စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် ၁ ရဲစခန်း အချုပ်၌ အမှုမဖွင့် တရားရုံးမတင်ဘဲ ၁ နှစ်နီးပါးခန့် အချုပ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၀၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသား များ ကွန်ရက် (PPNM) ထံမှ သိရသည်။
မုံရွာမြို့ အမှတ် ၁ ရဲစခန်းရှိ အချုပ်ခန်းများတွင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၂၀၀ နှင့် အခြားသော ရာဇဝတ်မှု ဖြင့် အချုပ်ခံထားရသော အကျဉ်းသား၊ အကျဉ်းသူ ၁၅၀ ခန့် ရှိကြောင်း၊ ထိုထဲမှ ဖေဖော်ဝါရီ ၂၇ ရက်အထိ ၁ နှစ်ကြာ သည့်အထိ အမှုမဖွင့် တရားရုံး မပို့ဘဲ ချုပ်နှောင်ခံထားရသော အကျဉ်းသား ၂၀၀ ခန့် ရှိနေကြောင်း PPNM က ဆို သည်။
PPNM မှ တာဝန်ခံ ကိုသိုက်ထွန်းဦးက “PDF လို့ စွပ်စွဲ ဖမ်းထားသူတွေ ပါတယ်။ ဖုန်းတွေကို စစ်ရင်း တော်လှန်ရေး ပို့စ်တွေ Share ထားလို့ဆိုပြီး စွပ်စွဲခံရတဲ့သူတွေ ပါတယ်။ စစ်ကြောင်းထိုးချိန် အဖမ်းခံရတဲ့သူတွေလည်း ပါတယ်။ ဒီထက်ပိုဆိုးတာက သတင်းပေး တိုင်လို့ ဖမ်းဆီးခံရတဲ့ သူတွေလည်းပါတယ်။ တချို့တွေက ၁ နှစ်နီးပါး တချို့တွေက လပိုင်းကြာလာပြီဖြစ်တဲ့အတွက် ကိုယ့်ကို ဘာပုဒ်မနဲ့ ဖမ်းထားလဲဆိုတာ မသိတော့ဘူး” ဟု ပြောသည်။
အဆိုပါ မုံရွာ အမှတ် ၁ ရဲစခန်းရှိ အချုပ်ခန်း ၃ ခန်းအတွင်း ချုပ်နှောင်ခံထားရသူများတွင် အသက် ၁၅ နှစ်မှ ၁၈ နှစ် အရွယ် ၂၀ ဦးခန့် ပါဝင်ကြောင်း သိရသည်။
ရဲစခန်းအတွင်း အချုပ်ကျနေသူများအနေဖြင့် ထောင်ထက်ပင် ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေကြရပြီး အသက်ရှင်ခွင့်၊ ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်များပင် အာမခံချက်မရှိဘဲ စိုးရိမ်စိတ်များနှင့် နေထိုင်နေရကြောင်း လည်း PPNM က ဆိုထားသည်။
ထို့ပြင် အချုပ်ဆောင်ရှိ အကျဉ်းသားများအနေဖြင့် အစားအသောက်နှင့် ဆေးဝါးစောင့်ရှောက်ခွင့်၊ ဧည့်တွေ့ခွင့်များ လည်း မရှိကြောင်းလည်း မိသားစုဝင်များနှင့် ရဲစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်းအတွင်းမှ အဖမ်းခံထားရသူတဦး၏ မိသားစုဝင်တဦးက “အချုပ်ခန်းထဲမှာရှိနေတာ အဆင်ပြေဖို့အရေး ရဲဝန်ထမ်းကို အိမ်က ကလေး စားချင်တာ သောက်ချင်တာရှိရင် ဝယ်ပေးဖို့ ပိုက်ဆံတဆင့် အပ်ပေးရတယ်။ စားချင် တာ သောက်ချင်တာကို ဝယ်ပေးလို့ မရဘူး။ ပြီးတော့ တွေ့လို့လည်း မရဘူး” ဟု ပြောသည်။
အဆိုပါ အချုပ်ထောင်တွင် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်အများစုမှာလည်း PPNM မှ ထုတ်ပြန်ချက် ထုတ်သည့် အခါမှသာ အခြေအနေများကို သိရှိရကြောင်း ဆိုသည်။
ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ စစ်တပ် လက်ပါးစေများ၏ ဆဲဆိုကြိမ်း မောင်းမှုများကို ရင်ဆိုင်နေရပြီး အစားအစာ လုံလောက်စွာ မရရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း စသော အခြေအနေများ ရှိနေကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းများဖြစ်သည့် ဗိုလ်ကျော်ဝင်းထွန်း၊ တာဝန်မှူး ဝေဝေမြင့်၊ မို့မို့လွင်နှင့် ဂတ်စာရေး ချစ်ညိုညိုတို့သည် အမျိုးသမီးအချုပ်ခန်းများအား အမြဲ လာရောက်၍ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြု လုပ်နေဆဲ ဖြစ်ကြောင်းလည်း PPNM ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် နိုင်ငံရေးအကျဉ်းသားဦးရေ ၃၄၅ ဦး ဖမ်းဆီးခံထားရပြီး အမျိုးသား အချုပ်ခန်းတွင် ၇၀ ဦး၊ အမျိုးသမီးအချုပ်ခန်းတွင် ၂၅ ဦး၊ အချုပ်ခန်းကြား စင်္ကြန်လျှောက်လမ်းတွင် ၂၅၀ ဦး ထားရှိကြောင်းနှင့် အချုပ် ထောင်ထဲရှိ အခြေအနေများကို ချုပ်နှောင်ခံထားရသူတဦးက လျို့ဝှက်စာလက်ရေးမူဖြင့် ကူညီ ဆောင်ရွက်ပေးနေ သူများထံ ပေးပို့ခဲ့သည်။
PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “အဲဒီအချုပ်ခန်းထဲက လူဦးရေ ၁၀၀ ဆိုရင်တောင် တော်တော်လေးကို ကြပ်ညှပ်နေပြီ။ (ဂ) အဆင့်ရှိတဲ့ ထောင်မှာဆိုရင်တောင် နိုင်ငံရေးအကျဉ်းသား ၃၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ပဲ ထားတယ်။ လောလောဆယ် အချုပ်ခန်းရဲ့ ထည့်ထားတဲ့ ပမာဏက အကျဉ်းထောင်ငယ်ပမာဏနဲ့ တူနေတာကို တွေ့ရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအား အဆင့်သတ်မှတ်ချက်အနေဖြင့် လူ ၁ ထောင်ဆံ့ ထောင်ကို (က) အဆင့် ၊ လူ ၅ ထောင် ဆံ့ထောင်ကို (ခ) အဆင့်နှင့် (ဂ) အဆင့်၊ လူ ၃၀၀ ဆံ့ထောင်ကို (ဃ) အဆင့်အဖြစ် သတ်မှတ်ထားပြီး ယခု ဖမ်းဆီးခံရသူများကို ရဲစခန်းရှိ အချုပ်ထောင်ဖြစ်သော်လည်း (ဂ) အဆင့် အကျဉ်းထောင်ကဲ့သို့ ထားရှိထား ကြောင်း သိရ သည်။
ဖမ်းဆီးခံထားရပြီး ရဲစခန်းအချုပ်ထောင်များတွင် ၂၄ နာရီ ထိန်းသိမ်းခံရပြီးပါက တရားရုံးတင်ကာ ရမန်ရယူရကြောင်း နှင့် ထိုသို့ ပြုလုပ်ရန် ပျက်ကွက်ပါက မတရားဖမ်းဆီးချုပ်နှောင်မှုဖြင့် ဖမ်းဆီးခံရသူမှ တရားစွဲပိုင်ခွင့်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
၎င်းက “မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတယ်။ သူတို့ကို ရုံးလည်း မထုတ်ဘူး။ ဘယ်ပုဒ်မနဲ့ ထိန်းသိမ်းထားလဲ ဆိုတာလည်း မသိရဘူး။ စွဲချက်ဆိုတာလည်း ဝေလာဝေးပေါ့။ တရားရုံးကို ဦးတိုက်လျှောက်ထားတာလည်း မသိရဘူး။ ဒါက မတရားဖမ်းဆီးချုပ်နှောင်မှုဖြစ်တဲ့အတွက် လူ့အခွင့်အရေး ရှုထောင့်ကပဲကြည့်ကြည့် နိုင်ငံတကာ ဥပဒေတွေနဲ့ ကြည့်ရင်လည်း လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်တယ်လို့ သုံးသပ်ချင်တယ်” ဟု ပြော သည်။
ယခင်က ရုပ်သိမ်းရန် ပြင်ဆင်ခဲ့သည့် ပုဒ်မ ၁၀ (က) အရ လူတယောက်အား နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးအား အန္တရာယ်ပြုသူ (သို့မဟုတ်) အန္တရာယ်ပြုရန် ကြံစည်အားထုတ်နေသူဟု ယူဆပါက ပုဒ်မ ၁၀ (က) အရ တကြိမ်လျှင် ရက်ပေါင်း ၆၀ ထက်မပိုဘဲ စုစုပေါင်း ရက်ပေါင်း ၁၈၀၊ ၆ လအထိ ဖမ်းဆီး ချုပ်နှောင်ထားနိုင်သည်။
ယခု မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှ ဖမ်းဆီးခံထားရသူများကို အဆိုပါ ဥပဒေအရလည်း ရမန်ရယူပေးခြင်းမရှိခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ ဖမ်းဆီးခံထားရသူ ၂၆၁၉၉ ဦး ရှိပြီး ထိုအထဲမှ ၂၀၁၆၈ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ၈၈၂၇ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။
You may also like these stories:
အကျဉ်းစံဘဝနှင့် မပြယ်သော မေတ္တာ
တော်လှန်ရေးအင်အားစုများ စစ်သုံ့ပန်းဥပဒေ လိုက်နာသော်လည်း စစ်ကောင်စီ ချိုးဖောက်
ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၄၇ ဦး အစာငတ်ခံဆန္ဒပြ