မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတဝန်းမှ ပြည်သူများကို စစ်ကောင်စီ၏ အကြမ်းဖက် စစ်ဆင်ရေးကြောင့် အရပ်သား အနည်းဆုံး ၄,၄၇၄ ဦး သတ်ဖြတ်ခံရပြီး လူပေါင်း ၂၅,၀၀၀ ကျော်အဖမ်းခံရကာ အရပ်သားနေအိမ် ၇၈,၀၀၀ ကျော် မီးရှို့ခံရသည်။
ထို့ပြင် နိုင်ငံသည် နက်ရှိုင်းသော လူမှု၊ နိုင်ငံရေးနှင့် စီးပွားရေး ဖရိုဖရဲအခြေအနေများသို့ ကျဆင်းသွားသည်။ စစ်အုပ်ချုပ်ရေးအောက် သုံးနှစ်ကာလအတွင်း နိုင်ငံဖရိုဖရဲအခြေအနေသို့ ကျဆင်းရသည့် အဖြစ်အပျက်များကို ပြောပြသည့် အရေးပါသော ကမ္ဘာ့အညွှန်းကိန်းအချို့ကို ဧရာဝတီ သတင်းဌာနက အောက်တွင် ဖော်ပြထားပါသည်။
ခက်ခဲလှသည့် လူသားချင်းစာနာမှု အကျပ်အတည်း
လွန်ခဲ့သော သုံးနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတွင် လူသားချင်းစာနာမှု လိုအပ်ချက် သိသိသာသာ မြင့်မားလာသည်။ ယခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံဖြစ်သော လူ ၁၈ ဒသမ ၆ သန်းခန့်သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသောကြောင့် ၂၀၂၁ ခုနှစ် အာဏာ မသိမ်းမီက ထိုသို့လိုအပ်သူ ၁ သန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။
ကမ္ဘာ့အငတ်ဘေး ဗဟိုချက်
မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။ စားနပ်ရိက္ခာ မလုံလောက်မှုသည် ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းအတွင်း မြန်မာတွင် စားနပ်ရိက္ခာ မလုံလောက်မှု သိသိသာသာ ဆိုးရွားလာပြီး လူ ၁၂ ဒသမ ၉ သန်း သို့မဟုတ် လူ လေးဦးလျှင် တဦးကို ထိခိုက်စေသည်။
အာရှ-ပစိဖိတ် အန္တရာယ်ဇုန်
ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်း ၂၀၂၃ အရ စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာသည် အာရှ-ပစိဖိတ်ဒေသတွင် အန္တရာယ်အများဆုံး နိုင်ငံများတွင် ပါဝင်ပြီး အဆင့် ၁၈ ရှိကာ အောက်တွင် မြောက်ကိုရီးယား နိုင်ငံသာ ရှိတော့သည်။
မြန်မာသည် အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးဖြစ်ကြောင်း အငြင်းပွားစရာ မလိုဘဲ ဒေသတွင်းတွင် တခုတည်းသော “အန္တရာယ်များသည့်နိုင်ငံ” ဖြစ်နေသည်။
ထောင်အများဆုံးချသည့် နိုင်ငံ
မြန်မာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အမျိုးသမီး ၃,၇၈၀ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၉,၉၉၃ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြသည်။ ယခင် စစ်အုပ်စုခေတ်တွင်ပင် နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် ၃၊ ၄ ထောင်ထက် မပိုပေ။ မြန်မာ စစ်ကောင်စီသည် ကမ္ဘာတွင် ထောင်ချမှု အဆိုးရွားဆုံး ဖြစ်နိုင်သည်။
မြန်မာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အမျိုးသမီး ၃,၇၈၀ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၉,၉၉၃ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြသည်။
ရွေးကောက်ခံ ခေါင်းဆောင်များ၊ လူငယ်ကျောင်းသားများ၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သည့် အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းမှ လူများကို ထောင်ချထားပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် စစ်ဝတ်စုံဝတ် ရာဇဝတ်ကောင်များသည် ဝန်ကြီးချုပ်ကဲ့သို့သော ရာထူးများ ရယူထားကြသည်။
သတင်းသမားများကို ထောင်ချမှု ဒုတိယအဆိုးရွားဆုံး
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း လွတ်လပ်သော မီဒီယာများကို ဖြိုခွဲနေပြီး သတင်းသမားများကို အဆက်မပြတ် ပစ်မှတ်ထားကာ မြန်မာသည် တရုတ်ပြီးလျှင် သတင်းသမားများကို ထောင်ချမှု ဒုတိယ အများဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် CPJ ၏ ဇန်နဝါရီလ စာရင်းအရ သတင်းသမား ၄၃ ဦး အဖမ်းခံရသည်ဟု သိရသည်။
တရုတ်တွင် ထောင်ချထားသည့် သတင်းသမား ၄၄ ဦးရှိပြီး မြန်မာတွင် ၄၃ ဦးရှိကာ ဘယ်လာရုစ်တွင် ၂၈ ဦး ရှိသည်။ ယမန်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကမ္ဘာတဝန်းတွင် သတင်းသမား ၃၂၀ ဖမ်းဆီးခံထားရသည်ဟု CPJ က မှတ်တမ်းတင်ထားသည်။
သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် သတင်းသမား ၁၉၂ ဦးဖမ်းဆီးခံရပြီး ၎င်းတို့အနက် ၆၁ ဦးသည် အဖမ်းခံထားရဆဲဖြစ်ကြောင်း AAPP က ဖော်ပြသည်။ စစ်ကောင်စီက မီဒီယာများကို ဖိနှိပ်မှုကြောင့် မြန်မာသည် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အသင်းက ပြုစုသည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ သို့ ရောက်နေသည်။
မလွတ်လပ်ကြောင်း သတ်မှတ်ချက်
အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း Freedom House က လွန်ခဲ့သောနှစ် မတ်လတွင် ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာကို မလွတ်လပ်သေးသည့် စာရင်းတွင် ဆက်လက်ဖော်ပြသည်။
လူမှုလွတ်လပ်ခွင့်အရ မြန်မာသည် အမှတ် ၆၀ တွင် ၉ မှတ်သာရပြီး အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ နိုင်ငံရေးဖိနှိပ်မှုများကြောင့် နိုင်ငံရေးအခွင့်အရေးအရ အမှတ် ၄၀ တွင် တမှတ်မှ မရပေ။
နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် အမြင့်မားဆုံး
ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ နိုင်ငံတဝန်းမှ လူပေါင်း ၂ ဒသမ ၆၂၅ သန်းသည် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေး နေရသူများ (IDPs) ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖော်ပြသည်။ ၎င်းတို့အနက် ၂ ဒသမ ၃ သန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ ဖြစ်ကြောင်း UNHCR က ဖော်ပြသည်။
မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူများအပြင် လူ ၇၀,၀၀၀ ကျော်သည် အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသည်ဟု UNHCR က ခန့်မှန်းသည်။ မြန်မာစစ်တပ်က မောင်းထုတ်ခံရပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်ခိုလှုံနေရဆဲ ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အောက်ဆုံးရောက်နေ
၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်မှု အညွှန်းကိန်း (EPI) အရ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၇၉ သို့ ရောက်နေသည်။ အိန္ဒိယသည် ၁၈ ဒသမ ၉ မှတ်ဖြင့် အနိမ့်ဆုံးဖြစ်ပြီး မြန်မာက ၁၉ ဒသမ ၄ မှတ်ရသည်။ EPI က နိုင်ငံများကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်မှု၊ သဘာဝ ပတ်ဝန်းကျင် ကျန်းမာရေးနှင့် ဂေဟစနစ် ရှင်သန်မှုအရ အဆင့်ခွဲခြားသတ်မှတ်သည်။
၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်မှု အညွှန်းကိန်း (EPI) အရ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၇၉ သို့ ရောက်နေသည်။
အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများတွင် ပါဝင်
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI) က ပြုစုသည့် ၂၀၂၃ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း (CPI) အရ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၆၂ ရှိသည်။
အာရှ-ပစိဖိတ်ဒေသရှိ အဆိုးရွားဆုံးနိုင်ငံများတွင် မြောက်ကိုရီးယားကို စိန်ခေါ်နေသည်။ မြန်မာသည် အကျင့်ပျက်ခြစားမှု ညွှန်းကိန်းအရ ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၅၇နှင့် အာဏာမသိမ်းမီက NLD အစိုးရအောက် ၂၀၂၀ ပြည့်နှစ်က အဆင့် ၁၃၇ ရှိသည်။
ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသော နိုင်ငံ
ဘာသာရေးလွတ်လပ်မှု အကြီးအကျယ် ဆက်လက် ကျဆင်းနေသောကြောင့် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာကို အထူးစိုးရိမ်ရသော နိုင်ငံများစာရင်းတွင် ထည့်သွင်းထားသည်။
စနစ်တကျ ဆက်လက်ဖြစ်ပေါ်နေသည့် အလွန်ဆိုးရွားသော ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများအတွက် မြန်မာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဘာသာရေးလွတ်လပ်ခွင့် မရှိသော နိုင်ငံအဖြစ် ပြန်လည် သတ်မှတ်ခဲ့သည်။ ထိုစာရင်းတွင် တရုတ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရီထရီးယား၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ တာဂျီကစ္စတန်နှင့် တာ့ခ်မန်နစ္စတန်တို့ ပါဝင်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဗုဒ္ဓဘာသာကို ကာကွယ်သူအဖြစ်၊ သူ၏ စစ်ကောင်စီသည် ဗုဒ္ဓဘာသာလူများစုကို တရားဝင် ကိုယ်စားပြုသူများအဖြစ် မရိုးမသား ပုံဖော်ရန် ကြိုးစားစေကာမူ မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်များက မီးရှို့ရာတွင် ဘုန်းကြီးကျောင်းများကိုလည်း အလွတ်မပေးပေ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဗုဒ္ဓဘာသာကို ကာကွယ်သူအဖြစ်၊ သူ၏ စစ်ကောင်စီသည် ဗုဒ္ဓဘာသာလူများစုကို တရားဝင် ကိုယ်စားပြုသူများအဖြစ် မရိုးမသား ပုံဖော်ရန် ကြိုးစားစေကာမူ မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်များက မီးရှို့ရာတွင် ဘုန်းကြီးကျောင်းများကိုလည်း အလွတ်မပေးပေ။
စစ်ကောင်စီတပ်များသည် မင်းအောင်လှိုင် ဦးဆောင်သည့် အမိန့်ပေး ကွင်းဆက်၏ ခွင့်ပြုချက်မရဘဲ ချင်းပြည်နယ်နှင့် ကယားပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများမှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ဒါဇင်ပေါင်းများစွာ ရာပေါင်းများစွာကို မီးရှို့နိုင်ခဲ့မည် မဟုတ်ပေ။
စစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင်များကို ဖြိုခွဲမှုများကြောင့် NLD အစိုးရခေတ် ၂၀၂၀ ပြည့်နှစ်တွင် USCIRF က မြန်မာကို အထူးစိုးရိမ်ရသော နိုင်ငံစာရင်းတွင် ထည့်သွင်းခဲ့ဖူးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ By Almost Every Measure, Myanmar Junta Ranks Among World’s Worst Regimes ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ
စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း
အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ
၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း
စစ်ကောင်စီက ကလေးများကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနေသည်