မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ရှိ ရွာများတွင် စစ်မှုထမ်းရမည့်သူတို့၏ မိသားစုဝင်များအား ထောက်ပံ့ရန် အကြောင်းပြချက်ဖြင့် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေသူများကို ငွေကြေးကောက်ခံနေသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုကာ စစ်ကောင်စီက အသက်သွင်းပြီးနောက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက လူဦးရေ စာရင်းကောက်ခံခြင်း၊ အကြောင်းကြားစာများပို့ကာ ရပ်ကွက်ရုံးသို့ဆင့်ခေါ်ခြင်း၊ မဲနှိုက် ရွေးချယ်ခြင်းများအပြင် ယခုလို ငွေကြေးကောက်ခံမှုများပါ ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ နေရာဒေသအပေါ် မူတည်ပြီး ကောက်ခံသည့် နှုန်းထား မတူ ကြောင်း ဒေသခံများက ဆိုသည်။
မတ် ၂၅ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်မှ ရာအိမ်မှူးများက ရပ်ကွက်နေပြည်သူများကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ စစ်မှုထမ်းရန်သွားရောက်မည့် လူငယ်များ၏ မိသားစုများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ တအိမ်လျှင် ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ကောက်ခံခဲ့ကြောင်း သိရသည်။
အပတ်စဉ် (၁) အတွက် စစ်မှုထမ်းရန် သီရိမြိုင်ရပ်ကွက်မှ ၃ ယောက်ပေးရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားပြီး ဆန္ဒပြုသူ ၃ ဦး ရရှိထားသောကြောင့် ယင်းတို့၏ မိသားစုများကို ရပ်ကွက်နေပြည်သူများက ထောက်ပံ့ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “သူတို့ စိတ်ဖြောင့်ဖြောင့်သွားနိုင်အောင် သူတို့ရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေကို ရပ်ကွက်က ထောက်ပံ့ရ မယ်လို့ ပြောသွားတယ်။ ကျန်တဲ့အပတ်စဉ်တွေမှာ ဆန္ဒပြုသူမရှိရင် မဲနှိုက်ရမယ်လို့ပြောတယ်” ဟု ဆိုသည်။
အဆိုပါကောက်ခံမှုများကို မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင်သာမက ဘီလူးကျွန်း၊ ဖားအောက်၊ ရိုးဂိုး၊ ကော့ခမယ်၊ ကြာအင်းနှင့် ကောခနိ ကျေးရွာများ၌ပါ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
မွန်ပြည်နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကမူ စစ်ကောင်စီက ဖွဲ့စည်းထားသည့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ငွေကြေးကောက်ခံရန် ညွှန်ကြားထားမှုမရှိကြောင်း ပြောဆိုသည်။
၎င်းက “သူတို့က ပိုက်ဆံကောက်ဖို့တော့ မပြောဘူး။ စစ်မှုထမ်းစာရင်းပေးဖို့ပဲပြောတယ်။ ဒါပေမယ့် တခြားရွာတွေမှာတော့ သူတို့ဘာသာ ကောက်နေကြတာမျိုး ရှိတယ်” ဟု ဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ဖောင်းတောကျေးရွာအုပ်စုနှင့် မိကျောင်းလှောင်း ကျေးရွာများတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက စစ်မှုထမ်းမည့်သူများ၏ မိသားစုများအတွက် ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာန၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
၎င်းက “တိုင်းထဲက အခြားရွာတွေမှာလည်း ကောက်တာတွေ၊ ကောက်ဖို့ ဆက်လက် သွေးတိုးစမ်းပြောဆွို ရှိနေပါတယ်။ တရွာနဲ့တရွာ ငွေပမာဏ၊ အကြိမ်ရေ မတူဘူး။ တချို့ရွာမှာ ၃ သောင်းကျပ် တကြိမ်၊ တချို့ရွာမှာက ၂ သောင်းကို နှစ်ကြိမ်ကောက်တယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်မှုထမ်းရန် ရွေးချယ်မခံရသူများနှင့် အသက်မပြည့်မီသေးသော မိသားစုများက စစ်မှုထမ်းရမည့်သူများ၏ ကျန်ရစ်သူမိသားစုများအား ထောက်ပံ့ကြေးပေးရန် အုပ်ချုပ်ရေးမှူးများက ယခုကဲ့သို့ ငွေကြေးကောက်ခံနေမှုများကို သိရှိကြောင်း VOA သတင်းဌာနကို ဖြေကြားထားသည်။
တဖက်တွင်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းမည့်လူငယ်များကို လစာငွေကြေးပေးပြီး မိသားစုများကိုပါ ထောက်ပံ့သွားမည်ဟူသော စည်းရုံးပြောဆိုမှုများရှိနေသည်။
မတ် ၁၉ ရက် အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တခု၌ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကျူတောကျေးရွာအုပ်စု၊ ချောင်းကွဲကြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်များအား စစ်မှုထမ်းရန် ပြောဆိုနေပြီး မဲပေါက်သည့် လူငယ်တဦးလျှင် လစဉ် လစာ ၄ သိန်း ၇ သောင်း ရရှိမည့်အပြင် ၎င်းတို့၏ မိသားစုများအား ထောက်ပံ့ကြေးငွေ ကျပ် ၃၆ သိန်းပေးမည်ဟု ပြောဆိုစည်းရုံးနေသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ တာဝန်ရှိသူတဦးကလည်း စစ်မှုထမ်းမည့်သူများအား လစာငွေပေးမည်မှာ မှန်ကန်ကြောင်းနှင့် လစာ ၄ သိန်း ၇ သောင်းကျပ် ရရှိမည်ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကို အတည်ပြုပြောဆိုထားသည်။
စစ်မှုထမ်းဥပဒေ မထုတ်ပြန်မီ စစ်ကောင်စီက သတ်မှတ်ထားသော တပ်သားသစ်လစာမှာ ၁၄၄,၀၀၀ ကျပ်သာ ရှိသည်။
ထိုသို့ စစ်ကောင်စီက လစာ ၄ သိန်းကျော် ပေးမည့်အပြင် မိသားစုများကိုပါ ထောက်ပံ့မည်ဟု မက်လုံးပေး ပြောဆိုထား သော်လည်း အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ယခုကဲ့သို့ ငွေကြေးကောက်ခံနေခြင်းသည် တရားမဝင်ကြောင်းနှင့် လာဘ်စားမှုများ ဖြစ်လာနိုင်ကြောင်း ဥပဒေပညာရှင်အသိုင်းအဝိုင်းက ဆိုသည်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားသည့် အထူးအာဏာရ မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြက “စကစက အုပ်ကြီးတွေကို လာဘ်အကြီးကြီးစားလို့ရအောင် ဂွင်ဖန်ပြီး တမင်ဖျက်ဆီးလိုက်တာ။ ရပ်ကျေးအုပ်ချုပ်ရေးမှူး တယောက်ရဲ့ လစာက ၁ သိန်း မကျော်ပါဘူး။ တဖက်လှည့်နဲ့ ပိုက်ဆံကောက်ခိုင်းတာလို့ပဲ ပြောရမှာပါ။ စကစမှာ လာဘ်ပေးလာဘ်ယူ အရေးယူတဲ့ထုံးစံမှမရှိတာ” ဟု မှတ်ချက်ပြုသည်။
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ကတင်ကျေးရွာအုပ်စု၌လည်း အလားတူ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း၊ ကတင်ကျေးရွာအုပ်စုအတွက် စစ်မှုထမ်းရမည့်အရေအတွက်ကို ၁ နှစ်လျှင် ၃ ဦးပေးရမည်ဟု ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေးငွေ ကောက်ခံခိုင်းမှုများ ရှိသော်လည်း ၎င်းကို မယုံကြည်သောကြောင့် ပြည်သူများက အဖွဲ့များဖွဲ့ကာ ကိုယ်ထူကိုယ်ထကောက်ခံမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
“တနှစ်လုံးမှ ၃ ယောက်ထဲ။ တနှစ်ကိုမှ ၁ သောင်းခွဲပေးရတာ။ နောက် တနှစ်လောက်ဆိုရင် မင်းအောင်လှိုင်စစ်တပ်က မရှိလောက်တော့ဘူး။ ဒီပိုက်ဆံကို ငါတို့အကုန်ခံမယ်ဆိုပြီး ကောက်ကြတာ” ဟု ဒေသခံတဦးက ပြောသည်။
ယခုလအတွင်း ရန်ကုန်၊ မန္တလေးတိုင်း၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ် သံတွဲမြို့တို့၌လည်း စစ်မှုထမ်းမည့်သူများကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ထောက်ပံ့ရေးခေါင်းစဉ်ဖြင့် ရပ်ရွာထဲတွင် ငွေကြေးကောက်ခံနေကြောင်း သိရသည်။
ယခုကဲ့သို့ ငွေကြေးကောက်ခံနေမှုများနှင့်ပက်သက်ပြီး ညွှန်ကြားထားခြင်းရှိမရှိ အသေးစိတ်သိရှိနိုင်ရန် စစ်ကောင်စီ ဖွဲ့စည်းထားသည့် စစ်မှုထမ်းဗဟိုဆင့်ခေါ်ရေးအဖွဲ့များကို ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
You may also like these stories:
အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်ကောင်စီ နောက်လိုက်များ လုပ်ကြံသတ်ဖြတ်ခံရ
မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ
အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်
စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ