စစ်ကိုင်းတိုင်း မုံရွာမြို့တွင် စစ်မှုထမ်းစာရင်းပါသူများကို ဆေးစစ်ရန် ဆင့်ခေါ်ရာ ရောက်မလာကြသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရပ်ကွက်အတွင်း ဝင်ရောက်ခေါ်ဆောင်မှုများပြုလုပ်ရာ လူငယ် ၃၀ ခန့် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံ များထံက သိရသည်။
စစ်မှုထမ်းရန်ဆင့်ခေါ်ခံရမှုအနေဖြင့် အင်းစပ်၊ ထန်းတော၊ ရုံးကြီး၊ အေးသာယာ၊ ပေကုန်း၊ အလယ်၊ သလ္လာ၊ နန္ဒဝန်၊ ရွှေဇလုပ်ရပ်ကွက်များမှဖြစ်ပြီး အခြားကျန်ရှိသော စစ်မှုထမ်းရန်စာရင်းပါရှိသူအများစုမှာ ထွက်ပြေးတိမ်းရှောင်သွားကြ ကြောင်း သိရသည်။
မုံရွာမြို့ခံတဦးက “စစ်မှုထမ်းဖို့ နာမည်စာရင်းပါပြီးသားတွေကို မနေ့က ဆေးစစ်ဖို့ ဆင့်ခေါ်တာ တယောက်မှ ရောက် မလာလို့ ပွဲပျက်သွားတယ်ပေါ့နော်။ နောက် နေ့လယ်ပိုင်းရောက်တော့ အဲဒီနာမည် စာရင်း ထွက်ပြီးသားသူတွေကို အရပ်ဝတ်တွေနဲ့ တအိမ်တက်တအိမ်ဆင်းသွားပြီး ခေါ်ကြတယ်လို့ သိရတယ်။ ရပ်ကွက် ၇ ခု လောက်က လူငယ် ၃၀ လောက် ပါသွားတယ်” ဟု ပြောသည်။
မုံရွာမြို့ပေါ်ရပ်ကွက်များမှ စစ်မှုထမ်းရန်အတွက် အသက် ၁၈ မှ ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် တကိုယ်ရေသုံး ပစ္စည်းများနှင့် အဝတ်အစားတပါတည်းယူဆောင်ကာ ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းပေါ် ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးသို့ မတ်လ ၂၇ ရက် နံနက် ၇ နာရီအရောက်လာရန် စာထုတ်ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်တွင် စစ်မှုထမ်းရန် နာမည်စာရင်းပါပြီးသူများဆေးစစ်ရန် ခေါ်ယူထားခြင်းဖြစ်ပြီး ထိုသို့ ဆင့်ခေါ် ထားမှုကို မုံရွာ ရပ်ကွက်ကင်းထောက်များအဖွဲ့က လည်း ထုတ်ပြန် အသိပေးထားသလို ယင်းစာရွက်များလည်း လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့လျက်ရှိသည်။
ထန်းတောရပ်ကွက်တွင်း နေထိုင်သူတဦးက “သူတို့ ဆင့်ခေါ်ခံရတဲ့သူတွေ အကုန်လုံးတယောက်မှ ရောက်မလာလို့ ရပ် ကွက်တွေထဲအထိ အိမ်ထောင်စုစာရင်းတွေ ကိုင်ပြီး ဝင်လာကြတာ။ အင်းစပ်ထဲက လူငယ် ၆ ယောက်လောက်နဲ့ ထန်း တောဘက်က လူငယ် ၈ ယောက်လောက် ပါသွားတယ်။ အဲဒီမှာ အမေတွေ အစ်မတွေလည်း ငိုကြယိုကြနဲ့ပေါ့” ဟု ပြောသည်။
ထိုသို့ဖမ်းဆီးသွားသူများအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ နာမည်စာရင်း၌ မပါဝင်သော လူငယ်တချို့လည်း ခေါ်ဆောင်သည့်အထဲ ပါဝင်သွားကြောင်း သိရသည်။
မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက “ဘယ်အစိုးရဖြစ်ဖြစ် ဥပဒေတခုကို အသုံးပြုတော့မယ်လို့ အတည်ပြုပြီး ရင် ဘယ်လိုတွေ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတာတွေ အသေးစိတ်ပါတဲ့ နည်းဥပဒေဆိုတာ ထပ်ပြီး ထုတ်ပြန်ရတယ်၊ အခု စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး နည်းဥပဒေဆိုတာ မထွက်သေးဘဲ အောက်ခြေက ဇွတ်အတင်းတွေ လုပ်နေကြ တာမျိုး ဖြစ်နေတယ်၊ ဥပဒေရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူတို့ လုပ်နေတာတွေ အားလုံးသည် တရားမဝင်သော လုပ်ရပ်တွေပဲ ဖြစ်နေတယ်” ဟု ပြောသည်။
ယခုအခါ မုံရွာမြို့ပေါ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းများပြုလုပ်လာသလို ရပ်ကွက်များအတွင်းထိ ဝင်ရောက်ပြီး လူ ငယ်များအား ဖမ်းဆီးခေါ်ဆောင်နေခြင်း၊ လမ်းများပေါ်တွင် ပိတ်ဆို့စစ်ဆေးကာ လူငယ်များအား ဖမ်းဆီးနေခြင်းများ ကြောင့် လူငယ်အချို့မှာ မြို့ပေါ်မှတဆင့် ထွက်ပြေးတိမ်းရှောင်ခြင်းများလည်းရှိလာကြောင်း ဒေသခံများကဆိုသည်။
လက်ရှိတွင် စစ်မှုထမ်းရန်ရွေးချယ်ခံရသူများကို သင်တန်းကျောင်းများသို့ ပို့ဆောင်နေသည့် ဓာတ်ပုံများကို စစ်ကောင်စီ ထောက်ခံသူများက ဖြန့်ဝေထားကြသည်။
စစ်မှုထမ်းဥပဒေအရ ပထမဆုံး သင်တန်းအပတ်စဉ်ကို မေလဆန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် ယခုအခါ စစ်မှုထမ်း အသက်အရွယ်အကျုံးဝင်သူများအား စာရင်းကောက်မှတ်ပုံတင်သွင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်နေ ကြောင်း၊ မှတ်ပုံတင်စာရင်းသွင်းသူများအနက်မှ ပထမဆုံးအပတ်စဉ်အတွက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ (ဗဟို) က ရွေးချယ်အတည်ပြုခံရသူများအား မတ်လ ၂၇ ရက်မှ စတင်ကာ သက်ဆိုင်ရာ တိုင်းစစ်ဌာနအသီးသီးရှိ စစ် ဆေးရုံများတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆေးစစ်ပြီးအောင်မြင်သူများကိုသာမြို့ နယ် အလိုက်စုစည်းပြီး သက်ဆိုင်ရာလေ့ကျင့်ရေး တပ်သို့ ပို့ဆောင်ကာ စစ်သင်တန်းတက်ရောက်ရမည်ဟု ပြည်သူ့ စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဗဟို)မှ ထုတ်ပြန်ထားသည်။
စစ်မှုထမ်းဥပဒေအရ အဆင့်အလိုက် အရည်အချင်းအလိုက် လစာ၊ ရိက္ခာခံစားခွင့်ပြုပေးသွားမည်ဖြစ်သလို သင်တန်း များ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးမည့် သင်တန်းကျောင်းများကိုလည်း လျာထား စီစဉ်ပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က ဖွဲ့စည်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ (ဗဟို) ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မတ်လ ၄ ရက်က ပြောဆိုထားသည်။
စစ်မှုထမ်းဥပဒေအရ ပြဋ္ဌာန်းချက်များနှင့် သတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်သူများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ချမှတ်မည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်မှုထမ်းဥပဒေအရ တနှစ်လျှင် အင်အား ၅ သောင်းနှုန်း ခေါ်ယူပြီး သင်တန်းတပတ်စဉ်တွင် လူဦးရေ ၅ ထောင်နှုန်း သာ ခေါ်ယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုများအရ တနှစ်လျှင် အင်အား ၁ သိန်းကျော်ထိ ရှိနိုင်သည်ဟု စစ်ရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းပြီးနောက် မတ်လ ၂၂ ရက်အတွင်းထိ နိုင်ငံတဝှမ်းရှိ မြို့ နယ် ၁၂၇ မြို့တွင် စစ်မှုထမ်းရန် အသက်ပြည့်မှီသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ခေါ်ယူကာ နာမည် စာရင်း ကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။
This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.
You may also like these stories:
စစ်မှုထမ်းမည့်သူ၏ မိသားစုများ ထောက်ပံ့ရန် ငွေကောက်ခံနေ
အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ