စာရင်းကိုင် မခင်သစ်ရီသည် စီးပွားရေးလုပ်ငန်း အကြံပေးအဖြစ် ရန်ကုန်တွင် နေထိုင်လုပ်ကိုင်ပြီး သူထူထောင်ထားသည့် စာရင်းကိုင်အစီအစဉ်တွင် အွန်လိုင်းလေ့ကျင့်ပေးသူအဖြစ်နှင့် တဖက်တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းတခုတွင် ရင်းနှီးမြှုပ်နှံနေသည်မှာ ဆယ်စုနှစ် နှစ်ခုရှိပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာအာဏာသိမ်းမှု မတိုင်မီက သူသည် ရန်ကုန်မှ အကြီးမားဆုံး စာရင်းကိုင်လုပ်ငန်း လေးခုအနက် တခုတွင် လုပ်ကိုင်နေသည်။
“အာဏာသိမ်းတယ်လို့ ကြေညာတော့ ကျမက အိပ်နေတုန်းပဲ ရှိသေးတယ်။ အမေက အဲဒီသတင်းကို ပြောတော့ ကျမ အရမ်း အံ့သြသွားတယ်” ဟု BenarNews သို့ ပြောသည်။
သို့သော် ယခုအခါ အသက် ၄၁ နှစ်ရှိပြီဖြစ်သော မခင်သစ်သည် အခြေအနေကို နားလည်ရန် အချိန်များများ မလိုအပ်ပေ။ အာဏာသိမ်းပြီး နှစ်လအကြာတွင် သူနှင့် သူ့မိသားစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဘဝသစ်များ စတင်ရန် ဘန်ကောက်သို့ ဦးတည်ထွက်လာခဲ့သည်။
“၂၀၂၁ ခုနှစ်၊ မတ်လမှာ အခြေအနေ ပိုဆိုးလာတယ်။ ကျမရဲ့ရုံးကို မေးကြည့်တော့ သူတို့က ကျမကို စင်ကာပူကို ရွှေ့ပြောင်းဖို့ အကူအညီပေးနိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ကျမ စင်ကာပူကို ပြောင်းရင် လူနေမှုစရိတ် အရမ်းမြင့်တော့ မိသားစုကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ထိုင်းကို သွားဖို့ ဆုံးဖြတ်လိုက်ကြောင်း ရုံးကို အကြောင်းကြားလိုက်တယ်” ဟု ပြောသည်။
ယနေ့တွင် မခင်သစ်သည် ဘန်ကောက်ရှိ နိုင်ငံတကာ လုပ်ငန်းတခုမှ အတိုင်ပင်ခံစီမံခန့်ခွဲရေး ရာထူးတနေရာ ရရှိထားပြီး မြန်မာသို့ပြန်ရန် အစီအစဉ် မရှိပေ။
သူသည် မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးနှင့် ထိုစဉ်အချိန်မှ စတင်သည့် စစ်တပ်က အတိုက်အခံ၊ တော်လှန်ရေး လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းပြီးနောက် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသော များပြားလှသည့် မြန်မာမှ အသက်မွေးဝမ်းကြောင်း အတတ်ပညာရှင်များတွင် ပါဝင်သည်။
ယနေ့တွင် မခင်သစ်သည် ဘန်ကောက်ရှိ နိုင်ငံတကာ လုပ်ငန်းတခုမှ အတိုင်ပင်ခံစီမံခန့်ခွဲရေး ရာထူးတနေရာ ရရှိထားပြီး မြန်မာသို့ပြန်ရန် အစီအစဉ် မရှိပေ။
မြန်မာနိုင်ငံတဝန်းမှ တိုက်ပွဲများသည် လူသန်းပေါင်းများစွာကို နေရပ်စွန့်ခွာစေပြီး အရပ်သား ၈,၀၀၀ ခန့်အပါအဝင် အနည်းဆုံးလူ ၅၀,၀၀၀ ကို သတ်ဖြတ်သည်ဟု လက်နက်ကိုင်ပဋိပက္ခ တည်နေရာနှင့် ဖြစ်ရပ်အချက်အလက် စီမံကိန်း (ACLED) က ဖော်ပြသည်။
မြန်မာမှ ထိုင်းသို့ ရွှေ့ပြောင်းအခြေချသူများနှင့် တိုက်ပွဲများမှ တိမ်းရှောင်လာသူ အချို့သည် စစ်အာဏာသိမ်းမှု မတိုင်မီက ရွှေ့ပြောင်းလာသူများဖြစ်ပြီး အခြားသူများမှာ အာဏာသိမ်းပြီး နောက်ပိုင်း ရွှေ့ပြောင်းလာသူများ ဖြစ်သောကြောင့် အရေအတွက်သည် အချိန်ကာလအလိုက် အတက်အကျ ရှိနိုင်သည်။ အချို့သည် မြန်မာတွင် နေထိုင်ဆဲဖြစ်ကာ အသွားအပြန်လုပ်နေကြောင်း မခင်သစ်က ပြောသည်။
၂၀၂၃ ခုနှစ်အစပိုင်းနောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် ရေရှည် ရွှေ့ပြောင်းအခြေချစူ ခန့်မှန်းခြေ လစဉ်အရေအတွက်မှာ ၁၃,၀၀၀ ဖြစ်ကြောင်း ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ပြောသည်။
မခင်သစ်သည် သူ့နိုင်ငံနှင့်ပတ်သက်ပြီး အကောင်းမြင်သည့် အမြင်များ မရှိတော့ကြောင်း ပြောသည်။
“အာဏာမသိမ်းခင်က ကျမနိုင်ငံနဲ့ ကျမ ပြည်သူအပေါ် ယုံကြည်မှုရှိပြီး ဒီလူမှုအသိုက်အဝန်းကို အကျိုးဆောင်ချင်ခဲ့ပြီး နိုင်ငံကို ပိုမိုကောင်းအောင် လုပ်ချင်တယ်။ ဒါပေမယ့် အာဏာသိမ်းပြီး နောက်မှာတော့ ကျမ လမ်းပျောက်သွားပြီ” ဟု သူကပြောသည်။
ရွှေ့ပြောင်းခြင်း
အချိန်ပြည့်အလုပ်အပြင် မခင်သစ်သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် စားသောက်ဆိုင် နှစ်ခုကိုလည်း စီမံပြီး ဘန်ကောက်မှ အိမ်ခြံမြေတွင်လည်း ရင်းနှီးမြှုပ်နှံသည်။ သူသည် မိခင်၊ ဦးလေး၊ အကို၊ မောင်များနှင့် မိသားစုအတွက် ဘဝမျှော်လင့်ချက်ထားသည်။
“ထိုင်းနိုင်ငံမှာ ယဉ်ကျေးမှုက သိပ်မကွာခြားဘဲ လူနေမှုစရိတ်က အဆင်ပြေတယ်။ ဒီမှာ စီးပွားရေးလုပ်ငန်း စတင်ရတာလည်း လွယ်ကူတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းဘလော်ဂါ တဦးဖြစ်သူ နက်တီ တန်မီးဆန်သည် မြန်မာတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိနေထိုင်ခဲ့ပြီး ရန်ကုန်တွင် ဈေးကွက်ရှာဖွေရေးနှင့် ဆက်သွယ်ရေး အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရလာခြင်းသည် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် တံခါးဖွင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံသားများအတွက် အခွင့်အလမ်းများ ယူဆောင်ပေးခဲ့ကြောင်း ပြောသည်။
“အခုကျတော့ လူလတ်တန်းစားလှိုင်းတခုနဲ့ ချမ်းသာတဲ့ မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံမှာ နေထိုင် စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတာ ကျမတို့တွေ တွေ့နေရတယ်” ဟု မစ္စ နက်တီက BnearNews သို့ ပြောသည်။ “သူတို့ အများအပြားက စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီမှာ ထူထောင်ထားကြတယ်။ အဆင့်မြင့် ပညာရေးအတွက် လာသူတွေလည်း အများအပြားရှိတယ်” ဟု ပြောသည်။
“အခုကျတော့ လူလတ်တန်းစားလှိုင်းတခုနဲ့ ချမ်းသာတဲ့ မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံမှာ နေထိုင် စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတာ ကျမတို့တွေ တွေ့နေရတယ်” ဟု မစ္စ နက်တီက BnearNews သို့ ပြောသည်။
မြန်မာမှ ဝယ်ယူသူများသည် ဘန်ကောက်၊ ချင်းမိုင်နှင့် ဖူးခက်မှ အိမ်ရာစီမံကိန်းများကို ရှာဖွေနေကြောင်း အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Colliers Thailand က ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့ပြီး ၎င်းတို့သည် လူလတ်တန်းစား အထက်လွှာမှ အသက် ၃၅ နှစ်အထက် လူငယ်များဖြစ်ကြောင်း ဖော်ပြသည်ဟု ဘန်ကောက်ပို့စ်၏ သတင်းအရ သိရသည်။
ထွက်ပြေးလာကြသူများ
အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား အမျိုးသားများနှင့် ၁၈ နှစ်မှ အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေသည် ဧပြီလလဆန်းတွင် စတင်မည်ဖြစ်သောကြောင့် ငယ်ရွယ်သော လူလတ်တန်းစား မြန်မာနိုင်ငံသားများ အလုံးအရင်း နိုင်ငံမှ ထွက်ပြေးခြင်းသည် မကြာမီ မြင့်တက်လာနိုင်ကြောင်း မစ္စ နက်တီက ပြောသည်။
“၂၀၂၁ ခုနှစ်နောက်ပိုင်း ပဋိပက္ခက မျိုးဆက်သစ်နဲ့ စစ်တပ်အကြား ပဋိပက္ခဖြစ်တယ်” ဟု မစ္စ နက်တီက စစ်ကောင်စီ ဆန့်ကျင်သူများအကြောင်း ရှင်းပြသည်။ “ဒါကြောင့် သူတို့တွေကို စစ်တပ်က သဲသဲမဲမဲ တိုက်ခိုက်တယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလတွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ပြီးနောက် မကြာမီ မြန်မာကျောင်းသားများ ချင်းမိုင်ပြည်နယ်ရှိ Payap တက္ကသိုလ်တွင် လျှောက်ထားမှု ရုတ်တရက် မြင့်တက်လာကြောင်း ထိုတက္ကသိုလ် နိုင်ငံတကာရေးရာဥက္ကဋ္ဌ၏ လက်ထောက် မစ္စ တိုင်ယန် လေရာမန်က ပြောသည်။
“ကျမတို့ ကျောင်းက စာသင်နှစ်ဝက်က ထုံးစံအားဖြင့် သြဂုတ်လမှာ စတင်ပြီး နောက်ထပ် ကျောင်းဝင်ခွင့် လျှောက်လွှာတွေ ဆက်လက်ရနေပေမယ့် ဒီနှစ်မှာ စောစောစီးစီး လျှောက်လွှာတွေ အများကြီးရနေတယ်” ဟု သူက BenarNews သို့ ပြောသည်။
“၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကတည်းက မြန်မာကျောင်းသားတွေ ဒီမှာကျောင်းတက်ပြီး မြန်မာကို ပြန် အလုပ်လုပ်တာ သတိထားမိတယ်။ အခုကျတော့ သူတို့က ဘွဲ့ရပြီးရင် ထိုင်း ဒါမှမဟုတ် အခြားနိုင်ငံတခုမှာ အလုပ်ရှာချင်ကြတယ်” ဟု ၎င်းကပြောသည်။
မျှော်လင့်ချက်သစ်
ပဲခူးမှ အသက် ၂၀ အရွယ် ကျောင်းသူ မစုစုသည် သူနှင့် ညီအမတော်စပ်သူ ထိုင်းသို့ ရွှေ့ပြောင်းလာပြီးနောက် မြန်မာနယ်စပ် တာ့ခ်ခရိုင်တွင် နေထိုင်နေသည်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဖြစ်သည်။
သူသည် ဒီပလိုမာနှင့် ညီမျှသည့်လက်မှတ် ရယူရန် ကြိုးစားနေပြီး ထိုင်းတက္ကသိုလ်တခုခုတွင် တက်ရောက်လိုသည်။ သူ၏အမည်ရင်းမှာ အခြားအမည်ဖြစ်ကာ ထိုင်းနိုင်ငံသို့ လာရောက်ရသည့် ခရီးသည် စွန့်စားရသည့် ခရီးဖြစ်သော်လည်း ဆက်လက် စွန့်စားလိုသည်။
“ကျမနဲ့ တခြားညီအမ တယောက်က ပဲခူးကနေ မြဝတီကိုလာခဲ့တယ်။ နောက်တော့ ပွဲစားက ကျမတို့ကို သောင်ရင်းမြစ်ကနေ တာ့ခ်ခရိုင်ကို ပို့ပေးတယ်” ဟု ပြောသည်။
ပဲခူးတွင် ကျောင်းဆရာမနှင့် သူနာပြုဆရာမအဖြစ် လုပ်ကိုင်သော မစုစုနှင့် ညီအမများသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကျန်းမာရေးလုပ်သားများနှင့် ပြည်သူ့ဝန်ထမ်းများ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သော လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကြသည်။ လုံခြုံရေး အန္တရာယ်ကြောင့် ညီအမ သုံးယောက်သည် ထိုင်းသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်ပြီး မိခင်နှင့် မြို့မှ မိတ်ဆွေအားလုံးကို ချန်ထားခဲ့သည်။
“ကျမတို့ မြန်မာနိုင်ငံက မိတ်ဆွေအားလုံးမှာ အနာဂတ်ရည်မှန်းချက်ဆိုတာ ရှိပေမယ့် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အခွင့်အလမ်း၊ လုံခြုံမှု၊ တရားမျှတမှုဆိုတာ မရှိတော့ဘူး၊ တနေ့ကျရင် မြန်မာနိုင်ငံကို ပြန်ချင်တယ်။ ဒါပေမယ့် အခြေအနေက ဘာမှမကောင်းဘူး” ဟု မစုစုက ပြောသည်။
“ကျမတို့ မြန်မာနိုင်ငံက မိတ်ဆွေအားလုံးမှာ အနာဂတ်ရည်မှန်းချက်ဆိုတာ ရှိပေမယ့် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အခွင့်အလမ်း၊ လုံခြုံမှု၊ တရားမျှတမှုဆိုတာ မရှိတော့ဘူး၊ တနေ့ကျရင် မြန်မာနိုင်ငံကို ပြန်ချင်တယ်။ ဒါပေမယ့် အခြေအနေက ဘာမှမကောင်းဘူး” ဟု မစုစုက ပြောသည်။
မြန်မာပြည်တွင်းစစ် လေးနှစ်ကာလအတွင်း ဝင်ရောက်လာသောအခါ ထိုင်းနိုင်ငံသည် မြန်မာသို့ အစားအစာနှင့်ဆေးဝါးများ ပေးပို့ရေးအတွက် တာ့ခ်ခရိုင်တွင် ထူထောင်မည့် လူသားချင်းစာနာမှု စင်္ကြံအပါအဝင် အစီအစဉ်များကို ဖန်တီးလာသည်။
ထိုင်းပါလီမန်သည် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော နိုင်ငံရေးအဖြေရှာရန် ဆွေးနွေးပွဲတခုကို မကြာသေးမီက ကျင်းပခဲ့ကြောင်း ထိုင်းအတိုက်အခံပါလီမန် ကိုယ်စားလှယ် ရန်ဆီမန် ရုမ်းက ပြောသည်။
ထိုကိစ္စသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည့် ကိစ္စအဖြစ် မြန်မာစစ်ကောင်စီ ဝေဖန် ရှုတ်ချသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဗဟစ်ဒါ နုကာရာသည် ထိုဆွေးနွေးပွဲတွင် မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း ဆွေးနွေးပွဲမတိုင်မီ အချိန်အနည်းငယ်အလိုတွင် ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။
“လူသားချင်းစာနာမှု အကူအညီဆိုတာ စားနပ်ရိက္ခာထောက်ပံ့ဖို့သာမက တခြားအကူအညီတွေ ပေးဖို့လည်း လိုတယ်။ မြန်မာမှာ လုံခြုံရေးအတွက် စာရွက်စာတမ်းမရှိဘဲ ထွက်ပြေးလာရတဲ့ သူနာပြုတွေ၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ သတင်းသမားတွေလို အသက်မွေးဝမ်းကြောင်း ပညာရှင်တွေ အများကြီးရှိတယ်။ ကျမတို့က သူတို့ကို ကူညီသင့်တယ်” ဟု မစ္စ နက်တီက ပြောသည်။
(BenarNews ပါ Jitsiree Thongnoi ၏ New faces of Burmese migrants in Thailand are young, savvy ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ကျဆင်း
Editorial Talk: မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၁)
စိန်ခေါ်မှုတွေ ပိုပြင်းထန်လာတဲ့ ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်းကျောင်းများ (ရုပ်/သံ)