နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီးရန် သီးသန့်ဝယ်ထားသည့် လေယာဉ် ၂ စီး ရှိသည်။ လေယာဉ် ၂ စီးလုံးမှာလည်း အမျိုးအစားတူ ပုံစံတူ ဖြစ်သည်။ ဒေါ်ကြူကြူလှသည်ပင် အဆိုပါ လေယာဉ်အား စစ်ခေါင်း ဆောင်မပါဘဲ စီးခွင့်မရပေ။ “သူ မပါရင် မထွက်ရဘူးလို့” အမိန့်ပေးထားတာဟု လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိတဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် သီးသန့်ဝယ်ထားသည့် လေယာဉ်မှာ Fokker-70 ဂျက်လေယာဉ် အမျိုးအစား ဖြစ်သည်။ Fokker 70 ဂျက်လေယာဉ်အား နယ်သာလန်နိုင်ငံတွင် ထုတ်လုပ်ပြီး ခရီးသည်ဦးရေ ၇၀ နှင့် ၈၀ ကြား တင်ဆောင်နိုင်သည့် သယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်သည်။ စစ်ကောင်စီ လေတပ်တွင် အဆိုပါလေယာဉ်အား VIP လေယာဉ်အဖြစ် တရားဝင်သတ်မှတ်ထားပြီး နေပြည်တော် လေတပ်စခန်းဌာနချုပ်၌ ထားရှိသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်တွင်း ပြည်ပ ခရီးစဉ်များ၌ အဆိုပါ Fokker70 ဖြင့် သွားရောက်လေ့ ရှိသည်။ အဆိုပါ Fokker 70 လေယာဉ် ဆင်းမရသည့်ဒေသဖြစ်မှသာ စစ်ခေါင်းဆောင်က MI-17 ရဟတ်ယာဉ်ကို စီးလေ့ရှိသည်။
နိုင်ငံ့ခေါင်းဆောင် စီးသောလေယာဉ် “Air Force One” အိပ်မက်ကို စ မက်သူမှာ ယခင် စစ်ခေါင်းဆောင် ဦးသန်းရွှေ ဖြစ်သည်။ သို့သော် သူစီးရန် မဟုတ်ပေ။ ၂၀၁၀ ခုနှစ်တွင် အာဏာလွှဲပြောင်းအပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံသမ္မတဖြစ်မည့် သူ၏တပည့် ဦးသိန်းစိန်အတွက် “အမေရိကန် သမ္မတစီးသည့် လေယာဉ်သဖွယ်ဖြစ်သော” လေယာဉ်ကို ရုရှားမှ ဝယ်ယူရေး လုပ်ခဲ့ဖူးသည်။
၂၀၁၀ ပြည့်နှစ်က လက်မှတ်ရေးထိုးထားသည့် ကန်ထရိုက်စာချုပ်အရ “မြန်မာသို့ပေးပို့မည့်” လေယာဉ်ကို သရုပ်ပြပျံသန်းနေစဉ် ၂၀၁၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ မော်စကို စံတော်ချိန် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရုရှားအလယ်ပိုင်း ကုန်းမြင့်ဒေသ အရှေ့တောင်ဘက်စွန်းမှ မတ်စောက်သည့် တောင်တန်းဒေသ လေထဲတွင် ပေါက်ကွဲပြီး ဘယ်လ်ဂိုရော့ အော့ဘလတ်မှ ကျေးရွာအပြင်တွင် ပျက်ကျသည်။
ထိုအချိန်မှ စ၍ “Air Force One” အိပ်မက်သည် တစစီပြိုကွဲသွားခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း သူစီးရန် Fokker 70 လေယာဉ် နှစ်စီးဝယ်ခဲ့သည်။ မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို “Air Force One” ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။
အမေရိကန်သမ္မတ စီးသော လေယာဉ်နံပါတ်မှာ Air Force One ဟု ပေးထားပြီး ဒုတိယ သမ္မတစီးသည့် လေယာဉ်အား Air Force Two ဟု ပေးထားသည်။
မင်းအောင်လှိုင်အနေဖြင့် သူစီးရန် သီးသန့်ဝယ်ထားသော လေယာဉ်နံပါတ်အား 002 ပေးသော်လည်း ပြည်ထောင်စုအင်္ဂါစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့် (၈) ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် ၎င်း၏ ရာထူးမှာ ဒုသမ္မတနှင့် တန်းတူကြောင်း ကိုယ့်ဘာသာကိုယ် ယုံကြည်သူ ဖြစ်သည်။
ထို Fokker လေယာဉ်အမျိုးအစား ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၌ သမ္မတ ဦးထင်ကျော် တာဝန်ယူထားပြီး ဒုသမ္မတ ၂ ဦးမှာ ဦးဟင်နရီဗန်ထီးယူနှင့် ဦးမြင့်ဆွေတို့ ဖြစ်ကြသည်။ ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စီးရန် သီးသန့်ဝယ်ယူထားသည့် Fokker 70 လေယာဉ် နံပါတ် အား 002 နှင့် 003 ဟု ပေးခဲ့ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအရ ပြဌာန်းထားသော ပြည်ထောင်စုအင်္ဂါစဉ်ကို မလေးစားခြင်း ဖြစ်သည်။
002 လေယာဉ်အား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သား ကုမ္ပဏီမှတဆင့် သူ့အဖေစီးရန် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု လေတပ်မှ CDM ဝင်ခဲ့သော စစ်သည် အချို့က ဆိုသည်။ အဆိုပါ လေယာဉ်မှာ ၂၀၁၇ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဟန်နာဘိချ် ရေးသားသော နယူးယောက်တိုင်းမ်စ်သတင်းဆောင်းပါးတပုဒ်က ကာကွယ်ရေးဦးစီးချုပ် (လေ)မှတဆင့် တပ်ချုပ် မင်းအောင်လှိုင်မိသားစုနှင့် ခင်မင်ရင်းနှီးသွားသော ခရိုနီလက်သစ် ဂျော်နသန်ကျော်သောင်းက ၂၀၁၇ ခုနှစ်တွင် မိသားစုပိုင် လေကြောင်းကုမ္ပဏီကတဆင့် ယင်း Fokker 70 လေယာဉ်နှစ်စီးကို KLM Royal Dutch Airlines ၏ ကုမ္ပဏီခွဲတခုဆီမှ ဝယ်ယူခဲ့ကြောင်း ရေးသည်။
အဆိုပါ ဝယ်ယူမှုကြောင့် နယ်သာလန်ပိုင် လေယာဉ်များ ထိုအချိန်က ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွပ်စွဲခံနေရသော မြန်မာစစ်တပ်လက်ထဲသို့ မည်သို့ ရောက်သွားကြောင်း နယ်သာလန် ပါလီမန်တွင် မေးခွန်းထုတ်ခြင်း ရှိလာခဲ့သည်။ နယ်သာလန် ပါလီမန်က စုံစမ်းစစ်ဆေးမှုအရ ထိုလေယာဉ်ကို စင်္ကာပူ ကုမ္ပဏီတစ်ခုက စီးပွားရေးလုပ်ငန်းသုံးအတွက် ဝယ်ယူထားကြောင်းတွေ့ရသည်။ ထိုကုမ္ပဏီက ကျော်သောင်းမိသားစု၏ လေကြောင်း ကုမ္ပဏီခွဲ MWG ကုမ္ပဏီဖြစ်သည်။ သို့ရာတွင် စင်္ကာပူတွင် ထိုအချိန်က ထိုကုမ္ပဏီ မှတ်ပုံတင်ထားခြင်း မရှိသေးပါ။
လေတပ်အတွက် လိုအပ်သော လေယာဉ်၊ ရဟတ်ယာဉ်အပါအဝင် စစ်လက်နက်ပစ္စည်းများအား စစ်ခေါင်းဆောင်များနှင့် ရင်းနှီးသော ကုမ္ပဏီများမှတဆင့် ဝယ်ယူလေ့ ရှိသည်။ ဝယ်ယူခွင့်ရသည့်ကုမ္ပဏီမှာလည်း ရောင်းသူနှင့် ဝယ်သူနှစ်ဖက် စလုံးမှ အကျိုးအမြတ် ရကြသည်။
ဧရာဝတီက ရရှိထားသော စစ်တပ်၏ဘတ်ဂျက်စာရင်းတခုအရ Fokker 70 လေယာဉ်တစီးအတွက် ၁ နှစ် ပြင်ဆင်စရိတ် အနေဖြင့် အမေရိကန်ဒေါ်လာ ၅ သိန်း ၁ သောင်းကျော် တောင်းခံထားသည်။
“ဝယ်တုန်းက အီတလီနိုင်ငံက တဆင့် ဝယ်တာ၊ အင်ဂျင်က Rolls-Royce ကုမ္ပဏီက၊ လေယာဉ်က အသစ်စက်စက်တော့ မဟုတ်ဘူး။ ဒါပေမယ့် တော်တော်ကောင်းသေးတယ်” ဟု လေတပ် CDM စစ်သည်တဦးက ဆိုသည်။
ဒုတပ်ချုပ် စိုးဝင်းအပါအဝင် တခြားသော စစ်ဗိုလ်ချုပ်ကြီးများအား သူ့လေယာဉ်များ ပေးမစီးဘဲ ATR လေယာဉ် အမျိုးအစားများကိုသာ စီးနင်းစေသည်။
စစ်ခေါင်းဆောင် သီးသန့်စီးသည့် လေယာဉ်အား နေပြည်တော်လေဆိပ်တွင် သီးသန့်ထားရှိသည်။ အဆိုပါ လေယာဉ်အား မောင်းနှင်သည့် လေယာဉ်မှူးများသည်လည်း တာဝန်ကျသည့်တပ်တွင် နေထိုင်စရာမလိုဘဲ နေပြည်တော်၌သာ နေရသည်။
Fokker 70 အား မောင်းနှင်သည့် လေယာဉ်မှူးကြီးနှစ်ဦးမှာ ဒုဗိုလ်မှူးကြီး ရဲဝင်းနှင့် ဒုဗိုလ်မှူးကြီး အောင်ကိုကို တို့ ဖြစ်သည်။ Fokker 70 လေယာဉ်မှူး ဒုဗိုလ်မှူးကြီး အောင်ကိုကို သည် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်တွင် အုပ်ချုပ်ရေး တာဝန်ခံဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် သူ သီးသန့်စီးရန် နိုင်ငံပိုင်ငွေဖြင့် ဂျက်လေယဉ်နှစ်စီး ဝယ်ယူခဲ့သော်လည်း NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရဟတ်ယာဉ်တစီး ဝယ်ခဲ့သည်ကို လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲကာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိမှုဖြင့် တရားစွဲဆို ထောင်ချခဲ့သည်။
စစ်တပ်တွင် ရဟတ်ယာဉ်များစွာ ရှိသော်လည်း NLD အစိုးရအဖွဲ့အနေဖြင့် အသုံးပြုခွင့်တောင်းသည့်အခါ အကြောင်းအမျိုးမျိုးပြ ငြင်းပယ်လေ့ရှိပြီး မလွဲသာမရှောင်သာသည့်အခြေအနေမှသာ အသုံးပြုခွင့်ပေးသည်။ ထို့ကြောင့် NLD အစိုးရ အနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ အရေးပေါ်ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရန် ရဟတ်ယာဉ် အသေးတစီးအား ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ဦးသန်းရွှေ၏ “သမ္မတလေယာဉ်အိပ်မက်” ဘယ်လိုပျက်
မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ
လေတပ်ကို မှီ၍ ပိုချမ်းသာလာကြသည့် စစ်ဗိုလ်ချုပ် အနွယ်တော်များ
မြန်မာ့လေတပ်ကို အမှီပြု၍ ကြီးပွားလာသူ (သို့မဟုတ်) ဦးကျော်မင်းဦး
စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ