နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့်သူ ၂၀၀ ခန့်ကို တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့၌ စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး ၎င်းတို့အနက် ၁၄၀ ကို စစ်သားစုဆောင်းလိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တခုက ပြောသည်။
“ကော့သောင်းနဲ့ ရနောင်းအကြား နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့ အမျိုးသားနဲ့အမျိုးသမီး ၁၉၀ နဲ့ ပွဲစား သုံးယောက် မြိတ်မှာ အင်္ဂါနေ့ (အောက်တိုဘာလ ၁၅) က ဖမ်းဆီးခံလိုက်ရတယ်” ဟု ထိုင်းနိုင်ငံ Myanmar Humanitarian Action Center (MHAC) မှ ကိုရဲမင်းက ပြောသည်။
အဖမ်းခံရသူ အများစုသည် မြန်မာနိုင်ငံအနှံအပြားမှ လူငယ်များဖြစ်ကြောင်း ၎င်းက ပြောသည်။ အများစုသည် ရခိုင်လူမျိုးဖြစ်သော်လည်း ဗမာ၊ မွန်၊ ကရင်နှင့် ချင်းလူမျိုး အနည်းငယ်လည်း ပါဝင်သည်။
စစ်ကောင်စီတပ်က ၎င်းတို့ကို မြိတ်တွင် စစ်ဆေးပြီးနောက် အသက် ၄၀ ကျော်သောအမျိုးသား၊ အမျိုးသမီးများကို ပြန်လွှတ်လိုက်ပြီ အသက် ၂၀ ကျော်အရွယ် ကျန် ၁၄၀ သည် ဖမ်းဆီးစခန်းတွင် ကျန်ရစ်သည်။ ၎င်းတို့ကို စစ်တပ်အတွက် အတင်းအကျပ် စစ်သားစုဆောင်းဖွယ်ရှိကြောင်း လွတ်မြောက်လာသူများက ပြောကြောင်း ကိုရဲမင်းက ပြောသည်။
ပွဲစား သုံးဦး၏ ကံကြမ္မာကို မသိရပေ။
ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးကြောင်းနှင့် ကျန်ဖမ်းဆီးထားသူများကို စစ်သင်တန်းကျောင်းသို့ ပို့ရန် စီစဉ်နေကြောင်း မြိတ်ဒေသခံတဦး အတည်ပြု ပြောကြားသည်။
“ကနဦးက သူတို့ကို ခြေလျင်တပ်စခန်းနဲ့ မြိတ်လေတပ်စခန်းမှာ ဖမ်းထားတာ။ အသက်ကြီးတဲ့လူတွေကို ပြန်လွှတ်ပြီးတော့ လူငယ်တွေကို အမှတ် ၁၂ တန်းမြင့်စစ်သင်တန်းကျောင်းကို လွှဲပေးမယ်လို့ ယူဆရတယ်” ဟု ၎င်းကပြောသည်။
ထိုစစ်သင်တန်းကျောင်းသည် မြိတ်ခရိုင်၊ ပလောက်မြို့နယ်အတွင်းရှိ ရွှေဒူးကျေးရွာအနီးတွင် တည်ရှိသည်။
ရွှေ့ပြောင်းလုပ်သားများ ထိုင်းသို့သွားရောက်သည့် ခရီးအတွင်း အဖမ်းခံရသည့် သတင်းများကို မကြခဏ ကြားရကြောင်း မြိတ်ဒေသခံများက ပြောသည်။
စက်တင်ဘာလ အစောပိုင်းတွင် ထိုင်းအာဏာပိုင်များက ပြန်ပို့လိုက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၇ ဦးကို အတင်းအကျပ် စစ်သားစုဆောင်းသော်လည်း တနင်္သာရီတိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) သို့ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
တချိန်တည်းတွင် အခြား ရွှေ့ပြောင်းလုပ်သားအုပ်စုတစုသည် အလုပ်အကိုင်ရှာရန် တနင်္သာရီနယ်စပ်ကို ဖြတ်ကူးသော်လည်း အဖမ်းခံရပြီး ပုလောစစ်ဆင်ရေးဌာနချုပ်တွင် စစ်သားစုဆောင်းခံရသည်။ ထိုနေရာတွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၂၉ ဦးသည် အင်အားပိုများသောကြောင့် အစောင့် စစ်သားနှစ်ယောက်ကို သတ်ကာ လက်နက်များကို သိမ်းယူပြီး KNU ပိုင်နက်သို့ လွတ်လာသော်လည်း အခြားသူ နှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ရွှေ့ပြောင်းလုပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းရန် ဖမ်းဆီးသည့် အမှုများ ပိုမိုများပြာလာကြောင်း ကိုရဲမင်းက ပြောသည်။ စစ်ကောင်စီအာဏာပိုင်များနှင့် တပ်များသည် ထိုင်းနိုင်ငံမှ ပြန်ပို့သည့်လူများကိုလည်း အတင်းအကျပ် စစ်သားစုဆောင်းကြသည်။
ဖေဖော်ဝါရီလတွင် စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်မှုထမ်းဥပဒေကို စတင် အကောင်အထည်ဖော်ပြီးနောက် ထိုသို့ ရွှေ့ပြောင်းလုပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းသည့်အမှု စုစုပေါင်း ၁,၀၀၀ ကျော်ကြောင်း MHAC ၏ စာရင်းများအရ သိရသည်။
လက်ရှိအချိန်တွင် ထိုင်းတွင် ဖမ်းမိပါက ပြင်းထန်စွာ အရေးယူနေပြီး ၎င်းတို့အတွက် မျှော်လင့်ချက် နည်းသောကြောင့် မြန်မာမှ လူငယ်များအနေဖြင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်ရန် မကြိုးစားရေးအတွက် ကိုရဲမင်းက သတိပေးသည်။
“အဲဒီလိုလုပ်မယ့်အစား လူငယ်တွေ နီးစပ်ရာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ဖို့ ကျနော် တိုက်တွန်းချင်တယ်” ဟု ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Military Steps Up Conscription of Would-Be Migrant Workers ကို ဘာသာပြန်သည်။)
You may also like these stories:
ပရမ်းပတာ စစ်သားစုဆောင်းမှုက စစ်ကောင်စီ အင်အားချိနဲ့နေကြောင်း ပြသ
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး
ထိုင်းဗီဇာလျှောက်ထားမှု ကန့်သတ်ချက် ပြည်ပအမြန်ထွက်လိုသူများ အခက်တွေ့
အိပ်နေလည်း ဖမ်း၊ လမ်းပေါ်လည်း ဖမ်းပြီး စစ်ကောင်စီက လူငယ်တွေကို စစ်ပွဲထဲ ပို့နေ
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့













