ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု သပိတ်များတွင် ပါဝင်၍ ဖမ်းဆီးခံရသည့် လူငယ် ၆ ဦးအနက် ၄ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲ၍ အင်းစိန်ထောင်သို့ ပို့လိုက်ပြီဖြစ်သော်လည်း ကျန် ၂ ဦးမှာ စစ်ကြောရေးတွင် နှိပ်စက်ခံနေ ရဆဲ ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ကိုနန်းလင်းက ဧရာဝတီကို ပြောသည်။
ထို ၆ ဦးမှာ ပြီးခဲ့သည့်လ ၁၉ ရက်က ရန်ကုန်မြို့၌ “ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိ” ဆန္ဒပြပွဲ အပြီး အဖမ်းခံခဲ့ရသည့် လူငယ် ၄ ဦးနှင့် အောက်တိုဘာလ ၉ ရက်က ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသော သပိတ်အဖွဲ့ဝင်လူငယ် ၂ ဦးတို့ ဖြစ်သည်။
စက်တင်ဘာလ ၁၉ ရက်က အဖမ်းခံခဲ့ရသည့် ကိုဖိုးသား (ခ) ကိုဇော်လင်းထွဋ် ၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူနှင့် မနှင်းအိခိုင် တို့သည် ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် ပြင်းထန်စွာနှိပ်စက်ခံခဲ့ရကြောင်း ယခုအခါ အသက်အန္တရာယ် စိုးရိမ်စရာမရှိ တော့ဘဲ အောက်တိုဘာလ ၁၁ ရက်တွင် စစ်ကြောရေးမှတဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်ကာ ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ကိုနန်းလင်းက “စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့်တော့ ကိုဖိုးသားမှာ အဖျားရှိနေတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ သေချာတာကတော့ ဒီရဲဘော်တွေကိုလည်း ပြင်းပြင်းထန်ထန် စစ်ကြောခဲ့တဲ့ အခြေအနေရှိတယ်ဆိုတာကို ပြောနိုင်တယ်” ဟု ပြောသည်။
အောက်တိုဘာ ၉ ရက်တွင် ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
“စိုးရိမ်စရာ အခြေအနေရှိတုန်းပါပဲ။ အခုအချိန်ထိ သူတို့ကို ဘယ်နေရာမှာ ဘယ်လိုဖမ်းဆီးချုပ်နှောင်ထားတယ်။ ဘယ်လို တွေ စစ်ကြောနေတယ်ဆိုတာ တိတိကျကျ သေသေချာချာမသိရသေးတဲ့ အခြေအနေဖြစ်တယ်။ ရှေ့နေတွေနဲ့ ဥပဒေ အကာအကွယ်ရနိုင်ဖို့လည်း အခုအချိန်ထိ အဆက်အသွယ်လုပ်လို့မရတဲ့ အခြေအနေဖြစ်တယ်။ နောက်ဆက်တွဲ ဖမ်းဆီးမ တွေ နေအိမ်တွေကို ဝင်ရောက်စီးနင်းမှုတွေကလည်း ဖမ်းဆီးခံရပြီးရက်တွေမှာလည်း တောက်လျှောက်ဖြစ်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်” ဟု ကိုနန်းလင်းက ပြောသည်။

အသက်အန္တရာယ် စိုးရိမ်ရဖွယ်ရှိသည့် တက်ကြွလှုပ်ရှားသူ ၂ ဦးဖြစ်သော ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုရှိန်းဝေအောင်နှင့် အခြားဖမ်းဆီးခံခဲ့ရသော တက်ကြွ လှုပ်ရှားသူများ အသက်အန္တရာယ်မထိပါးစေရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းဖိအားပေးကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန် အင်အားစုက တောင်းဆိုထားသည်။
ယင်းသို့ ဖမ်းဆီးခံရခြင်းအပေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ မြန်မာအရေး သုတေသနတာဝန်ခံ Joe Freeman က “မြန်မာနိုင်ငံရဲ့ထောင်တွေထဲမှာ တရားမျှတမှုနဲ့ ဆက်ဆံခံရဖို့ မျှော်လင့်ချက်က အင်မတန်နည်းပါးပါတယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိသလို စံချိန်စံနှုန်းတွေ လိုက်နာခြင်းလည်း မရှိပါဘူး။ ဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူ ၂ ယောက်ကို ပို့လိုက်တဲ့ စစ်ကြောရေးစခန်းတွေဟာ မတရားမှုနဲ့ နာမည်ဆိုးထွက်နေပြီး အဲဒီနေရာ တွေကို စစ်တပ်က ဖမ်းဆီးထားသူတွေဆီက သတင်းအချက်အလက်တွေ နှိုက်ထုတ်ဖို့ အသုံးပြုတဲ့ နေရာမျိုးတွေပါ ” ဟု အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၉ ရက်က ဖမ်းဆီးခံရသူထဲမှ ကိုပိုင်ဖြိုးမင်းသည် ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ခေါင်းဆောင် တဦး ဖြစ်ပြီး ၂၀၁၉ ခုနစ်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရကာ ၂၀၂၁ ခုနစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာသူဖြစ်သလို ကိုရှိန်းဝေအောင်သည် ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်းတဦးဖြစ်ပြီး ကျောင်းသား၊ လူငယ်လှုပ်ရှားမှု များတွင် ပါဝင်ခဲ့သော အကြမ်းမဖက် လူငယ်တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည်။
ကိုရေဘဝဲ (ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က “စစ်တပ်ဟာ သူတို့ဝါဒဖြန့်ချိတဲ့ မြဝတီတို့ မြန်မာ့အသံတို့ မီဒီယာတွေမှာ လက်နက်စွန့်ပြီး နိုင်ငံရေးလမ်းကြောင်းပေါ် ဖိတ်ခေါ်တယ်ဆိုပေမယ့် လက်တွေ့အခြေအနေအရ လက်နက်မဲ့ နိုင်ငံရေးအံတုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေကိုတောင် အကြမ်းဖက် ဖမ်းဆီးခြင်းလုပ်နေတယ်ဆိုတာ ပြောခဲ့တဲ့ စကားနဲ့ လုပ်တဲ့အလုပ် ညီလား မညီလားဆိုတာ ဒီဖြစ်စဉ်တွေက သက်သေပဲဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာ ၁၆ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့် ဆက်နွယ်၍ ပြည်သူ၂၁,၀၂၀ ဦး ဖမ်းဆီးခံထားရပြီး ၉,၄၇၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
You may also like these stories:
မုံရွာရဲစခန်း၌ စွဲချက်မတင်ဘဲ ဖမ်းထားသည့် နိုင်ငံရေး အကျဉ်းသား ရာချီရှိ
ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၄၇ ဦး အစာငတ်ခံဆန္ဒပြ
နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်နေသည့် အိုးဘိုထောင်














