ကုလသမဂ္ဂမှ နိုင်ငံတကာလူ့အခွင့်အရေး အားပေးမြှင့်တင်မှု၏ တိုးတက်မှုကို တိုင်းတာရန် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ အဆုံးသတ်ခြင်းနှင့် လူတိုင်း၏ အခြေခံအခွင့်အရေးများ မြှင့်တင်ပေးနိုင်ခြင်းတို့ဖြင့် ဆုံးဖြတ်ပါက ဝမ်းနည်းစရာကောင်းလောက်အောင် အောင်မြင်မှုနည်းသည်။ ငြိမ်းချမ်းရေး ပေါ်ပေါက်လာပြီး အခြေခံအခွင့်အရေးအပေါ် လေးစားမှု တိုးတက်လာသည့်နေရာ များများစားစား ရှိပုံမရပေ။
မြန်မာစစ်တပ်သည် ၎င်းတို့၏ တုန်လှုပ်စရာ လူ့အခွင့်အရေးမှတ်တမ်းနှင့် ပတ်သက်သည့် နိုင်ငံတကာ ဝေဖန်မှုများကို အရေထူသည်ဟု မကြာခဏ ယူဆတတ်ကြသည်။ စစ်ရာဇဝတ်ကောင်များအနေဖြင့် နိုင်ငံတကာ ဝေဖန်မှုများကြောင့် ထိခိုက်ပုံရပြီး ကောင်းစွာ မှတ်တမ်းတင်ထားသည့် အထောက်အထားများ ရှိစေကာမူ မာမာတင်းတင်း ငြင်းဆန်ရန် လိုသည်ဟု ခံစားရပုံ ရှိသည်။
ထိုသို့ လူသိရှင်ကြား ငြင်းဆန်မှုကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ယခင်ကနှင့်ယှဉ်လျှင် အားနည်းသော ပူးတွဲကြေညာချက်အပေါ် စစ်ကောင်စီ (SAC) ၏ ရန်လိုမှုတွင် အထင်အရှား တွေ့ရသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် “အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက် (မူကြမ်း) အား ညှိနှိုင်းစဉ်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံအဖြစ် တာဝန်သိစွာဖြင့် ပါဝင်ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။ သို့ရာတွင် ပူးတွဲကြေညာချက်အား အပြီးသတ် ထုတ်ပြန်ကြေညာရာတွင် မြန်မာနိုင်ငံမှ အဆိုပြု ပြင်ဆင်ဖြည့်စွက် ထည့်သွင်းလိုသည့် အချက်များ၊ မြန်မာနိုင်ငံ၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့သည်။ သို့ဖြစ်၍ အထက်ဖော်ပြပါ အချက်များကို အခြေခံလျက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်သည့် အချို့အချက်များအပေါ် စိတ်ပျက်မိပြီး ယင်းဖော်ပြချက်များအား ပြတ်သားစွာ ပယ်ချလျက် ပါဝင်ပတ်သက်မှု မရှိကြောင်း ထပ်လောင်းဖော်ပြအပ်သည်” ဟု တုံ့ပြန်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ယခင်ကနှင့်ယှဉ်လျှင် အားနည်းသော ပူးတွဲကြေညာချက်အပေါ် စစ်ကောင်စီ (SAC) ၏ ရန်လိုမှုက အထင်အရှား တွေ့ရသည်။
ထိုပူးတွဲကြေညာချက်တွင် မြန်မာနှင့်ပတ်သက်သည့် စာပိုဒ် ၅ ပိုဒ် ပါသော်လည်း စစ်ကောင်စီကို စိတ်ဆိုးမာန်ဆိုး ဖြစ်သွားစေသည့် အပိုဒ်မှာ “လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်နှင့် ပစ်ခတ်မှုများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများ ဖျက်ဆီးခြင်း အပါအဝင် ဆက်လက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို အာဆီယံက ပြင်းထန်စွာရှုတ်ချပြီး သက်ဆိုင်သူအားလုံးအနေဖြင့် သိမ်းကျုံး အကြမ်းဖက်မှုများကို ချက်ချင်းရပ်ရန်၊ ခိုင်မာသော လုပ်ရပ်များလုပ်ရန် တိုက်တွန်းသည်” ဆိုသည့် အပိုဒ်ဖြစ်နိုင်သည်။
မြန်မာစစ်အုပ်စု အဆက်ဆက်က မတိကျမှုဟု ယူဆသည့် ကိစ္စများကို ဆတ်ဆတ်ထိ မခံခြင်းနှင့် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ငြင်းပယ်ခြင်းမှာ ထုံးစံပင်ဖြစ်သည်။ စစ်အာဏာရှင်စနစ်၏ ပုံစံတခုသာဖြစ်ပြီး စစ်တပ်ကို ဝေဖန်သည့် မည်သည့် ဝေဖန်မှုကိုမဆို ငြင်းဆန်၊ ရှုတ်ချ၊ ပယ်ချရမည်ဆိုသည့် သဘောဖြစ်သည်။ မကြာခဏ ဆိုသလို ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့သည့် အနေအထားဖြစ်သွားသည်။
လူ့အခွင့်အရေးကော်မရှင်သို့ အစီရင်ခံသည့်ကိစ္စများကို မကျေနပ်ကြောင်း ဂျနီဗာမှ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးသည် အဓိကပြောကြားရသည့် ရုံးဖြစ်သည်။ ထိုရုံးသည် မယုံကြည်နိုင်လောက်အောင် ငြင်းပြီး စိတ်ကူးယဉ်အမှန်တရားကို ဖန်တီးကာ ပြဿနာပတ်လည်ဝိုင်းနေသည့် အမြဲတမ်းကိုယ်စားလှယ်ရုံးတခုသာ ဖြစ်သည်။ ထိုကိုယ်စားလှယ်ရုံးသည် အမှန်တရားကို ရင်ဆိုင်ရန် လုံးဝငြင်းဆန်နေသည့် ရုံးသာဖြစ်သည်။
ထိုရုံးသည် မယုံကြည်နိုင်လောက်အောင် ငြင်းပြီး စိတ်ကူးယဉ်အမှန်တရားကို ဖန်တီးကာ ပြဿနာပတ်လည်ဝိုင်းနေသည့် အမြဲတမ်းကိုယ်စားလှယ်ရုံးတခုသာ ဖြစ်သည်။ ထိုကိုယ်စားလှယ်ရုံးသည် အမှန်တရားကို ရင်ဆိုင်ရန် လုံးဝငြင်းဆန်နေသည့် ရုံးသာဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစတင်သည့် မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာမှု အကူအညီများကို စစ်ကောင်စီက နှောင့်ယှက်ဟန့်တားမှုများအကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အသေးစိတ်အစီရင်ခံစာကို အထက်ပါကိုယ်စားလှယ်ရုံးက ပြစ်တင်ရှုတ်ချနေသည်။ ထိုကုလသမဂ္ဂ အစီရင်ခံစာမှ စာပိုဒ်များကို မြန်မာကိုယ်စားလှယ်ရုံးက သဘောတရားအရ ပယ်ချသည်။ ရခိုင်ပြည်နယ်မှ ဆိုင်ကလုန်းမိုခါအပြီး အကူအညီများကို အစိုးရက အထင်အရှား ဟန့်တားပြီးနောက်တွင် ထိုအမြဲတမ်းကိုယ်စားလှယ်ရုံးက ကုလသမဂ္ဂနှင့် ဆက်ဆံရေးသည် သဘောထားကွဲလွဲစရာဖြစ်ကြောင်း ဖော်ပြလာသည်။
ထိုရုံး၏ထုတ်ပြန်စာတွင် “မြန်မာမှ ကုလသမဂ္ဂအေဂျင်စီများသည် အလှူရှင်နိုင်ငံအချို့က လွန်စွာသြဇာလွှမ်းမိုးသော ကုလသမဂ္ဂစနစ်မှ ဖိအားပေးခံနေရသည်ကို တွေ့ရသောကြောင့် ဝမ်းနည်းစရာ ဖြစ်သည်။ ကုလသမဂ္ဂအေဂျင်စီ အများအပြားသည် အစိုးရနှင့် အဓိပ္ပာယ်ပြည့်ဝသည့် ထိတွေ့ဆက်ဆံခြင်းမှ တားမြစ်ခံရပြီး ထိုကိစ္စသည် ကုလသမဂ္ဂနှင့် မြန်မာပူးပေါင်းဆောင်ရွက်မှုတွင် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်စေသည်” ဟု ဖော်ပြထားသည်။
စစ်ကောင်စီကို နိုင်ငံခြားမှ အဓိက စိတ်ဒုက္ခပေးနိုင်သူမှာ အမေရိကန် တက်ကြွလှုပ်ရှားသူ ကွန်ဂရက်အမတ်ဟောင်း၊ လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူး ဖြစ်သည်။ မစ္စတာ အင်ဒရူးသည် သူ့အသံကိုသူ အာရုံစိုက်နေမည်ကို သံသယဖြစ်စရာမလိုဘဲ သူ့ပုံရိပ်သူ မြှင့်တင်နေသည်မှာ ကာလကြာမြင့်လှပြီ ဖြစ်သည်။
သို့သော် မြန်မာနှင့်ပတ်သက်သည့် ကုလသမဂ္ဂ၏ ယုံကြည်လောက်သော ဦးဆောင်မှုမရှိဘဲ အတွင်းရေးမှူးချုပ်၏ အထူးသံတမန်ကို ထောက်ခံမှု အားနည်းသောကြောင့် စစ်ကောင်စီကို ပြစ်တင်ရှုတ်ချရာတွင် မစ္စတာ အင်ဒရူးသည် အဓိကဆုံမှတ်ဖြစ်နေပြီး သူသည် ဝင်ရောက်စွက်ဖက်တတ်သည့် စိတ်အနှောင့်အယှက် ဖြစ်စေသူဖြစ်သည်ဟု စစ်ကောင်စီက မုန်းတီးသည်မှာ ထင်ရှားသည်။
စစ်ကောင်စီကို နိုင်ငံခြားမှ အဓိက စိတ်ဒုက္ခပေးနိုင်သူမှာ အမေရိကန် တက်ကြွလှုပ်ရှားသူ ကွန်ဂရက်အမတ်ဟောင်း၊ လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူး ဖြစ်သည်။
တောင်ကိုရီးယားရှေ့နေ မစ္စ ယန်ဟီးလီသည်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူအဖြစ်နှင့် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်အဖြစ် စစ်အုပ်စု၊ အမျိုးသားရေးဝါဒီ မဘသနှင့် ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလားတူ သက်ရောက်မှုရှိသည်။
မစ္စတာ အင်ဒရူးသည် လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံသို့ ပုံမှန်တင်သွင်းနေသည့် အကြောင်းအရာအလိုက် အစီရင်ခံစာများထက် ကျော်လွန်သည့် လွန်စွာ အရည်အသွေးမြင့်သော အစီရင်ခံစာများကို ထုတ်ဝေခဲ့သည်။ ဖေဖော်ဝါရီလက ထုတ်ပြန်သည့် နိုင်ငံတကာ လက်နက်လွှဲပြောင်းမှုနှင့် ဇွန်လက ထုတ်ပြန်သည့် အာဏာသိမ်းမှုနောက်ပိုင်း ကလေးငယ်များကို ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာများ ဖြစ်သည်။
အထူးသဖြင့် လက်နက်လွှဲပြောင်းမှု အစီရင်ခံစာသည် အရေးယူပိတ်ဆို့မှုများ တောင့်တင်းကြံ့ခိုင်ရေးအတွက် အကျိုးပြုသည်။ မစ္စတာ အင်ဒရူးသည် စစ်ကောင်စီကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း သူ၏ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာကို တုံ့ပြန်သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် တွေ့နိုင်သည်။
“မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူသည် မြန်မာကို အထီးကျန်စေရန် ရည်ရွယ်ချက်ဖြင့် အစီရင်ခံစာ တင်သွင်းသည်ကို တွေ့ရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်။ သူသည် အများပြည်သူကို လွန်စွာအကျိုးပြုသည့် မြန်မာ၏ နိုင်ငံပိုင် လုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် အဖွဲ့ဝင်နိုင်ငံများကို သူက ထပ်မံတောင်းဆိုသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မြန်မာပြည်သူများကိုသာ ထိခိုက်နစ်နစ်စေပြီး မြန်မာနိုင်ငံတိုးတက်ရေး အခွင့်အရေးများကို ချိုးဖောက်သည်” ဟု ဖော်ပြထားသည်။
ပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးကြီးမားစေသည်မှာ အနောက်တိုင်း အရေးယူပိတ်ဆို့မှုများ မဟုတ်ဘဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်များကို မတ်လတွင် ရိက္ခာဖြတ်တောက်ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်သည် နိုင်ငံခြားအလှူငွေ လျော့ကျသောကြောင့်ဟု အကြောင်းပြသည့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရသော လုပ်ရပ်ဖြစ်သည်။
မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ အင်ဒရူးက “ရိုဟင်ဂျာကလေးတွေက ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို စားလို့မရဘူး” ဟု ပြောသည်။ ထိုကလေးများသည် အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာများကိုလည်း မစားနိုင်သည့်တိုင် ထိုအချက်သည် ပြောသင့်သောအချက် ဖြစ်သည်။
မစ္စတာ အင်ဒရူး၏ ဇူလိုင်လ ၅ ရက်နေ့က အပြန်အလှန်ဆွေးနွေးပွဲကို ပယ်ချသည့် ထုတ်ပြန်ချက်တွင် ဂျနီဗာရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးက “အစိုးရကို အယုံအကြည်ကင်းမဲ့စေရန် ကြိုးစားသည့် အကန့်အသတ်မဲ့ ညီလာခံ အစီရင်ခံစာများ ထုတ်ဝေရန် အထူးအစီရင်ခံစာတင်သွင်းသူကို ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက မလျော်ကန်သည့် အခွင့်အာဏာများ ပေးအပ်ထားသည်” ဟု ဖော်ပြထားသည်။
မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ အင်ဒရူးက “ရိုဟင်ဂျာကလေးတွေက ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို စားလို့မရဘူး” ဟု ပြောသည်။
သို့သော် ထိုအစီရင်ခံစာများသည် အကန့်အသတ်မဲ့မဟုတ်ဘဲ အနည်းငယ်သာ ရှိသည်။ စစ်ကောင်စီအနေဖြင့် ထိုအစီရင်ခံစာများနှင့် ပတ်သက်ပြီး စိတ်မသက်မသာဖြစ်နေပါက အကောင်းဆုံးနည်းလမ်းမှာ ထိုအစီရင်ခံစာများ ဆက်လက်ထုတ်ဝေရန်သာ ဖြစ်သည်။ ထောင်ချီသော စာမျက်နှာရှိခြင်းကြောင့် အသက်ထွက်မတတ်ဖြစ်သော်လည်း ထိုသို့ အကြိမ်ကြိမ်ဆောင်ရွက်ခြင်းသည် စစ်ယန္တရားကို အင်အားချိနဲ့စေသောကြောင့် လုပ်သင့်သည်။
“အကန့်အသတ်မရှိ” ဟုဆိုသော ထိုအစီရင်ခံစာများကြောင့် ထွက်ပေါ်လာသည့် စိတ်ပျက်ကြောင်း တုံ့ပြန်မှုများက ထိုအချက်ကို ပြသနေသည်။ ဂျနီဗာရှိ ကိုယ်စားလှယ်ရုံးမှ တစုံတဦးသည် မစ္စတာ အင်ဒရူး၏ စကားလုံးကျပ်ပြီး နားလည်ရခက်သော အစီရင်ခံစာကို စနစ်တကျစစ်ဆေးရပြီး ငြီးငွေ့မည်ဖြစ်သည်။ ထို့ကြောင့် ထိုအစီရင်ခံစာများကို ပိုမိုရှည်လျားပြီး ပိုမိုပညာရပ်ဆန်အောင် ရေးပါ။ ပိုမိုငြီးငွေ့လာမည်ဖြစ်သည်။
ထိုသို့လုပ်ခြင်းသည် ဘွဲ့ထူးဂုဏ်ထူးမက်သည့် အရာရှိငယ်တဦးအနေဖြင့် စည်းမျဉ်းစည်းကမ်း စာအုပ်ကြီးအတိုင်းလုပ်ရန် အတင်းအကျပ်လုပ်ခြင်း၊ အထူးသဖြင့် မကျွမ်းကျင်ဘဲလုပ်ခြင်း ဖြစ်သော်လည်း မြန်မာတွင် စစ်အုပ်ချုပ်ရေးကာလ၌ အမြဲတမ်းသုံးသည့်နည်း ဖြစ်သည်။ တုံ့ပြန်မှုတခုက မစ္စတာ အင်ဒရူးသည် လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ လိုက်နာရမည့် ကျင့်ဝတ်ကို ချိုးဖောက်သည်ဟု ရိုင်းစိုင်းစွာ စွပ်စွဲသည်။
ထိုကျင့်ဝတ် ၃ (စ) တွင် “မည်သည့်အစိုးရ၊ တသီးပုဂ္ဂလ၊ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်း သို့မဟုတ် မည်သည့် ဖိအားပေးအုပ်စုထံမှ ညွှန်ကြားချက် မယူရ၊ ယူရန် မကြိုးစားရ” ဟု ထိုပုဒ်မတွင် ဖော်ပြထားသည်။ ထိုစကားသည် မိတ်ဆွေ ရုရှားမှ လာသည့် ကျိုးကြောင်းဆီလျော်မှု မရှိသော စကားဖြစ်သည်။
တရားဝင်ငြင်းပယ်မှုများသည် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေး ဇာတ်လမ်းတွင်လည်း ဆက်လက်ဖြစ်နေသည်။ ထိုသို့ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်တွင် စစ်ကောင်စီအရာရှိများ ကော့ဘဇား၌ သွားရောက်သည့် ခရီးများအတွက် လွန်ခဲ့သောမတ်လတွင် ကုလသမဂ္ဂ သင်္ဘောများက ပို့ဆောင်ပေးရသောအခါ လူကဲ့ရဲ့စရာဖြစ်ခဲ့သည်။
သို့သော် တုံ့ပြန်မှုများတွင် ရိုဟင်ဂျာ လူမျိုးစု ရှိသည်ဆိုသည့်အချက်ကို ဆက်လက်ငြင်းဆန်နေသည်။ “နိုင်ငံ၏ ဥပဒေနှင့် သမိုင်းမှတ်တမ်းများတွင် မည်သည့်အခါမှ မရှိခဲ့ဘဲ တီထွင်ထားသည့် ‘ရိုဟင်ဂျာ’ ဆိုသည့် စကားလုံးကို မြန်မာက အသိအမှတ် မပြုပါ။ မြန်မာပြည်သူများသည် လူမျိုးစုအဆင့်အတန်းနှင့် နယ်မြေတောင်းဆိုမည့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးရည်မှန်းချက်ရှိသော ရိုဟင်ဂျာဆိုသည့် ဝေါဟာရကို လုံးဝ လက်မခံနိုင်ပေ” ဟု တုံ့ပြန်သည်။
ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်တွင် စစ်ကောင်စီအရာရှိများ ကော့ဘဇား၌ သွားရောက်သည့် ခရီးများအတွက် လွန်ခဲ့သောမတ်လတွင် ကုလသမဂ္ဂ သင်္ဘောများက ပို့ဆောင်ပေးရသောအခါ လူကဲ့ရဲ့စရာဖြစ်ခဲ့သည်။
လုံးဝ လူမျိုးရေးဆန်သည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ရန် တောင်းဆိုမှုများသည် မြန်မာ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းဖြစ်သည်ဟု အထက်ပါ ကိုယ်စားလှယ်ရုံးကပြောပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းများမှ လူ ၁ ဒသမ ၁ သန်းဆိုသည့် အရေအတွက်မှာ “မတိမကျချဲ့ကားထားသည်” ဟု ပြောသည်။
ရိုဟင်ဂျာများ တည်ရှိမှုကို ငြင်းပယ်ခြင်း၊ ရခိုင်ပြည်နယ်မှ အရေအတွက် မည်မျှများများ အကြမ်းဖက် မောင်းထုတ်ခဲ့သည်ကို အကြိမ်ကြိမ် ငြင်းနေခြင်း၊ ထိုနောက် ရိုဟင်ဂျာများနှင့် ထောင်ပေါင်းများစွာသော အခြားသူများ နိုင်ငံမဲ့ဖြစ်စေသည့်ဥပဒေကို ပြင်ဆင်ရန် ငြင်းဆန်ခြင်းတို့သည် ဘေးကင်းလုံခြုံ သိက္ခာရှိစွာ ပြန်လည်ပို့ဆောင်ခြင်း မဖြစ်နိုင်ကြောင်း ပြသသည့် လက္ခဏာများဖြစ်သည်။
အထူးအစီရင်ခံစာ တင်သွင်းသူနှင့် OHCHR အစီရင်ခံခြင်းတို့သည် နိုင်ငံတကာအရေးယူမှုစနစ်၏ အစိတ်အပိုင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဖြစ်နိုင်ခြေရှိသော အနာဂတ် တရားစွဲဆိုရန်နှင့် လက်ရှိ နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှု၊ နိုင်ငံတကာသဘောတူညီချက် ချိုးဖောက်မှုကို ဆုံးဖြတ်ရန်နှင့် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ အတင်းအကျပ် ပြည်နှင်သည့် အမှုအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရေရှည်စုံစမ်းစစ်ဆေးမှုအတွက် အမှုတွဲ ပြုစုသည့် အနေဖြင့် ပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) လည်း ပါဝင်သည်။
များပြားလှသော ပြစ်တင်ရှုတ်ချမှုများကို နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) နှင့် နိုင်ငံတကာ ဂျူရီလူကြီးများကော်မရှင် (ICJ) တို့ပါဝင်သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများသည် ဗိုလ်ချုပ်များ၏ အပြစ်မကင်းသောစိတ်ကို မည်မျှ ထိုးဖောက်နိုင်ကြောင်း ရှင်းလင်းစွာ မသိရပေ။ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ပညာရှင်ပီသသော စိတ်ပျက်မှုဆိုသည့် စစ်မှန်သော ခံစားချက်များကြောင့် တရားဝင်တုံ့ပြန်မှု ဖြစ်စေသည်။ တစုံတရာ ပြတ်ပြတ်သားသား ငြင်းပယ်ခြင်းကို သဘောတရားအရ ပြုလုပ်သည်ဟု အမှန်တကယ် ယူဆနိုင်သော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပညာရှင်သံတမန်များ၏ စတန်လီကိုဟင်ပုံစံ ငြင်းဆန်မှု (ဇွတ်မှိတ်ငြင်းဆန်ခြင်း) မည်မျှ ရှိသည်၊ အာဏာရှင်ဆန်ဆန် ဂမူးရှူးထိုးလုပ်ခြင်း မည်မျှပါသည်နှင့် ပြင်းထန်သော စစ်ရာဇဝတ်မှု စွပ်စွဲချက်များကို ငြင်းဆန်ရခြင်းတွင် ပျော်ပိုက်နေသူ မည်သည့်အဆင့် အရာရှိများ ပါဝင်သည်ကိုလည်း ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။
နိုင်ငံပိုင်မီဒီယာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) ကို မကြာခဏ ရှုတ်ချသော်လည်း ၎င်းတို့သည် ကုလသမဂ္ဂအကြောင်း မစဉ်းစားဘဲ မနေနိုင်ပေ။ ထို့ကြောင့် စစ်ကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်ကို အရေးပါသည်ဟု သတ်မှတ်ကြောင်း ဖော်ပြနေသည်။ အာဆီယံအဖွဲ့ဝင် ဖြစ်ခြင်းသည်လည်း တစုံတရာအရေးပါသည်ဟု သတ်မှတ်သည်။ သို့သော် ထိုသို့ အဖွဲ့ဝင်ဖြစ်သော်လည်း ဝေဖန်မှုမလုပ်ရဟု တောင်းဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ငြင်းပယ်မှုစနစ်ကို ပြုပြင်ပြောင်းလဲရန် မည်သည့်အားထုတ်မှုမှ မလုပ်ခဲ့ပေ။ အထူးသဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားသည့် ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် အကြမ်းဖက်မှု နောက်ပိုင်းတွင် ထိုသို့ ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်ခြင်း မရှိပေ။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း အထူးသံတမန်များသည် ရောထွေးနေသော အောင်မြင်မှုများသာ ရခဲ့သော်လည်း စစ်အုပ်စု အဆက်ဆက်ထံမှ သံတမန်ရေး မထေမဲ့မြင်ပြုမှု ဖြစ်စေသောကြောင့် ထိုက်တန်သော အားထုတ်မှုဖြစ်သည်။
စစ်ကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်ကို အရေးပါသည်ဟု သတ်မှတ်ကြောင်း ဖော်ပြနေသည်။ အာဆီယံအဖွဲ့ဝင် ဖြစ်ခြင်းသည်လည်း တစုံတရာအရေးပါသည်ဟု သတ်မှတ်သည်။ သို့သော် ထိုသို့ အဖွဲ့ဝင်ဖြစ်သော်လည်း ဝေဖန်မှုမလုပ်ရဟု တောင်းဆိုသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်အောင်လုပ်ရန် မရှိလျှင်ပင် ၎င်းတို့သည် လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများကို မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော် ၎င်းတို့၏ သက်ရောက်မှုသည် အထိနာစေမည့် ထိုးနှက်ချက်၊ အလဲထိုး ထိုးနှက်ချက်၊ ထိုးဖောက်ထိုးနှက်ချက် သို့မဟုတ် အခြားမည်သည့် ချဲ့ကားပြောဆိုနိုင်သည့် အရာမှ မဟုတ်ပေ။
ထိုသို့အစီရင်ခံစာများ ထုတ်ပြန်ခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်၊ ထိခိုက်၊ စိတ်ပျက်စေသော်လည်း စစ်အုပ်ချုပ်ရေး၏ ထိပ်ပိုင်းအလွှာကို အခြေခံအားဖြင့် အင်အားချိနဲ့သွားစေခြင်း မရှိပေ။ သို့သော် ထိခိုက်ပွန်းပဲ့မှုဖြစ်စေရန် ရှေရှည် ရည်မှန်းချက် ရှိပါက ထိုသို့အစီရင်ခံစာများ ထုတ်ပြန်ခြင်းသည် အလုပ်ဖြစ်သည်။ ထိုသို့ အစီရင်ခံစာထုတ်ပြန်ခြင်းသည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု သို့မဟုတ် စိတ်ဆင်းရဲစေလျှင် အရေးပါသော လုပ်ငန်းဖြစ်သည်။
စိတ်အနှောင့်အယှက် ဖြစ်သော်လည်း စစ်တပ်အတွင်း ပဲ့တင်ထပ်သွားစေမည့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို အခြေခံသော ရာဇဝတ်မှုများကို ဂရုတစိုက် ပညာရှင်ဆန်ဆန် မှတ်တမ်းပြုစုခြင်းသည် ရေရှည်တွင် စုပြုံသက်ရောက်မှု ဖြစ်စေသည်။ အချို့သော သုံးသပ်ခန့်မှန်းသူများ မည်သို့ဆိုသည်ဖြစ်စေ အဆင့်တိုင်းတွင် လူသတ် ညှဉ်းပန်း နှိပ်စက်သည့် ယဉ်ကျေးမှုတခုရှိသည်ကို အတွင်းလူအားလုံး သိသည်။
အာဏာသိမ်းမှုနောက်ပိုင်းတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများသည် စစ်တပ်အတွက် မျှော်လင့်ချက်ကင်းမဲ့နေသည့် အထောက်အထားများဖြစ်ပြီး အချက်အလက်များက စစ်တပ်ပြိုကွဲတော့မည်ကို ပြသနေသည်ဆိုသည့် သုံးသပ်ရေးသားမှုများ အများအပြားရှိသည်။
သို့သော် ထိုအချက်မှာ လိုရာဆွဲ တွေးခြင်းဖြစ်ကြောင်း ဝမ်းနည်းစွာ သိရသည်။ စစ်တပ်သည် အာဏာ ဆက်လက်တည်မြဲရေးအတွက် အလွန်အမင်း အကြမ်းဖက်မှု မည်သည့် ပုံစံကိုမဆို စိတ်တိုင်းကျ သုံးစွဲမည်ဖြစ်သည်။ ၎င်းတို့သည် ပြည်တွင်းနှင့် နိုင်ငံတကာ တာဝန်ခံမှု တောင်းဆိုမှုများမှ လွတ်မြောက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်က ၎င်းတို့ လုပ်ခဲ့သည့်အတိုင်း ဆက်လက် အရေးယူမခံရစေရန် နိုင်ငံတကာအသိုက်အဝန်းကိုပင် မှီခိုနေနိုင်သည်။ သို့သော် ထိုမှတ်တမ်းတင် အစီရင်ခံနေမှုများသည် ရာဇဝတ်ကောင်များကို ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအား မှန်မှန် သတိပေးနေခြင်းဖြစ်ပြီး ၎င်းတို့တွင် အပြစ်ရှိကြောင်း ပြောနေသောကြောင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စများဖြစ်သည်။
ထိရောက်မှုနည်းသောကိစ္စမှာ OHCHR နှင့် အထူးအစီရင်ခံစာတင်သွင်းသူတို့က ကုလသမဂ္ဂစနစ်အတွင်းမှ လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်သက်သော အစီရင်ခံစာများ ဖြစ်သည်။ ကုလသမဂ္ဂစနစ်အတွင်းတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သော အစီရင်ခံစာများကို အသံတိတ် မနှစ်မြို့မှုဖြင့် တုံ့ပြန်ခြင်း ပြုလုပ်ကြသည်။ လူ့အခွင့်အရေးအတွက် ၎င်းတို့ ကတိကဝတ်မည်မျှ ရှိသည်ဖြစ်စေ ကုလသမဂ္ဂအေဂျင်စီ အများအပြားသည် ထိုအစီရင်ခံစာများကို အားပေးခြင်းသည် အနှောင့်အယှက်ဖြစ်စေသည်ဟု မြင်ကြပြီး လူ့အခွင့်အရေး လုပ်ဖော်ကိုင်ဘက်များနှင့် အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ရှားကြသည်။ အထူးအစီရင်စာတင်သွင်းသူများကို မကြာခဏ မထေမဲ့မြင်လုပ်ကြသည်။
အထူးသဖြင့် အထူးအစီရင်ခံစာ တင်သွင်းသူ အဆက်ဆက်သည် မြန်မာတွင် ကုလသမဂ္ဂနိုင်ငံဆိုင်ရာအဖွဲ့ (UNCT)နှင့် ဌာနေညှိနှိုင်းရေးမှူးရုံး (UNRC) တို့က တိုင်ပင်ဆွေးနွေးမှု မရှိခြင်းကို ရင်ဆိုင်ရသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဲ့သို့သော ကာကွယ်ပေးရန် လုပ်ပိုင်ခွင့်ရထားသည့် အေဂျင်စီများသည် ထိုအကာအကွယ်ပေးရေး လုပ်ပိုင်ခွင့်များကို အခြားသူများအား အမှန်တကယ် အကူအညီ ပေးရန်ထက် ပြင်ပစွက်ဖက်မှုမှ အကာအကွယ်နှင့် အသုံးစရိတ်များ ရရှိရေး အခွင့်အလမ်းဟု ထုံးစံအားဖြင့် ယူဆကြသည်။
ကုလသမဂ္ဂအေဂျင်စီ အများအပြားသည် ထိုအစီရင်ခံစာများကို အားပေးခြင်းသည် အနှောင့်အယှက်ဖြစ်စေသည်ဟု မြင်ကြပြီး လူ့အခွင့်အရေး လုပ်ဖော်ကိုင်ဘက်များနှင့် အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ရှားကြသည်။
စာရေးသူသည် ယခင် အထူးအစီရင်ခံစာတင်သွင်းသူတဦးကို လွန်ခဲ့သောနှစ် အနည်းငယ်က ရန်ကုန်ရှိ နတ်မောက်လမ်းမှ ကုလသမဂ္ဂဌာနချုပ်တွင် သွားရောက်တွေ့ဆုံသောအခါ ထိုအစီရင်ခံစာတင်သွင်းသူက “တခုတည်းသော ကုလသမဂ္ဂ” ဆိုသည့် စာတန်းနှင့် ပြုံးရွှင်နေသော ပြည်သူများပုံပါသည့် လွန်စွာကြီးမားသော ပိုစတာကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်ပြီး “တခုတည်း” ဆိုသော စကားလုံးသည် မည်သည့် တခုကို ရည်ညွှန်းသနည်းဟု မေးခွန်းထုတ်သည်။
ထိုအထူးအစီရင်ခံစာ တင်သွင်းသူသည် ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့၏ သဘောထားကွဲလွဲမှုများကို စိတ်ပျက်နေသည်။ ရခိုင်ပြည်နယ်သည် ကုလသမဂ္ဂ အလုပ်မဖြစ်ကြောင်း အပြည့်အဝပြသသည့် နေရာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်။ လွန်ခဲ့သော နှစ် ၃၀ အတွင်း အထူးအစီရင်ခံစာ တင်သွင်းသူများ၏ အားထုတ်မှုများတွင် အပြောင်းအလဲ များများစားစား မရှိပေ။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ထက်ဝက်သည် လူ့အခွင့်အရေးကောင်စီကို ဗြောင်ကျကျ တိုက်ခိုက်နေသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂသို့ အကြီးမားဆုံး အလှူရှင်နိုင်ငံ နှစ်ခုဖြစ်သည့် ဆော်ဒီအာရေးဗီးယားနှင့် ကာတာတို့သည် နိုင်ငံတကာအကြမ်းဖက်မှုများသို့ အကြီးမားဆုံး ငွေကြေးထောက်ပံ့သူ ဖြစ်နေသည်။ ထိုသို့သော ဆန့်ကျင်ဘက် အခြေအနေများကြောင့် ကုလသမဂ္ဂသည် မွန်းကျပ်နေသည်။ အကြွင်းမဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို အခြေခံသည့် စဉ်းစားသုံးသပ်ချက်နှင့် မူအချို့သည် ကမ္ဘာတဝန်း လက်ယာလူအများကြိုက်ဝါဒ ခေါင်းထောင်ထခြင်းကို စိတ်ပျက်အောင်လုပ်ရန်နှင့် မြန်မာမှ ကြောက်မက်ဖွယ်ရာများကို ဖြေရှင်းရန် လက်နက်ကောင်းဖြစ်သည်။
လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်သည့် လက်တွေ့ကျလိုသော ကုလသမဂ္ဂ အေဂျင်စီများသည် ထိခိုက်ပြည်သူများထံ သွားရောက်ခွင့်ရရေးနှင့် နှောင်ကြိုးမဲ့ လုပ်ငန်းဆောင်ရွက်ခွင့် ရရှိရေး ၎င်းတို့၏ တောင်းဆိုမှုများ မည်မျှ ထိရောက်မှုရှိသည်ကို ထည့်မတွက်ဘဲ နေပြည်တော်တွင် အဆင့်မြင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ပြုလုပ်နေသည်။
ထိုအချက်သည် OHCHR အစီရင်ခံစာ၏ အဓိက ဝေဖန်ချက်ဖြစ်ပြီး ဂျနီဗာရှိ စစ်ကောင်စီ ကိုယ်စားလှယ်ရုံးကို ဒေါသဖြစ်စေသည့် အချက်ဖြစ်သည်။ ထိုကိစ္စတွင် အထူးအစီရင်ခံစာ တင်သွင်းသူနှင့် လူ့အခွင့်အရေးကောင်စီတို့သာ မြန်မာမှ ပကတိ အခြေအနေကို ထင်ဟပ်ကြပြီး လုပ်ငန်းဆောင်ရွက်သည့် အေဂျင်စီများကို ထင်ဟပ်ခြင်း မပြုကြပေ။
သံတမန်များသည် မည်သည့် လူ့ အခွင့်အရေးမြှင့်တင်ခြင်းကိုမဆို အဆင့်လျှော့ချလိုပြီး လူ့အခွင့်အရေး မြှင့်တင်မှုများသည် အထက်လွှာ အသိုက်အဝန်းများအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်သည်ဟုမြင်သည်။ လျှို့ဝှက် ကြားဝင်မှုများသည် ပိုမိုထိရောက်သည်ဟု အထောက်အထားမဲ့ နားလည်ကြသည်။ ထိုသို့သော ယန္တရားများတွင် ၎င်းတို့ကို ကြေးစား ပညာရှင် ခန့်မှန်းတွက်ချက်သူများနှင့် အတိုင်ပင်ခံများက ကူညီကြသည်။ ထိုသူများသည် ဈေးနှုန်မှန်ကန်စွာပေးပါက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဟာရီ ခရစ်ရှနားကဲ့သို့သော နှလုံးသားရှိသူဖြစ်ကြောင်း သင့်ကို ယုံအောင်ပြောမည် ဖြစ်သည်။
သံတမန်များသည် မည်သည့် လူ့ အခွင့်အရေးမြှင့်တင်ခြင်းကိုမဆို အဆင့်လျှော့ချလိုပြီး လူ့အခွင့်အရေး မြှင့်တင်မှုများသည် အထက်လွှာ အသိုက်အဝန်းများအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်သည်ဟုမြင်သည်။
“မဂ္ဂါဖုန်းသံတမန်ရေး” ဟု လှောင်ပြောင်ခေါ်သည့် ကျယ်ကျယ်လောင်လောင် ဖိအားပေးသော သံတမန်ရေးသည် မည်သူက မဂ္ဂါဖုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေသနည်းဆိုသည် အချက်ပေါ် မူတည်သည်။ အထူးအစီရင်ခံစာ တင်သွင်းသူများနှင့် OHCHR တို့ထံမှ ဝေဖန်သော အစီရင်ခံစာများ ထုတ်လုပ်မှုကို ဆက်လက်ထိန်းထားရန် အထောက်အကူပြုသော အကြောင်းရင်းများ ရှိနေသည်။ ၎င်းတို့သည် ပါဝင်ပတ်သက်သူ အမျိုးမျိုးတို့ မသမာသော အပေးအယူများ လုပ်သောအခါ စစ်ကောင်စီ၏ ယုတ်မာရိုင်းစိုင်းမှုများကို သတိပေးပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည်။
သို့သော် နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများသည် စစ်ကောင်စီကို အကြိမ်ကြိမ် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်လိုလျှင် ၎င်းတို့အနေဖြင့် ကရင်လူ့အခွင့်အရေးအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၊ အမျိုးသမီး အခွင့်အရေးအဖွဲ့များနှင့် သုတေသနအဖွဲ့များကဲ့သို့သော မြန်မာပြည်တွင်း လူ့အခွင့်အရေးအဖွဲ့များကို အားပေးရန် အားထုတ်သင့်သည်။
မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။ မင်းအောင်လှိုင်နှင့် လက်ပါးစေများသည် ကာလတိုအတွက် အာဏာကို ၎င်းတို့ ချုပ်ကိုင်ထားနိုင်မည်ဟု ယုံကြည်ကြသည်။ သို့သော် ၎င်းတို့၏ အနာဂတ်တွင် ပျဉ်းမနားမြို့စွန်၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က စစ်ကောင်စီ စစ်သားများကို မြောင်းထဲမှ ဒရွတ်တိုက် ဆွဲထုတ်ခံရသည်ဆိုသည့် မနှစ်မြို့စရာ အတွေးလည်း ရှိနိုင်သည်။ ထိုမြင်ကွင်းလောက် စွဲမက်စရာကောင်းသောအရာမှာ စစ်ကောင်စီ အဆင့်မြင့်ခေါင်းဆောင်များ ဖြုတ်ချခံရပြီး ပြည်တွင်းတရားစီရင်မှုနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ ထိုကိစ္စသည် ICJ နှင့် ICC ထက် ၎င်းတို့ ပိုမိုကြောက်သော ကိစ္စဖြစ်သည်။
ထိုကိစ္စသည် မစ္စတာ အင်ဒရူး၊ OHCHR နှင့် IIMM တို့အနေဖြင့် မြန်မာလူ့အခွင့်အရေး လှုပ်ရှားမှုနှင့် မီဒီယာကို ထောက်ခံမှုတိုးမြှင့်ရန် အလှူရှင်များကို တိုက်တွန်းရာတွင် ၎င်းတို့စွမ်းအင်များ ပိုမိုစိုက်ထုတ်သင့်သည့်ကိစ္စ ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေး အစီရင်ခံစာ အားလုံးနီးပါးသည် ဝန်ခံဖော်ပြခြင်း ပြုလုပ်ခဲလှသည့် INGO များကဲ့သို့ပင် မြန်မာသုတေသီများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ အမျိုးမျိုးသုတေသနအဖွဲ့များကို မှီခိုနေရပြီး မီဒီယာကို အကြီးအကျယ် မှီခိုနေရသည်။
သို့သော် အထူးသဖြင့် မြန်မာမီဒီယာသည် အနောက်တိုင်း အဓိကအလှူရှင်များကြောင့် ထိခိုက်နေရသည်။ အပြန်အလှန် ချိတ်ဆက်နေသော လူမှုအခြေပြုအဖွဲ့အစည်း အသိုက်အဝန်း မရှိခြင်းသည် နိုင်ငံတကာ အားထုတ်မှုအတွက် ရနိုင်သော သတင်းအချက်အလက် ပမာဏကို လျော့ကျစေပြီး မြန်မာအုပ်စုများအနေဖြင့် လက်ရှိ ဖြစ်ပွားနေသည့် ဖြစ်ရပ်များကို သတင်းတင်ပြခြင်းနှင့် အနာဂတ် မြန်မာပြည်တွင်း တရားစီရင်ရေးအတွက် သတင်းအချက်အလက် ပြုစုနိုင်သည့် စွမ်းရည်ကို ကောင်းစွာ ထိခိုက်စေသည်။ အဓိကကျပြီး ရေရှည် ဘဏ္ဍာရေးနှင့် စစ်မှန်သော နည်းပညာအကူအညီဖြင့် ထိုသို့ထောက်ကူရန် ပျက်ကွက်ပါက မြန်မာမီဒီယာသည် ငွေကြေးပိုမိုပေးသော လုပ်ငန်းများ၏ အကျိုးကိုဆောင်ရမည်ဖြစ်ပြီး ထို့ကြောင့် စစ်ကောင်စီအတွက် အကျိုးရှိမည်ဖြစ်သည်။
လူကြီးဖြစ်စေ လူငယ်ဖြစ်စေ၊ ကျေးလက်နေဖြစ်စေ မြို့ပြနေဖြစ်စေ၊ ချမ်းသာသူဖြစ်စေ ဆင်းရဲသူများဖြစ်စေ၊ မြန်မာပြည်သူများသည် မည်သည့်ယဉ်ကျေးမှုနှင့် အတွေးအခေါ် ရှိသည်ဖြစ်စေ စစ်အာဏာရှင်အားလုံး၏ အငြင်းပွားစရာမလိုသော အားနည်းချက်ကို ကောင်းစွာသိကြသည်။ ထိုအားနည်းချက်မှာ ထိုစစ်အာဏာရှင်များသည် ရယ်မောလှောင်ပြောင်ခံရခြင်းကို မုန်းတီးကြသည်ဆိုသည့် အချက်ဖြစ်သည်။
စစ်အာဏာရှင်များသည် ရယ်မောလှောင်ပြောင်ခံရခြင်းကို မုန်းတီးကြသည်
ထို့ကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ၎င်းတို့၏ ရာဇဝတ်မှတ်တမ်းနှင့် ရင်ဆိုင်ရသောအခါ ယုံကြည် လက်ခံနိုင်ဖွယ်မရှိသည့် ခုခံချေပမှုများမှ များပြားလှသော ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ခြင်းကို လှောင်ပြောင် သရော်မှု များနိုင်သမျှ များများ အသုံးချ ထည့်သွင်းပေးရမည်။
လူသားချင်းစာနာမှုများကို ကန့်သတ်ခြင်းနှင့် ပတ်သက်သည့် OHCHR အစီရင်ခံစာကို ချေပသည့်စာ၏ အောက်ပါ နောက်ဆုံးအပိုင်း အပါအဝင် တုံ့ပြန်မှု အများအပြားတွင် ရယ်စရာကောင်းသော အချက်များရှိသည်။
“အချိန် အကန့်အသတ်ရှိသောကြောင့် မြန်မာနိုင်ငံသည် ကျန်စာပိုဒ်များကို မှတ်ချက် မပေးနိုင်ခဲ့ပေ။ ထိုသို့ဆိုသောကြောင့် မြန်မာသည် ထိုစာပိုဒ်များကို သဘောတူသည်ဟု မဆိုလိုပေ။ ပြန်လည်မှတ်ချက်ပေးရန် အချိန်မလုံလောက်ဆိုသည့် အဓိပ္ပာယ်သာ သက်ရောက်သည်” ဟု ဖော်ပြထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David Scott Mathieson ၏ Getting Under the Skin of Myanmar’s Dictators ကို ဘာသာပြန်သည်။ )
You may also like these stories:
ရိုဟင်ဂျာအရေး ဖြေရှင်းမှု ပိုမိုအားထုတ်ရန် ကုလသမဂ္ဂ အထူးသံတမန် တောင်းဆို
ကုလသမဂ္ဂလက်နက်ပိတ်ဆို့မှု အလုပ်ဖြစ်နိုင်လား
လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော
မြန်မာကလေးများ ထပ်မံသတ်ဖြတ်မခံရရေး ကမ္ဘာက ချက်ခြင်းအရေးယူရမည်