဂါအတွက် ဆေးစစ်ချက်ကိုတော့ ခေါ်ယူမည့် အလုပ်ရှင်ဘက်မှ ကုန်ကျရမည်ဖြစ်သည်။ အဆိုပါ အချက်အလက်များ ပြည့်စုံပါက ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင် နေထိုင်ခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရဘက်မှ အဆိုပါ အစီအစဉ်အား အောက်တိုဘာလမှ စတင်ကာ ပြုလုပ်ပေးမည်ဖြစ်ပြီး ယခုထုတ်ပေးမည့် အထောက်အထား လက်မှတ်များမှာ နယ်မြေဖြတ်ကျော်သွားလာခွင့် မရှိကြောင်း သိရသည်။
ထိုင်းအစိုးရမှ သြဂုတ်လအတွင်းက မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို အိမ်နီးချင်းနိုင်ငံမှ အလုပ်သမား ၄ သိန်း ကျော်ကိုလည်း MOU စနစ်ဖြင့် ခေါ်ယူရန်အတွက် စီစဉ်ထားပြီး အဆိုပါ လုပ်ငန်းစဉ်မတိုင်ခင် ထိုင်းနိုင်ငံမှ လုပ်ငန်း လိုအပ်ချက်အရ ယခုလို အလုပ်လုပ်ကိုင်ခွင့်များ ပေးခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လှုပ်ရှား သူများက သုံးသပ်သည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်း ရှိပြီး တရားမဝင် ဝင်ရောက် နေထိုင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၁ သန်းကျော် ရှိနေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ မတ်လမှ ယခုနှစ် သြဂုတ်လအထိ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၄ သောင်းကျော်ကို ဖမ်းဆီးခဲ့သည်။
You may also like these stories:
ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း လုပ်သားများ၏ ဒုက္ခ
ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား လုပ်သားများကိုသာ ဦးစားပေးခေါ်ယူရန် ထိုင်းအစိုးရ စီစဉ်
တနှစ်ခွဲအတွင်း ထိုင်းကို ခိုးဝင်သည့် မြန်မာလုပ်သား ၄ သောင်းကျော်ဖမ်းမိ