ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်သည့် လူလတ်ပိုင်းအရွယ် ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့နှစ်ဦး၏ အနာဂတ်က စမ်းတဝါးဝါး လမ်းပျောက်သည့်အလားဟု ဆိုရမည်။
အကြောင်းက ၎င်းတို့နှစ်ဦး ပြီးခဲ့သည့် ဧပြီ ၃ ရက်က ဘန်ကောက်သို့ BIMSTEC အစည်းအဝေး လာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန်ပြင်နေချိန် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် အမှု ၇ မှုဖြင့် တရားစွဲခံရသောကြောင့်ဖြစ်သည်။
သူတို့ နှစ်ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်နေသည်မှာ ဆယ်စုနှစ်တခုရှိပြီဖြစ်ပြီး ကိုဖြိုးပိုင်က Backhoe စက်ယန္တရားကြီးများ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၊ ကိုနိုင်နိုင်စိုးကမူ ကော်ပစ္စည်း စက်ရုံတို့မှာ အလုပ်လုပ်ကြသည်။
ဆယ်နှစ်ကျော် ထိုင်းနိုင်ငံတွင် နေထိုင်သော်လည်း အမိမြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းခြင်းကိုတော့ လက်မခံ၊ ပို၍ ဆိုးသည်က စစ်တပ်၏ လူ ၆ ထောင်ကျော်သေစေသည့် ဆန္ဒပြအပြစ်မဲ့ပြည်သူများကို ပစ်သတ်ခြင်းအား မနှစ်မြို့ ထို့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘင်မ်းစတက်အစည်းအဝေး တက်ရန် ဘန်ကောက်လာသည့်အခါ သူတို့၏ ရင်တွင်းမှ ဆန္ဒကို ထုတ်ဖော်ရန် အခွင့်အရေးဖြစ်၍ ဆန္ဒပြရန် ရှန်ဂရီလာ ဟိုတယ်ရှေ့သို့ ရောက်လာခြင်း ဖြစ်သည်။
ထို့အတွက် ထိုင်းရဲတပ်ဖွဲ့၏ နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှု အသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည် တို့ဖြင့် တရားစွဲခြင်းကို ခံခဲ့ရပေသည်။
“လက်ရှိအနေအထားရ ကျနော်တို့က နှစ်နိုင်ငံလုံးမှာ Blacklist ဖြစ်သွားပြီ။ ကျနော်တို့ နိုင်ငံမဲ့ဖြစ်သွားပြီ” ဟု ကိုဖြိုးပိုင်က ပြောသည်။
၎င်းတို့အား စစ်ဆေးစဉ် စစ်ခေါင်းဆောင်ဓာတ်ပုံကို တွေ့ရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိအချိန်ထိ ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေး(လဝက) ထိန်းသိမ်းရေးစခန်းတွင် ဖမ်းထားဆဲဖြစ်သလို ၎င်းတို့နှစ်ဦး၏ နေထိုင်ခွင့် ဗီဇာပါ နိုင်ငံကူးလက်မှတ်နှင့် စာရွက်စာတမ်းများကိုပါ သိမ်းထားပြီး နာမည်ပျက်စာရင်း(Blacklist) သွင်းထားသည်။
ကိုဖြိုးပိုင်က “ကျနော်တို့က ဧပြီ ၄ ရက်နေ့ ရှန်ဂရီလာဟိုတယ်ရှေ့မှာ မင်းအောင်လှိုင်လာမှာကို ဆန္ဒပြပွဲရှိတဲ့အတွက် အဲဒီပွဲကိုသွားဝန်းရံမှာ။ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာပဲ။ ထိုင်းမှာ ကျနော်တို့ တခါမှအကြမ်းဖက်မှုမရှိဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပဲရှိတယ်။ အဲဒါကို မင်းအောင်လှိုင်ပုံ လက်ဝယ်တွေ့ ရှိမှုနဲ့ ဆန္ဒလည်းမပြရသေးဘူးကို အမှု ၇ မှုနဲ့ တရားစွဲထားတယ်” ဟု ရှင်းပြသည်။

သူတို့နှစ်ဦးတွင် ကိုနိုင်နိုင်စိုးကတော့ လူလွတ်တယောက်ဖြစ်ပြီး ကိုဖြိုးပိုင်မှာမူ မူလတန်းကျောင်းသားနှစ်ဦး၏ ဖခင်ဖြစ်သည်။
ကိုဖြိုးပိုင်၏ ဇနီးဖြစ်သူက “သူမရှိတော့ သားနှစ်ယောက်နဲ့ အစစအရာရာ ဒုက္ခရောက်တာပေါ့။ ဒီမှာက အလုပ်မရှိ၊ ငွေမရှိရင် ခက်ခဲတာ။ အမြန်ဆုံး ပြန်လွတ်စေချင်တာပါပဲ” ဟု ပြောသည်။
စစ်ခေါင်းဆောင်ကို ဆန္ဒပြမည့်နေ့က ထိုင်းကျောင်းသားတဦး တကိုယ်တော်ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံခဲ့ရသော်လည်း နေ့ချင်းပင် ပြန်လွှတ်ပေးခဲ့သော်လည်း ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့နှစ်ဦးကိုမူ ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ၃ လနီးပါး ရှိလာပြီဖြစ်ရာ မိသားစုဝင် များအနေဖြင့် စိုးရိမ်ပူပန်နေကြသလို မြန်မာပြည်ပြန်မပို့ရေးနှင့် အမြန်ဆုံးပြန် လွတ်မြောက်ရေး မျှော်လင့်နေကြသည်။
၎င်းတို့နှစ်ဦး စတင်ဖမ်းဆီးခံရချိန်တွင် ထိုင်းအာဏာပိုင်များက မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မပေးခဲ့သလို ထိုင်းဘာသာဖြင့် ရေးသားထားသောစာရွက်အား အတင်းအကျပ် လက်မှတ်ထိုးစေပြီး မြန်မာပြည်ပြန်ပို့ရန်သာ ပြောနေကြောင်း၊ ယခုထိန်းသိမ်းခံထားရသည့်နေရာမှ အမြန်ဆုံးလွတ်မြောက်နိုင်ရေး အလုပ်သမားရေး ဆောင်ရွက် နေသည့် အဖွဲ့အစည်း များအနေဖြင့် ကူညီပေးစေချင်ကြောင်း ကိုနိုင်နိုင်စိုးက တောင်းဆိုသည်။
ကိုဖြိုးပိုင်ကလည်း “ဒီအမှုတွေနဲ့ဆို ကျနော်တို့ကို မြန်မာပြည်ပြန်ပို့မှာပဲ။ အဲဒါကို ကျနော်တို့က အရေးပေါ်အနေနဲ့ မြန်မာပြည် ပြန်ပို့ရင် အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတဲ့အကြောင်း UN ကို အီးမေးလ်ပို့လိုက်တဲ့အတွက် အကာ အကွယ်တခု ဖြစ်သွားတာပေါ့” ဟု ဆိုသည်။
ယခု ကိစ္စကြောင့် ၎င်းတို့အား ထိုင်းအာဏာပိုင်များက နေရပ်ပြန်မပို့ရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် က ကူညီပေးနေကြောင်း သိရသည်။
ထိုင်းတောင်ပိုင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)အဖွဲ့မှ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက “တကယ်တမ်း နိုင်ငံရေးနဲ့ပတ်သက်ပြီး UN ကနေ ဒုက္ခသည်ဆိုပြီး လက်ခံလိုက်ပြီဆိုရင် အပြည်ပြည်ဆိုင်ရာဥပဒေ အရ ပြန်ပို့စရာအကြောင်းမရှိဘူး။ လျှောက်ထားဆဲကာလမှာကို ကာကွယ်မှုရရမှာ။ အခုနောက်ပိုင်းမှာ UN ကနေ ကာကွယ်မှုက အားနည်းလာတာကို တွေ့ရတယ်” ဟု မှတ်ချက်ပြုသည်။
ထို့ကြောင့် ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့နှစ်ဦး ပြန်ပို့ခံရ၊ မခံရဆိုသည်မှာ ပြောရခက်ကြောင်း၊ မီဒီယာများနှင့် သက်ဆိုင် ရာအဖွဲ့အစည်းများမှ ရှေ့နေများနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် ချက်ချင်းပြန်ပို့ခြင်းမျိုး မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ကိုဖြိုးပိုင်က “UN ကတော့ မြန်မာနိုင်ငံသားတွေအတွက် တတိယနိုင်ငံက ခေါ်ဖို့မရှိသေးဘူးလို့ ပြောတယ်။ ခုက ဘယ်သူမှလည်း လာကူညီပေးနေတာ မရှိဘူး။ ကျနော့်မိသားစုကတော့ ဒုက္ခရောက်နေတာပေါ့” ဟု ပြောပြသည်။
မြန်မာပြည် ပြန်ပို့ခံရပြီး စစ်ကောင်စီလက်သို့ ရောက်သွားပါက အသက်အန္တရာယ်သာမက ညှဉ်းပမ်းနှိပ်စက်ကာ ထောင်သွင်းအကျဉ်းချခံရမည့် ဘေးနှင့် ရင်ဆိုင်ရမည်ကိုလည်း သူတို့သာမက မိသားစုကလည်း စိုးရိမ်သည်။
ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ ဖမ်းဆီးခံထားရသည်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ထံသို့ ဆက်သွယ်၍ အကူအညီတောင်းခံထားကြောင်းနှင့် လက်ရှိအချိန်အထိ အကူအညီမရ ရှိသေးသော်လည်း ကူညီမည်ဟု မျှော်လင့်ကြောင့် ကိုဖြိုးပိုင်က ပြောသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦး အကူအညီတောင်းခံထားမှုနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနအနေဖြင့် NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၅ မေလအထိ စာရင်းအရ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား တသန်း ကျော်ရှိကြောင်း သိရပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတို့ အဆိုအရ တရားမဝင်ရောက်ရှိနေသူမှာ ၂ သန်းကျော် ရှိကြောင်း သိရသည်။
နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ စစ်မှုထမ်းဥပဒေ စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ထိုင်းသို့ ထွက်ပြေးခိုလှုံလာကြသော ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အထောက်အ ထားမပြည့်စုံမှု၊ ကန့်သတ်အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်မှု စသဖြင့် နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံရမှုများ ရှိနေသည်။
စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးနောက်ပိုင်း ထိုသို့ ရွှေ့ပြောင်းလုပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းသည့်အမှုပေါင်း ထောင်ချီရှိကြောင်း Myanmar Humanitarian Action Center (MHAC) စာရင်းများအရ သိရသည်။
ထို့ကြောင့်လည်း ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ကျခံရသည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအနေဖြင့် နေရပ်ပြန်ပို့ခံရမည့်အပေါ် စိုးထိတ်ကြခြင်း ဖြစ်သည်။
You may also like these stories:
ရွှေ့ပြောင်းလုပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်း
ရွှေ့ပြောင်းလုပ်သား မူဝါဒအပြောင်းအလဲ ထိုင်းရောက်မြန်မာတွေအတွက် အဆင်ပြေနိုင်မလား
ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော














