အာဏာသိမ်းပြီး သုံးနှစ်ကြာသောအခါ မြန်မာစစ်ကောင်စီနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဘောင်ကျဉ်းလာပြီ ဖြစ်သည်။
အရှေ့မှအနောက်အထိ ကျယ်ပြန့်သည့် ပိုင်နက်နယ်မြေ တဝေ့တဝိုက်တွင် သိက္ခာကျဆင်းစရာ စီးနင်းတိုက်ခိုက်မှုများ ခံရပြီးနောက် တခါက ချေမှုန်းမရဆိုသည့် စစ်တပ်သည် စစ်ပွဲဖြင့် မာကျောလာသည့် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီလိုလားသည့် လူငယ် ပုန်ကန်သူများ၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ဗဟိုသို့သာ ပြန်လည် ဆုတ်ခွာရသည်။
“နွေဦးတော်လှန်ရေး” ဆိုသောစကား အမှန်တကယ် ပေါ်ပေါက်လာအောင် စစ်ကောင်စီဆန့်ကျင်ရေး လူမှုကွန်ရက်တွင် အကြိမ်ကြိမ်ပြောနေသည်။
“ပိုမို ရှည်ကြာခက်ခဲမယ်လို့ ကျနော်ထင်တယ်” ဟု သူ့မျိုးဆက်များကဲ့သို့ပင် အာဏာသိမ်းမှုကြောင့် စက်မှုအင်ဂျင်နီယာဘဝမှ ပဋိပက္ခအတွင်းသို့ လမ်းကြောင်းပြောင်းလာသူ ကိုအောင်ဇေယျက ပြောသည်။
“ဒါပေမယ့် စစ်အာဏာရှင်စနစ် တဖြည်းဖြည်း တစစီပြိုကျနေတာ ကျနော်မြင်နေရပြီ” ဟု This Week in Asia ကဏ္ဍသို့ ကရင်နီပြည်နယ်ရောက် ၎င်းက ပြောသည်။
ကိုအောင်ဇေယျသည် အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး သူ့ဘဝလမ်းကြောင်းကို သူလျှောက်ရမည့်အစား Free Burma Rangers အဖွဲ့မှ စေတနာ့ဝန်ထမ်း ဆရာဝန်များနှင့် ကယ်ဆယ်ရေး သမားများကို ဦးဆောင်နေသည်။
စစ်အာဏာသိမ်းမှုသည် ပုဂ္ဂလိက ရည်မှန်းချက်များကို ခြေမွပစ်လိုက်ပြီး သူ့ဘဝကို မြန်မာနိုင်ငံ အရှေ့ပိုင်း တောတောင်များသို့ ပို့ဆောင်လိုက်ကာ ထိုဒေသတွင် သူသည် လေကြောင်းတိုက်ခိုက်မှုအောက်မှ အရပ်သားများကို ကယ်ဆယ်သည်။ ပြည်တွင်း နေရပ်စွန့်ခွာသူများ၏ စခန်းများသို့ အကူအညီများ သွားရောက်ပေးပို့သည်။ ပုန်ကန်သူ လူငယ်တိုက်ခိုက်ရေးသမားများကိုသာမက ဒဏ်ရာရထားသည့် ရန်သူစစ်သားများကိုပါ ဆေးဝါးကုသပေးသည်။
“ကျနော် သူတို့ကို မမုန်းဘူး” ဟု ရန်သူကို ဆက်ဆံပုံ လမ်းညွှန်အဖြစ် ခရစ်ယာန် သမ္မာကျမ်းကို ကိုးကားသည်။
“သူတို့လည်း ကြောက်တာပဲ။ ကျနော် သူတို့နဲ့ စကားပြောတော့ သူတို့ ဘာအတွက် စစ်တိုက်နေတာလဲ မသိဘူးလို့ ပြောကြတယ်” ဟု ၎င်းကပြောသည်။
တော်လှန်ရေး အင်အားစုများအတွက် ရှေ့တွင်ကြုံရမည့် စိန်ခေါ်မှုမှာ ပိုမိုအင်အားကြီးမား လက်နက်ကောင်းမွန်သည့် စစ်တပ်ကို ရန်ကုန်၊ မန္တလေးနှင့် လူသူအရောက်အပေါက် နည်းသည့် နေပြည်တော်တွင် နယ်ကျဉ်းသွားစေရန် ကြိုးစားရင်း စခန်းတခုပြီးတခု၊ တံတား တစင်းပြီးတစင်း ပိုင်နက်နယ်မြေများကို တဖြည်းဖြည်း သိမ်းယူရေးဖြစ်သည်။
တော်လှန်ရေး အင်အားစုများအတွက် ရှေ့တွင်ကြုံရမည့် စိန်ခေါ်မှုမှာ ပိုမိုအင်အားကြီးမား လက်နက်ကောင်းမွန်သည့် စစ်တပ်ကို ရန်ကုန်၊ မန္တလေးနှင့် လူသူအရောက်အပေါက် နည်းသည့် နေပြည်တော်တွင် နယ်ကျဉ်းသွားစေရန် ကြိုးစားရင်း စခန်းတခုပြီးတခု၊ တံတား တစင်းပြီးတစင်း ပိုင်နက်နယ်မြေများကို တဖြည်းဖြည်း သိမ်းယူရေးဖြစ်သည်။
ကျန်ကိစ္စများသည် စစ်တပ်အတွင်း ဖိအားဖြင့်ပင် အဆုံးသတ်သွားနိုင်သည်။
လွတ်လပ်မှုကို မြည်းစမ်းခြင်း
စစ်တပ်သည် မကြုံစဖူး ဆုံးရှုံးမှုများ၊ အစုလိုက်အပြုံလိုက် လက်နက်ချမှုများနှင့် သြဇာကြီးမားသည့် မဟာမိတ်များ၏ အယုံအကြည် ကင်းမဲ့မှုများက သူ၏နိုင်ငံအပေါ် ထိန်းချုပ်မှုကို သံသယရှိလာပြီး အသက် ၆၇ နှစ် ရှိပြီဖြစ်သော မင်းအောင်လှိုင်အတွက် တပ်တွင်းခြိမ်းခြောက်မှု ကောလာဟလများ အလွန်များပြားနေသည်။
စစ်တပ်နောက်တွင် တခါက ဝန်းရံခဲ့သော ဗုဒ္ဓဘာသာ အမျိုးသားရေး အစွန်းရောက်များအပေါ် သူ၏ သြဇာသည်ပင် ကျဆင်းနေသည်။ သူ၏ရာထူးကို စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းက လွှဲယူရန် ကျော်ကြားသည့် ဘုန်းကြီးတပါးက မကြာသေးမီက တောင်းဆိုခဲ့သည်။
“စစ်တပ်က ပြိုကျနေတယ်ဆိုတာ ထင်ရှားတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောသည်။
“ဒီနှစ်မှာ လွတ်မြောက်မှုနှုန်းက မြန်လာဖို့ပဲရှိတယ်။ ဒါပေမယ့် စစ်တပ်က ပိုမိုကျဆုံးခါနီးလေ ပိုမို ရက်စက်ကြမ်းကြုတ်လေပဲ” ဟု ၎င်းက သတိပေးသည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၆၀ အနက် နှစ်ပေါင်း ၅၀ ဝန်းကျင်တွင် စစ်တပ်တွင်း အာဏာလုပွဲကို လူသိရှင်ကြား တွေ့ရခဲသည်။
စစ်တပ်သည် အာရှတွင် ခံနိုင်ရည် အရှိဆုံး၊ အရက်စက် အကြမ်းကြုတ်ဆုံး၊ ရာထူးအဆင့်အတန်း အခွဲခြားဆုံး၊ အလျှို့ဝှက်ဆုံး စစ်တပ်များအနက် တခုဖြစ်နေသေးပြီး စစ်တပ်ခေါင်းဆောင်ပိုင်းသည် နေပြည်တော်တွင် အထီးကျန် ခိုလှုံနေသည်။
အငြင်းပွားစရာ မလိုသောကိစ္စမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သောင်ပြိုကမ်းပြို နိုင်ပြီးနောက် အာဏာသိမ်းသော မင်းအောင်လှိုင်သည် တနိုင်ငံလုံးတွင် ပုန်ကန်မှုများဖြစ်စေသည်။ စီးပွားရေးကို တွင်းဆုံးကျစေပြီး အလားအလာများ ကိန်းအောင်းနေသောနိုင်ငံကို ပြည်တွင်းစစ်မီး အပြည့်အဝ တောက်လောင်စေသည်။
“လက်ရှိ စစ်ခေါင်းဆောင်တွေက နိုင်ငံကို ကပ်ဆိုး ဆိုက်ရောက်စေရုံသာမက သူတို့ဒေါက်တိုင် အဖွဲ့အစည်းကိုလည်း သူတို့ဖျက်ဆီးတယ်” ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ ကိုရဲမျိုးဟိန်း ပြောပြီး စစ်ခေါင်းဆောင်များသည် ထိုအခြေအနေကို ရှောင်လွှဲမရတော့ကြောင်း မှတ်ချက်ချသည်။
“သူတို့တွေ ကျဆုံးမယ့် အလားအလာကို ရင်ဆိုင်နေရချိန်မှာတောင်မှ သူတို့ ဒေါက်တိုင်အဖွဲ့အစည်း တခုလုံးကို ဆွဲချသွားဖို့ အဆင်သင့်ပဲ” ဟု ၎င်းက ပြောသည်။
မင်းအောင်လှိုင်အတွက် ပုဂ္ဂလိက အကျိုးစီးပွားသည် ယခုထက် ပိုမိုဆုံးရှုံးနိုင်ဖွယ် မရှိတော့ပေ။
ကိုယ့်ပြည်သူများကို သတ်ဖြတ်ပြီး သယံဇာတများကို လုယက်ကာ နိုင်ငံအတွက် ပိုမိုလွတ်လပ်၊ ပိုမို ဒီမိုကရေစီကျ၊ ချမ်းသာကြွယ်ဝသည့် အနာဂတ်ဖြစ်ပေါ်လာတိုင်း ဖွံဖြိုးတိုးတက်ရေးကို နောက်ကြောင်းပြန်စေသူ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံသာ ၅၄ သန်းနီးပါးအနက် အများစုက ရွံရှာသည်။
“ကျမတို့က တစုံတခုသော လမ်းကြောင်းပေါ်ကို ရောက်နေပြီ။ ကျမတို့နိုင်ငံ တိုးတက်တာ အရမ်းမြန်တယ်” ဟု စစ်အာဏာသိမ်းစဉ်က အလှကုန်ဆိုင် ဖွင့်တော့မည့် မြန်မာမှ ဆန္ဒအလျောက် ထွက်ပြေးလာသူ အသက် ၃၀ အရွယ် မသူသူက ပြောသည်။
“ကျမတို့က ကမ္ဘာနဲ့ဆက်စပ်လာပြီ။ ဒါကြောင့် ကျမတို့ တိုးတက်ဖို့ အလားအလာ အများကြီးရှိတယ်။ အခုအဲဒီ အခွင့်အလမ်းအားလုံး ဆုံးရှုံးသွားပြီ။ ဒါပေမယ့် ကျမတို့ နိုင်နေတယ်။ လူငယ်တော်လှန်ရေးသမားတွေ လွတ်လပ်မှုကို မြည်းစမ်းခွင့်ရနေပြီ” ဟု ၎င်းက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်လာလျှင် ထိုလွတ်လပ်မှုသည် မြန်မာပြည်သူများ၏ သွေး၊ ချွေးအတွက် ပေးဆပ်ပြီး ဖြစ်သည်။
ထောင်ပေါင်းများစွာသော အရပ်သားများသည် ဆန္ဒပြပွဲများကို ဖြိုခွဲမှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့်အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ မုဒိန်းကျင့်၊ ရွာဖျက်ဆီးသည့် စစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများတွင် သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး ကာကွယ်သူများက ပြောသည်။
မြန်မာနိုင်ငံအတွင်းတွင် သန်းပေါင်းများစွာသော ပြည်သူများသည် နေအိမ်များကို စွန့်ခွာရပြီး ခရစ်ယာန် ဘုရားကျောင်းများ၊ စာသင်ကျောင်းများ၊ ဂူများနှင့် တောတောင် ကတုတ်ကျင်းများတွင် တိုးဝှေ့ပုန်းအောင်းနေကြရသည်။
“ခမာနီခေတ်နောက်ပိုင်း ဒေသတွင်းမှာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံနေရတယ်လို့ ပြောရင်မမှားဘူးလို့ ထင်တယ်” ဟု စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသော Fortify Rights မှ မစ္စတာ ပက်ထရစ် ဖောင်စာသွန်က ပြောသည်။
“ခမာနီခေတ်နောက်ပိုင်း ဒေသတွင်းမှာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံနေရတယ်လို့ ပြောရင်မမှားဘူးလို့ ထင်တယ်” ဟု စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသော Fortify Rights မှ မစ္စတာ ပက်ထရစ် ဖောင်စာသွန်က ပြောသည်။
စစ်တိုက်သည့် အတွေ့အကြုံမရှိသည့် လူငယ်အရပ်သား မျိုးဆက်တခုသည် တနိုင်ငံလုံး ပုန်ကန်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) တွင် လက်နက်စွဲကိုင် တော်လှန်ကြရသည်။
ချောင်ပိတ်မိပါက စစ်တပ်သည် မြန်မာပြည်သူများကို ပိုမိုရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ လုပ်သည်။
“ကျနော်တို့က လူသားရင်းမြစ်တွေကို ဆုံးရှုံးသွားပြီ” ဟု Free Burma Rangers မှ ကိုအောင်ဇေယျက ပြောပြီး ဘဝများနှင့် နိုင်ငံ့စီးပွားရေးကို တည်ဆောက်ရမည့်အစား စစ်ကောင်စီကို တိုက်ခိုက်နေရသည့် လူငယ် အမျိုးသား၊ အမျိုးသမီးများကို ထင်ဟပ်ပြီး ပြောသည်။
အပြောင်းအလဲမှတ်
ဒီရေအရှိန်တခုက ပြတ်ပြတ်သားသား ပြောင်းလဲနိုင်လျှင် ထိုဒီရေသည် လွန်ခဲ့သောနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်းမှ စတင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့ အလံတော်အောက်တွင် လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ရုတ်တရက် ထိုးစစ်သည် စစ်ကောင်စီတပ်များကို အငိုက်မိစေခဲ့သည်။
စတင်သည့် ရက်စွဲကို အစွဲပြုခေါ်သည့် သမိုင်းဝင်သွားပြီဖြစ်သော ၁၀၂၇ စစ်ဆင်ရေးဖြင့် ညီနောင်မဟာမိတ် တိုက်ခိုက်ရေးသမားများသည် ဝေးကွာသော စစ်စခန်းများကို သိမ်းယူကာ အဓိက လမ်းတံတားများကို သိမ်းပိုက်ပြီး စစ်တပ်၏ လေယာဉ်ပစ်လက်နက်များ၊ အမြောက်ကြီးများကို ရရှိသည်။ ၎င်းတို့၏ အောင်ပွဲများကို အဖွဲ့၏ လွန်စွာ တက်ကြွလှုပ်ရှားနေသည့် လူမှုကွန်ရက်တွင် ခမ်းနားစွာ ဖော်ပြသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) မှ ကောင်းစွာ လေ့ကျင့်ထားသည့် စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ညီနောင်မဟာမိတ်အဖွဲ့သည် စစ်တပ်၏ မဟာမိတ်များထံမှ တရုတ်နယ်စပ်ရှိ သေနင်္ဂဗျူဟာကျသည့် မြို့များကို သိမ်းပိုက်ကြသည်။ ထိုမြို့များသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်သည့် ကုန်သွယ်ရေး စီးဆင်းရာမြို့များ ဖြစ်သည်။
ထိုနယ်စပ်မြို့များအနက် အချို့ကို အာရှနှင့် အခြားဒေသများမှ ဝန်ထမ်းများဖြင့် လုပ်ကိုင်သည့် ကြီးမားသော ဆိုက်ဘာလိမ်လည်ရာ အခြေစိုက်စခန်းများ အဖြစ်လည်း အသုံးပြုသည်။
စုတ်ပြတ်သတ်နေသည့် အဆောက်အအုံများတွင် စစ်တပ်၏မဟာမိတ် နယ်ခြားစောင့်တပ်များ (BGFs) ၏ အကာအကွယ်ဖြင့် လုပ်နေသော ထိုလုပ်ငန်းများကို တရုတ်လူဆိုးဂိုဏ်းများက စီမံပြီး တရုတ် ငွေကြေးလိမ်လည်သူများကို ခန့်ထားသည်။ အချို့သည် အတင်းအကျပ် စေခိုင်းခံရသူများ ဖြစ်ပြီး အချို့မှာ ဆန္ဒအလျောက် လုပ်ကိုင်သူများ ဖြစ်သည်။
တရုတ်ရာဇဝတ်ကောင်များကို ခိုလှုံခွင့်ပေးပြီး နယ်စပ်မှတဆင့် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ထိုငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို တရုတ်က သည်းမခံနိုင်တော့သောအခါ အထက်ပါ ထိုးစစ်ကို တရုတ်က တိတ်ဆိတ်စွာ သဘောတူခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။
ထိုငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို ထိန်းချုပ်လိုက်ခြင်းဖြင့် ငွေကြေးအလွယ်တကူရမည် ဖြစ်သော်လည်း ညီနောင်မဟာမိတ်သည် ၎င်းတို့ကို ဖြိုခွဲရန် ရည်ရွယ်ချက်ကို အသုံးချသည်။ ငွေကြေး လိမ်လည်သည့် လုပ်ငန်းများသည် ထိုင်းနိုင်ငံအနောက်ဘက် နယ်စပ်အနီး စစ်ကောင်စီ၏ မဟာမိတ် အခြား နယ်ခြားစောင့်တပ်ရှိသော မြဝတီသို့ ရွှေ့ပြောင်းသွားသည်။
တရုတ်နယ်စပ်အနီး အဓိကကျသည့် လောက်ကိုင်မြို့မှ စစ်ကောင်စီစစ်သား ရာပေါင်းများစွာသည် ရက်သတ္တပတ်များစွာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇန်နဝါရီလ အစောပိုင်းတွင် ညီနောင်မဟာမိတ်ထံ လက်နက်ချသဖြင့် စစ်ကောင်စီအတွက် စိတ်မကောင်းစရာ ရလဒ်ဖြစ်သည်။
ထိုသေနင်္ဂဗျူဟာကျသောမြို့ကို လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်မှူးချုပ် ခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြင့် အညံ့ခံလက်နက်ချသည့် ကူးစက်မှုအန္တရာယ်ကို တားဆီးရန် လိုအပ်ချက်ကို ထင်ဟပ်နေသည်။
“စစ်တပ်ဟာ ဒေါက်တိုင် အဖွဲ့အစည်းတခုအနေနဲ့ မြန်မာ့သမိုင်းမှာ မကြုံဖူးတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်” ဟု ဘန်ကောက်အခြေစိုက် လုံခြုံရေးသုတေသီ မစ္စတာ အန်ထော်နီ ဒေးဗစ်က This Week In Asia ကဏ္ဍသို့ ပြောသည်။
မကြာသေး မီလများအတွင်း စစ်မြေပြင်တွင် ရှုံးနိမ့်ခဲ့ကြသည့် အရှက်တကွဲဖြစ်ရပ်သည် စစ်တပ်ကို လှုပ်ခတ်စေခဲ့ပြီး စစ်ကောင်စီနှင့် လက်အောက်ခံတပ်များအတွင်း ပြင်းထန်စွာ ထိခိုက်စေခဲ့ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားချက်များကို ရည်ညွှန်း၍ ၎င်းက ပြောသည်။
ညီနောင်မဟာမိတ်အဖွဲ့သည် မန္တလေးသို့ ထွက်ပေါက်ဖြစ်သည့် လားရှိုးအပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ အကြွင်းအကျန်များကို လာမည့်အပတ်များတွင် မောင်းထုတ်နိုင်သည်။
စစ်ကောင်စီအတွက် ပိုမိုနက်ရှိုင်းသော အန္တရာယ်မှာ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF တိုက်ခိုက်ရေးသမားများ ညှိနှိုင်းတိုက်ခိုက်မှုနှင့် စစ်လက်နက်ပစ္စည်းများ ဖြစ်သည်။
“စစ်ကောင်စီအတွက် သေချာပေါက် ပိုမိုကြီးမားတဲ့ ပြဿနာက ညီနောင်မဟာမိတ်က သူတို့သိမ်းဆည်းမိတဲ့ စက်သေနတ်ကြီးတွေနဲ့ မော်တာလို လက်နက်တွေကို ရှမ်းပြည်ပြင်ပမှာ လှုပ်ရှားနေတဲ့ PDFs တွေကို ပေးလိုက်မလားဆိုတဲ့ ပြဿနာဖြစ်တယ်” ဟု မစ္စတာ ဒေးဗစ်က ပြောသည်။
“စစ်ကောင်စီအတွက် သေချာပေါက် ပိုမိုကြီးမားတဲ့ ပြဿနာက ညီနောင်မဟာမိတ်က သူတို့သိမ်းဆည်းမိတဲ့ စက်သေနတ်ကြီးတွေနဲ့ မော်တာလို လက်နက်တွေကို ရှမ်းပြည်ပြင်ပမှာ လှုပ်ရှားနေတဲ့ PDF တွေကို ပေးလိုက်မလားဆိုတဲ့ ပြဿနာဖြစ်တယ်” ဟု မစ္စတာ ဒေးဗစ်က ပြောသည်။
ထိုသို့ပေးလိုက်ပါက စစ်ပွဲသည် အနောက်ဘက် မန္တလေးနှင့် မြို့မြောက်ဘက် ဧရာဝတီမြစ်တလျှောက်သို့ ပြောင်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီက နယ်စပ်များတွင် ဖရိုဖရဲအခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိခြင်းကို မြန်မာ၏ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယတို့က စိတ်ပျက်လာသည့် လက္ခဏာများလည်း တွေ့နေရပြီး စစ်ကောင်စီ ရုတ်တရက် ပြိုလဲသွားပါက ပေါ်ပေါက်လာသည့် မည်သည့်အစိုးရနှင့်မဆို ဆက်ဆံရေး ထူထောင်ရန် သဘောပေါက်လာကြသည်။
“စစ်ကောင်စီရဲ့ အာဏာအခြေခံဖြစ်တဲ့ နေပြည်တော်နဲ့ အခြားမြို့ကြီးတွေမှာတောင် လုံခြုံမှု မရှိတော့ဘဲ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုခံရနိုင်တယ်” ဟု USIP မှ ကိုရဲမျိုးဟိန်းက ပြောသည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး မင်းအောင်လှိုင်သည် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များအတွက် ကုလသမဂ္ဂတွင် အကာအကွယ်ရရန်နှင့် အရေးယူပိတ်ဆို့ခံရသည့် နိုင်ငံအတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားငွေ အသက်သွေးကြောအတွက် တရုတ်ထံမှ မေးခွန်းမထုတ်သော ထောက်ခံမှုကို ပိုမိုမှီခိုလာရသည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်အောက်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု မြန်မာတွင် တိုးလာခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၄ ပုံ ၁ ပုံရှိကာ အများအားဖြင့် လျှပ်စစ်ဓာတ်အား ကဏ္ဍတွင် ဖြစ်သည်။ ၎င်း၏ အကျိုးစီးပွားများအနက် တရုတ်သည် အိန္ဒိယသမုဒ္ဒရာသို့ သေနင်္ဂဗျူဟာကျသည့် ချဉ်းကပ်မှု ရရှိရေးအတွက် မြန်မာနိုင်ငံကိုဖြတ်ကာ စင်္ကြံတည်ဆောက်လိုပြီး ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အပါအဝင် အခြေခံ အဆောက်အအုံနှင့် စွမ်းအင်စီမံကိန်းများ တည်ဆောက်နေသည်။
သို့သော် လုံခြုံရေးနှင့် အုပ်ချုပ်ရေး မရေရာမှုသည် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ပူပန်မှုဖြစ်စေပြီး ပဋိပက္ခကြောင့် တိုးတက်မှု ရပ်ဆိုင်းသွားစေသည်။
“အဲဒီ စီမံကိန်းကြီးတွေက အရမ်းကြီးမားတယ်။ တခါတရံ ငွေထပ်လိုတယ်၊ တခါတရံ မြေပိုမိုလိုအပ်တယ်” ဟု အာရှလေ့လာရေး ဟောင်ကောင် သုတေသန စင်တာမှ ဒါရိုက်တာ ညံဖုန်က ပြောသည်။
“ဒါတွေ အားလုံးက မြန်မာအစိုးရအပေါ်မှာပဲ မူတည်တယ်။ ဒီခက်ခဲတဲ့ ပြဿနာတွေကို သူတို့ ဘယ်လို ကိုင်တွယ်မလဲ၊ ဒီစီမံကိန်းတွေကို သူတို့ ဘယ်လို တွန်းအားပေးမလဲဆိုတဲ့အပေါ် မူတည်တယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
မြန်မာမှ ချင်းပြည်နယ်နှင့် နယ်စပ်တလျှောက်သို့ ပဋိပက္ခ ကူးစက်လာသောအခါ ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက် ရပ်တည်နေသော အိန္ဒိယသည်လည်း အရေးပါသည့် လုံခြုံရေး ပူပန်မှုများ ရှိနေသည်။ တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သောကြောင့် မြန်မာစစ်ကောင်စီ စစ်သားရာနှင့်ချီ အိန္ဒိယဘက် ထွက်ပြေးလာပြီးနောက် ယခုအခါ အိန္ဒိယသည် မြန်မာနှင့် မလုံခြုံသော နယ်စပ်တွင် ခြံစည်းရိုးခတ်ရန်နှင့် နယ်စပ်ဇုန်တွင် လွတ်လပ်စွာ သွားလာခွင့် သဘောတူစာချုပ်ကို အဆုံးသတ်ရန် စီစဉ်နေသည်ဟု အိန္ဒိယမီဒီယာများက လွန်ခဲ့သောသီတင်းပတ်တွင် ဖော်ပြခဲ့သည်။
အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ခံနေရပြီးဖြစ်သော မင်းအောင်လှိုင်သည် သူ့တွင်ရှိသည့် မိတ်ဆွေအနည်းငယ်၊ အထူးသဖြင့် မကြာသေးမီကအထိ အာမခံချက်ပေးသည့် တရုတ်ကို ဆုံးရှုံးမခံနိုင်တော့ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှု ထပ်မံ အတည်ပြုလိုက်သည့် နောက်ဆုံးတကြိမ် ရွေးကောက်ပွဲကို သက်သေမပြနိုင်သည့် လိမ်လည်မှု စွပ်စွဲချက်ဖြင့် ပယ်ဖျက်ခဲ့သော်လည်း ဖရိုဖရဲအခြေအနေများကို ကျော်လွှားရန် သူ့တွင် အစီအစဉ်ရှိကြောင်း ပြသသည့်အနေဖြင့် ရွေးကောက်ပွဲသစ်များ ကျင်းပမည်ဖြစ်ကြောင်း ပြောသည်။ ထိုရွေးကောက်ပွဲဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှုကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရလိုသည်။
သံအမတ်ခန့်အပ်လွှာ ပေးအပ်သည့် လေးနက်ပုံရသော ဘရာဇီး သံအမတ်နှင့် မင်းအောင်လှိုင် တွဲရိုက်ထားသည့် ဓာတ်ပုံများကို မြန်မာနိုင်ငံပိုင်သတင်းဌာနက လွန်ခဲ့သော အပတ်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မင်းအောင်လှိုင်က လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ရှင်းပြသည်။
သို့သော် နိုင်ငံ၏ဒေသအများစုတွင် ဖြစ်ပေါ်နေသည့် ဖရိုဖရဲအခြေအနေများနှင့် မင်းအောင်လှိုင်အပေါ် မုန်းတီးမှုများကြောင့် ထိုကိစ္စသည် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
စစ်အာဏာသိမ်းမှုသည် နှေးကွေးသော ဒီမိုကရေစီတိုးတက်မှု ဆယ်စုနှစ်ကို ပယ်ဖျက်လိုက်ပြီး တောက်ပ၍ ပြင်ပကမ္ဘာကို ရှုမျှော်သော မြန်မာနိုင်ငံကို တည်ဆောက်ရင်း ငယ်ရွယ် ပြတ်သားသော ပြည်သူများက မောင်းနှင်သည့် စီးပွားရေး ရှေ့တန်းရောက်နိုင်ငံ ဖြစ်လာမည့် အလားအလာကို ကြေမွသွားစေသည်။
စစ်တပ်နှင့် နိုင်ငံကို ခွဲမရအောင် ချိတ်ဆက်ထားသည်ဟု ယုံကြည်သည့် တသက်လုံး စစ်သားလုပ်စားသူ မင်းအောင်လှိုင်၏ အာဏာသိမ်းသည့် လောင်းကစားကို အထင်အရှား ဆန့်ကျင်ကြသည်။ စစ်တပ်က ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် စစ်တပ်သည် အရပ်သား မူဝါဒများကို ပယ်ချနိုင်သည့် အာဏာရှိပြီး ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများ၊ ကျောက်မျက်များ၊ သစ်တောများနှင့် စွမ်းအင်စီမံကိန်းများ ပါဝင်သည့် ကျယ်ပြန်သော စစ်တပ်စီးပွားရေး လုပ်ငန်းများကို အပြည့်အဝ ထိန်းချုပ်ထားသည်။
အာဏာတွင် စစ်တပ်က စွက်ဖက်သည်ကို လက်ခံသည့် အသက် ၇၈ နှစ်အရွယ် ဒီမိုကရေစီခေါင်းဆောင်နှင့် အာဏာမသိမ်းမီက နိုင်ငံခေါင်းဆောင် ဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုတွင် အဖမ်းခံရသည်။ သူ့ကို အမှုအမျိုးမျိုးဖြင့် စွပ်စွဲပြီး ထောင်တွင်းတွင် တသက်လုံးနေရလောက်အောင် ထောင်ချထားသည်။
သူသည် ဗိုလ်ချုပ်များအတွက် အဖိုးတန်လာကောင်း တန်လာနိုင်သည်။
“စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေအတွက် သေရေးရှင်ရေးပဲဖြစ်ပြီး သူတို့က အရက်စက်ဆုံးနဲ့ အဖိနှိပ်ဆုံး နည်းလမ်းတွေကို အားကိုးဖို့ ဆုံးဖြတ်ထားတယ်” ဟု ကိုရဲမျိုးဟိန်းက ပြောသည်။
“သူတို့မှာ ဒေါ်အောင်ဆန်းစုကြည် ဝှက်ဖဲပဲ ကစားဖို့ကျန်တာ ဖြစ်နေနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သုံးတာ သို့မဟုတ် သူနဲ့ညှိနှိုင်းတဲ့ ပုံစံမျိုးနဲ့ တော်လှန်ရေးလုပ်ရှားမှုကို ထိန်းချုပ်ပြီး သွေးကွဲအောင် လုပ်နိုင်တယ်” ဟု ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကြီးမားလှသော သြဇာသည် ဒီမိုကရေစီအင်အားစုတွင် လျော့ကျနေပြီ ဖြစ်သည်။ ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်သောကြောင့် သူ့ကို နက်နက်ရှိုင်းရှိုင်း လေးစားသူများ ရှိနေသေးသော်လည်း မျိုးဆက်သစ်က မြန်မာနိုင်ငံရေးတွင် စစ်တပ်၏ အနာဂတ် အခန်းကဏ္ဍ မရှိစေရဟု ပြောကြသည်။
“ဒီအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကြီးထွားလာတဲ့ အင်အားက လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို ဘက်စုံပါဝင်တဲ့ ကစားပွဲအဖြစ် ပြောင်းလဲလိုက်ပြီ။ စစ်တပ်နဲ့ NLD အကြား အစဉ်အလာ အားပြိုင်မှုထက် ကျော်လွန်သွားပြီ” ဟု ကိုရဲမျိုးဟိန်းက ပြောသည်။
“ဒီအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကြီးထွားလာတဲ့ အင်အားက လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို ဘက်စုံပါဝင်တဲ့ ကစားပွဲအဖြစ် ပြောင်းလဲလိုက်ပြီ။ စစ်တပ်နဲ့ NLD အကြား အစဉ်အလာ အားပြိုင်မှုထက် ကျော်လွန်သွားပြီ” ဟု ကိုရဲမျိုးဟိန်းက ပြောသည်။
မြန်မာ့အရေး နီးတလှည့် ဝေးတလှည့်
စစ်တပ်၏ အဓိက ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းများကို အရေးယူပိတ်ဆို့မှုများ ရှိသော်လည်း မြန်မာ၏ ခုခံတော်လှန်မှုကို နိုင်ငံတကာအသိုက်အဝန်းက ပစ်ပယ်ထားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အနောက်နိုင်ငံများ၏ လှုပ်ရှားမှုကို တရုတ်က ပိတ်ပင်ထားသည်ဟု မြန်မာ့အရေးလေ့လာသူများက ပြောသည်။
လွန်ခဲ့သော ဆယ်စုနှစ်က မြန်မာနိုင်ငံ တံခါးဖွင့်လာသောအခါ နိုင်ငံတကာ အသိုက်အဝန်းသည် ဖုန်း၊ ဆင်းမ်ကတ်မှသည် အသင့်စား အစားအစာဆိုင် ကွင်းဆက်အထိ အရာရာလိုအပ်နေသည့် စားသုံးသူ သန်းပေါင်းများစွာရှိသော ဈေးကွက်အသစ်ကို အလုအယက် ကြိုဆိုကြသည်။ ၂၀၁၄ ခုနှစ်တွင် ထိုစဉ်က အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် ကင်မရာများရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပွေ့ဖက်သည်။ အာဖဂန်နှင့် အီရတ်မှ ကပ်ဆိုးများသည် နိုင်ငံတည်ဆောက်ရေး အယူအဆကို အပိုင်းပိုင်းအစစ ဖြစ်စေချိန်တွင် ဒီမိုကရက်တစ် သတင်းကောင်းတပုဒ်၏ နိဒါန်းဟု အမေရိကန် ပြည်ထောင်စု ပျော်ရွှင်နေချိန်ဖြစ်သည်။
သို့သော် အမေရိကန်အာဏာကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ခြေဆန့်ထားရပြီး မြန်မာသည် ဒုက္ခရောက်နေသော ကမ္ဘာတွင် အဖျားအနားသာ ဖြစ်သည်။ မြန်မာစစ်ကောင်စီသည် မကြာသေးမီကအထိ အိမ်နီးချင်း ထိုင်းမှ စစ်အစိုးရနှင့် နီးကပ်သော မဟာမိတ်ဖြစ်သည်။
“ဖြစ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာ အသိုက်အဝန်းက အများအားဖြင့် ဘေးကနေ ရပ်ကြည့်နေတယ်” ဟု စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများ၊ အရပ်သားများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် အတင်းအကျပ် နယ်မြေရှင်းလင်းမှုများကို ရည်ညွန်းပြီး Fortify Rights မှ မစ္စတာ ပက်ထရစ် ဖောင်စာသွန်က ပြောသည်။
ဒေသဆိုင်ရာအဖွဲ့ဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည်လည်း မြန်မာပဋိပက္ခသည် နယ်စပ်များကို ကျော်လွန်ပြီး ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြင့်မားလာခြင်း စသည့် ပိုမိုကျယ်ပြန့်သည့် ပြဿနာများ ဖြစ်လာစေကာမူ မြန်မာနှင့် ပတ်သက်သည့် ညီညွတ်သော သဘောထား ချမှတ်နိုင်ခြင်း မရှိပေ။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သော သီတင်းပတ်က အလှည့်ကျဥက္ကဋ္ဌ လာအိုတွင် တွေ့ဆုံခဲ့ပြီး မြန်မာသည် အရေးပါသည့် ပြဿနာဖြစ်သည်။
“ဒါပေမယ့် လာအိုအနေနဲ့ ဒီလို ဘက်စုံ နိုင်ငံတကာ အကျပ်အတည်းမျိုးကို ကိုင်တွယ်နိုင်ဖို့ နိုင်ငံရေးဆန္ဒ မရှိသလို စွမ်းရည်လည်း မရှိဘူးလို့ထင်တယ်” ဟု မစ္စတာ ဖောင်စာသွန်က ပြောပြီး လာအိုသည် စစ်ကောင်စီအပေါ် ပြတ်သားသည့် သဘောထားရှိသော မလေးရှား၊ အင်ဒိုနီးရှားတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ပြောသည်။
ရေရှည်တွင် စစ်ကောင်စီ၏ ရာဇဝတ်မှုများအတွက် တာဝန်ရှိမှုကို နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် နောက်ဆက်ဖြစ်မည့်ကိစ္စများ၌ ထည့်သွင်းရမည်ဖြစ်သည်ဟု ၎င်းကပြောသည်။
အနာဂတ် အလားအလာများ
သူ၏ရှေ့မှ စစ်အာဏာရှင်က အာဏာ၊ စီးပွားရေး အကျိုးစီးပွား ဒေါ်လာ ဘီလီယံပေါင်းများစွာနှင့် လက်နက်များ ထိန်းချုပ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်းပြီး နိုင်ငံကို စစ်တပ်အလိုကျ ပုံစံဖြင့် တံခါးဖွင့်ခဲ့ပြီးနောက် လွန်ခဲ့သော သုံးနှစ်က မင်းအောင်လှိုင် အာဏာသိမ်းမည်ကို ကြိုမြင်နိုင်သူ အနည်းငယ်သာ ရှိသည်။
တနိုင်ငံလုံးတွင် ဖြစ်ပွားလာသည့် အုံကြွမှု သို့မဟုတ် စစ်တပ် ယခု ရင်ဆိုင်နေရသည့် သေရေးရှင်ရေး ဖြစ်နိုင်သော အကျပ်အတည်းကို ကြိုတင်ခန့်မှန်းနိုင်သူ ပိုမိုနည်းပါးသည်။
“လာမယ့်လတွေမှာ ဖြစ်လာမယ့် နောက်ဆက်တွဲဖြစ်ရပ်တွေက ပိုမိုခက်ခဲဖို့ သေချာသလောက်ရှိတယ်” ဟု လုံခြုံရေး သုတေသီ မစ္စတာ အန်ထော်နီ ဒေးဗစ်က ပြောသည်။ “စစ်တပ်မှာ ရှိနေသေးတဲ့ အားကောင်းချက်တွေဖြစ်တဲ့ စည်းကမ်း၊ ရင်းမြစ်နဲ့ ကွပ်ကဲမှုတခုတည်းရှိခြင်းက တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူထောက်ခံမှု အခြေခံကို ပြင်းထန်တဲ့ အဖျက်အားတွေ ဖြစ်စေတယ်” ဟု ပြောသည်။
ပိုမိုခက်ခဲသော အချိန်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသော်လည်း နောက်ဆုံးတွင် အောင်ပွဲရမည့် အလားအလာနှင့် ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိသည်။ စစ်တပ်ကို ချေမှုန်းပြီးချိန်တွင် နိုင်ငံကို ပြာပုံမှ မည်သို့ ပြန်လည် တည်ဆောက်မည့် ဥပမာအဖြစ် စစ်ကောင်စီထံမှ သိမ်းပိုက်ထားသည့် နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးကို အားပေးသည်။
“မြန်မာ့အနာဂတ်ဟာ အခိုင်အမာ ပြဋ္ဌာန်းထားတာ မဟုတ်ဘူး။ ကောင်းရင်ကောင်းမယ်၊ ဆိုးရင် ဆိုးမယ်” ဟု NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောသည်။ “ပိုမိုကောင်းမွန်တဲ့ နိုင်ငံရဲ့အနာဂတ်ကို မေတ္တာထားမှု၊ အပေးအယူနဲ့ ပိုမိုကောင်းမွန်အောင်လုပ်ဖို့ မြှုပ်နှံလုပ်ကိုင်နိုင်စွမ်းကို အခြေခံပြီး အားလုံးရဲ့ စုပေါင်းအားထုတ်မှုနဲ့ လုပ်ရမယ်” ဟု ပြောသည်။
သို့သော် စစ်တပ်ကို ချေမှုန်းရန် သို့မဟုတ် စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ဖိအားပေးခေါ်ယူရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အရေးပါခြင်းနှင့်အတူ ငြိမ်းချမ်းရေး အကျိုးစီးပွား အားလုံးကို မျှတစွာ ကိုယ်စားပြုသည့် ဖက်ဒရယ်မြန်မာနိုင်ငံအတွက် စစ်ကောင်စီအလွန် အလားအလာနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများက စိုးရိမ်ကြသည်။
လွတ်လပ်ရေးရပြီးနောက် နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ပွဲသည် မည်သည့်အခါမှ မရပ်ခဲ့ပေ။
နောက်ဆုံးတွင် စစ်တပ်ကျဆုံးသည်ဆိုလျှင်ပင် နောင်ပေါ်ထွက်သည့် နိုင်ငံရေးဖြေရှင်းမှုတွင် စစ်တပ်သည် တစုံတရာသော အခန်းမှ ပါဝင်ရန် ကြိုးစားဖွယ် ရှိသည်။ သို့သော် မိတ်ဆွေများ၊ မိသားစုများ သတ်ဖြတ်ခံရသည်ကို မြင်တွေ့နေရပြီး ဘဝတိုးတက်မှု ရပ်ဆိုင်းသွားသည်ကို ကြုံတွေ့ရသည့် လူငယ်ခုခံတော်လှန်ရေးသမားများအတွက် ထိုကိစ္စသည် လက်မခံနိုင်သောကိစ္စ ဖြစ်သည်။
“ကျနော့်အမြင်တော့ ကျနော်တို့ဟာ လုံးဝသစ်လွင်တဲ့ စစ်တပ်နဲ့ ပြန်လည် စတင်ဖို့ လိုတယ်၊ အခု စစ်တပ်အတွက် အနာဂတ်မှာ နေရာမရှိဘူး” ဟု Free Burma Rangers မှ ကိုအောင်ဇေယျက ပြောသည်။
(South China Morning Post ပါ Aidan Jones နှင့် Khu Sam တို့၏ 3 years after Myanmar’s coup, is the clock finally running out on embattled junta as it “slowly falls apart”? ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး
လေးနှစ်အတွင်း ဝင်လာသော စစ်အာဏာသိမ်းမှု အကျပ်အတည်း
မြန်မာ့အာဏာချိန်ခွင်လျှာ ပြောင်းလဲမှု အိမ်နီးချင်းများ ရွေးချယ်မှုသစ်များနှင့် ရင်ဆိုင်ရ
မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်
အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့