ထိုင်းအစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်နိုင်ရန်အတွက် ၂၀၂၀ မတ်လ ၂၆ ရက်နေ့မှ စတင်၍ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သည်။
တချိန်တည်းမှာပင် ထိုင်းနိုင်ငံရှိ အချို့သော ခရိုင်များတွင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ဒေသဆိုင်ရာ အမိန့် များကို ထုတ်ပြန်ခဲ့သည်။
၂၀၂၀ မတ်လ ၂၃ ရက်နေ့တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြားရှိ နယ်စပ်ဂိတ်အားလုံးကို ယာယီ ပိတ်ထားခဲ့သော်လည်း တချို့ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာအစိုးရ၏ လက်ခံရန် အဆင်သင့် မဖြစ်မှုများကြောင့် နေရပ်သို့ ပြန်လိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် အခက် အခဲများစွာ ရင်ဆိုင်ခဲ့ကြရသည်။
မြန်မာအစိုးရက မဲဆောက်-မြဝတီ နယ်စပ်ဂိတ် တခုတည်းသာ ဖွင့်ပေးခဲ့သည့်အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် အခက်အခဲ၊ အကျပ်အတည်းများ ကြုံတွေ့ခဲ့ရပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေကြ သည့် မြန်မာနိုင်ငံသားများ အနေဖြင့် ခရီးကြန့်ကြာနှောင့်နှေးမှုများ ဖြစ်ကာ ငွေကြေး၊ စားရိတ်စားခ ပိုမို ကုန်ကျခဲ့သည်။
ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းမှ လွတ်ရက်ပြည့်ပြီး ကာလကြာ ချုပ်နှောင်ခံနေရသည့် အလုပ်သမားများသည် ငွေကြေး အမြောက်အမြား သုံးစွဲပြီး မဲဆောက်-မြဝတီလမ်းမှတဆင့် မြန်မာနိုင်ငံတွင်းသို့ ပြန်နိုင်ရန် ကြိုးစားခဲ့ကြရသည်။
“တချို့ငွေကြေးတတ်နိုင်တဲ့ ကျနော်တို့ သူငယ်ချင်းတွေ ဘတ်ငွေ ၆၀၀၀ ကနေ ၈၀၀၀ ထောင်အထိ ပေးပြီး မဲဆောက်-မြဝတီ လမ်းကနေ မြန်မာနိုင်ငံတွင်းကို ပြန်ဝင်ခဲ့ကြတယ်” ဟု မကြာသေးမီ ရက်ပိုင်းက လွတ်မြောက်လာသည့် ကိုထားဝယ် ဆိုသူက ပြောပြသည်။
၂၀၂၀ ခုနှစ်အတွင်း ပုံမှန်အားဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိက တနင်္သာရီတိုင်း၊ ကော့သောင်း ခရိုင် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး နေရပ်ပြန် အလုပ်သမားများအား လက်ခံခဲ့သော်လည်း ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြန်မာ သံရုံးမှတဆင့် နေပြည်တော်သို့ အကြောင်းရပြီး ထိုမှတဆင့် တိုင်း၊ ခရိုင် အဆင့်ဆင့်သို့ အကြောင်းကြားရပြန်သည်။
ရှုတ်ထွေးလှသည့် ဗြူရိုကရေစီယန္တရားများကြောင့် နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် လွန်စွာ အခက်အခဲ ဖြစ်စေသည်။
“ကျနော်တို့အနေနဲ့ လူဦးရေ ၂၀၀ လောက် နေနိုင်မယ့် ကိုဗစ်ကွာရန်တင်းစင်တာတွေ ပြင်ထားပြီးပါပြီ။ ဒါပေမယ့် အထက် လူကြီးတွေရဲ့ ညွှန်ကြားချက်ကို စောင့်နေရလို့ ထိုင်းနိုင်ငံက ပြန်လာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံလို့ မရသေးတာပါ” ဟု ကော့သောင်းခရိုင်ရှိ အမည်မဖော်လိုသူ အစိုးရအရာရှိတဦးက ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းထဲတွင်မူ နေရပ်ပြန်ပို့ရန် စောင့်ဆိုင်းနေသည့် အမျိုးသမီး ၈၀ ဦးနှင့် အသက် ၅ နှစ်အောက်ကလေးငယ် ၄ ဦး အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၂၀ ကျော်သည် နေရပ်ပြန်ရန် စောင့်ဆိုင်းနေကြသည်။
အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ကြရပြီး ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် လွတ်ရက်ပြည့်ကာ ပြန်လွတ် လာသည့် အလုပ်သမားများ ဖြစ်သည်။
“ကျနော်က မူးယစ်ဆေးဝါးမှုနဲ့ ထောင် ၈ နှစ် ကျခဲ့တယ်။ ထောင်ကလွတ်လာပြီး မြန်မာပြည်ပြန်ဖို့ လဝက အချုပ်ထဲမှာ ၆ လကျော် စောင့်နေခဲ့ရတယ်။ ထောင်ထဲက ထွက်လာတာဆိုတော့ ဘာမှ ပါလာတာ မဟုတ်ဘူး။ အချုပ်ထဲမှာ အစားအသောက် အရမ်းအခက်အခဲ ကြုံခဲ့ရတယ်” ဟု ကိုနောင်ကြီးဆိုသူ ထားဝယ်အမျိုးသားတဦးက ပြောပြသည်။
လူဦးရေ ၄၆ ဦးသာ ဝင်ဆံ့နေထိုင်နိုင်သည့် အချုပ်ခန်းကျဉ်းလေးထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၉၀ ကျော်ကို စုပြုံ ထည့်ထားသည်၊ မည်သည့်နေ့ လွတ်မည်ဆိုသည်ကို တိတိကျကျ မသိရပေ။
အစားအသောက်နှင့် ဆေးဝါး အခက်အခဲရှိသည်ဟု ရနောင်း လဝက အချုပ်ခန်းထဲတွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေ သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများက ပြောပြသည်။
“ကျနော်က အလုပ်ရှင် မတူတာတာရယ်၊ နိုင်ငံကူးလက်မှတ် သက်တမ်း မတိုးမိတာရယ်ကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဖွန်ခရိုင် အကျဉ်းထောင်ထဲမှာ ၄၈ ရက် နေခဲ့ရပြီးပြီ။ ရနောင်းလဝက အချုပ်ထဲမှာ ၃ လလောက် နေခဲ့ရတယ်” ဟု ပြီးခဲ့ သည့် စက်တင်ဘာ ၁၇ ရက်နေ့ကမှ လွတ်မြောက်လာသည့် ကိုဝေယံက ရှင်းပြသည်။
၎င်းက ဆက်၍ “တချို့လူတွေက ယားနာတွေ ပေါက်နေကြတယ်။ ပြီးတော့ ကျနော်တို့ နေရတဲ့ အခန်းကလည်း အရမ်းကျဉ်းပြီး သန့်ရှင်းမှု မရှိဘူး။ အချို့ အချုပ်သားတွေ ယားနာတွေ ပေါက်နေကြပေမယ့် လိမ်းစရာလည်း ဘာဆေးမှ မရှိဘူး။ အစားအသောက်လည်း အခက်အခဲရှိတယ်။ အတတ်နိုင်ဆုံး ကူညီပေးကြဖို့ ဘဝတူ အချုပ်သားတွေအတွက် မေတ္တာ ရပ်ခံချင်ပါတယ်” ဟုလည်း ဆိုသည်။
ကော့သောင်းမြို့ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ စီမံကိန်းတာဝန်ခံ ဦးမိုးဝေ၏ ပြောပြချက်အရ ၂၀၂၁ စက်တင်ဘာ ၁၇ ရက်နေ့က အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၃၄ ဦးနှင့် ကလေးသူငယ် ၁၃ ဦး စုစုပေါင်း ၁၇၆ ဦးကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံ ကော့သောင်းဘက်ခြမ်းသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၎င်းက “ကျနော်တို့ အနေနဲ့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၁၉ ထဲကစပြီး ကူညီပေးခဲ့ပါတယ်။ ကိုဗစ် စင် တာတွေမှာလည်း အစားအသောက်၊ ဆေးဝါးနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းတွေ ဝေငှပေးခဲ့ပါတယ်” ဟု ပြောသည်။
နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများအား စနစ်တကျ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို ယခင် အစိုးရများ အနေ ဖြင့်လည်း စနစ်တကျ မဆောင်ရွက်နိုင် သကဲ့သို့ ယခု အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင်လည်း ပိုမို ဆိုးရွားနေ သည်ကို တွေ့မြင်နေရသည်။
“လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာရေး” ဆိုသည့် ဆောင်ပုဒ်သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် လားလားမျှ မသက်ဆိုင်သလို ဖြစ်နေသည်။
မဝေးတော့သည့် အနာဂတ်တွင်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် လူကုန်ကူးခံရမှု အပါအဝင် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ဆက်လက် ရင်ဆိုင်နေရအုံးမည်သာ ဖြစ်သည်။ ။
You may also like these stories:
တနှစ်ခွဲအတွင်း ထိုင်းကို ခိုးဝင်သည့် မြန်မာလုပ်သား ၄ သောင်းကျော်ဖမ်းမိ
ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား လုပ်သားများကိုသာ ဦးစားပေးခေါ်ယူရန် ထိုင်းအစိုးရ စီစဉ်