နိုင်ငံတဝန်းက အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် အကြမ်းဖက် နှိပ်ကွက်နေသလို ဖမ်းဆီးခံရသူများကိုလည်း စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များအတွင်း၌ ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိ ရာ အိုးဘိုထောင်ဟု လူသိများသည့် မန္တလေးဗဟိုအကျဉ်းထောင်သည်လည်း အပါအဝင် ဖြစ်သည်။
မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း၌ တည်ရှိပြီး အကျဉ်းသားဦးရေ ၇၀၀၀ ခန့်ထိ ရှိကာ အမျိုးသားအကျဉ်းသားအဆောင် ၁၊ ၂၊ ၃၊ အမျိုးသမီး အကျဉ်းသားအဆောင် ၁ ဆောင်၊ ဆေးရုံ၊ အလုပ်ရုံ၊ အချုပ်ဆောင် ၁၊ ၂၊ ၃၊ တိုက်ဆောင်၊ သီးသန့်ဆောင်နှင့် ထပ်မံ ဆောက်လုပ်ထားသော ၃ ထပ်ဆောင်များ ရှိသည်။
“ထောင်ထဲမှာ နေရတဲ့အချိန်တုန်းက သောက်ရေသန့် သောက်ရတဲ့အချိန်က အပျော်ဆုံးပဲ” ဟု ပြောပြလာသူက အိုးဘို ထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသူ မဇာခြည် (အမည်လွှဲ) ဖြစ်သည်။ ကာယကံရှင် လုံခြုံရေး အတွက် အမည်လွှဲထားခြင်းဖြစ်သည်။
ကျောက်ကပ်ရောဂါ ခံစားနေရသည့် မဇာခြည်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ၂၀၂၁ ဧပြီလဆန်းပိုင်း၌ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အိုးဘိုထောင်တွင်း ယာယီ အချုပ်ဆောင် (၃ ထပ်ဆောင်) တွင် အချုပ်သားဘဝဖြင့် ၆ လကျော် နေထိုင်ခဲ့ရပြီး ၂၀၂၁ အောက်တိုဘာလ၌ အကျဉ်း သားများ လွတ်ငြိမ်းချမ်းသာခွင့်တွင် မဇာခြည်တယောက် ပါဝင်ကာ ပြန်လွတ်လာခဲ့သည်။
သူက “ကျောက်ကပ်ရောဂါရှိတော့ သောက်ရေက အရမ်းရွေးရတယ်။ ပုံမှန် ဆေးတွေ မသောက်နိုင်ရင်တောင် ရေများများ သောက်နိုင်ရင် ကျောက်ကပ်အရောင်ကျတယ်လေ။ အဲဒီလို အနေအထားမှာ အိမ်က ထောင်ဝင်စာ ပုံမှန်မလာနိုင်တော့တဲ့ အချိန်၊ ဆေးပြတ်သွားတဲ့အချိန်မှာ ရေကိုအားပြုပြီး သောက်ခဲ့တာ။ အဲဒီမှာ ကျောက်ကပ်က အရောင်ကျမသွားဘဲ ပိုပိုဆိုး လာတယ်။ ဗိုက်ကြီးက တနေ့ထက်တနေ့ ပိုဖောင်းကားလာလို့ ထောင်ဆေးရုံ ပြရတဲ့အထိ ဖြစ်ခဲ့တယ်” ဟု ပြောပြသည်။
အိုးဘိုအကျဉ်းထောင်တွင် ထောင်ရေသန့်စက်ရုံမှ ရေသန့်ထုတ်ပြီး သောက်ရေအဖြစ် ထားပေးသော်လည်း အဆိုပါ ရေသန့်များကို ညသိပ်ထားပါက ရေဘူးအောက်ခြေတွင် အမှုန်အခဲများ အနည်ထိုင်ကာ ရေမှာ အစိမ်းရောင်အဖြစ် ပြောင်းသွားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ထို့အတွက် တရားရုံးများသို့ ရုံးထွက်ရသူတချို့က အကျဉ်းထောင်ဝန်ထမ်းများနှင့် ညှိယူ သို့မဟုတ် ခိုးဝှက်ယူလာသည့် ရေသန့်ကို ထောင်တွင်း မျှဝေသောက်ခဲ့ရပြီး “အဲဒီလို ရေသန့်သောက်ရတဲ့နေ့ဆိုရင် ပျော်တဲ့အပျော်က ဘာနဲ့မှ တိုင်းတာ လို့ မရဘူး” ဟုလည်း မဇာခြည်က ပြောသည်။
အဆိုပါ အခြင်းအရာသည် အိုးဘိုအကျဉ်းထောင်အတွင်းက အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအနက် အသေး အဖွဲတခုမျှသာ ရှိသေးပြီး ထို့ထက် အဆပေါင်းများစွာ ဆိုးရွားသော အကျဉ်းထောင်ဝန်ထမ်းများ၏ ဥပဒေမဲ့ ညှဉ်းပန်းနှိပ် စက်မှုများ၊ ဖိနှိပ်မှုများကို နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်ခံစားနေရသည်ဟုလည်း သူက ဆိုသည်။
ထောင်တွင်းက ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးအောင်မျိုးကျော်က “နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အကျဉ်းထောင် အာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေက ဘယ်တုန်းကမှ မကြုံဘူးတဲ့ ညှဉ်းပန်းနှိပ်စက်မှု တွေကို ကြုံနေရတာ ဖြစ်တယ်။ အရင်ခေတ်ကာလတွေထက် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နေတယ်” ဟု မှတ်ချက် ပြုသည်။
အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများအား မတရားသဖြင့် အလုပ်ခိုင်းစေခြင်း၊ ရာဇဝတ်အကျဉ်းသားများနှင့် ရန်တိုက်ပေး ခြင်း၊ မိသားစုနှင့် တွေ့ခွင့်မရခြင်းတို့အပြင် ထောင်တွင်းဆန္ဒပြမှုများတွင် အကြမ်းဖက်ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများအား ၎င်းက ထောက်ပြသည်။
ထို့ပြင် အာဏာသိမ်း စစ်ကောင်စီသည် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ရဲတပ်ဖွဲ့ဝင်များကို အကျဉ်းထောင်များ အတွင်း ဝင်ရောက်၍ တိုက်ရိုက်စီမံခွင့်များ ပေးထားခြင်းနှင့် အကျဉ်းထောင်အတွင်းက သတင်းများ ပြင်ပသို့ မပေါက်ကြား စေရေး စည်းကမ်းများ အထူးတင်းကျပ်ကာ အနီးကပ်စောင့်ကြည့်ခြင်းများကိုပါ ပြုလုပ်နေကြောင်း အကျဉ်းထောင်များနှင့် နီးစပ်သူများက ဆိုသည်။
ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးကလည်း “နိုင်/ကျဉ်းနဲ့ အခြားပြစ်မှု အကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံမှု တွေ ပုံစံမျိုးစုံနဲ့ အများကြီး ရှိတယ်။အဆိုးရွားဆုံးက အခြားပြစ်မှုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရန်တိုက်ပေးထားတာ။ အခြား ပြစ်မှုသမားတွေကို နိုင်ငံရေးသမားတွေနဲ့ စကားပြောတာ၊ ကူညီတာ၊ ပေါင်းသင်းတာမျိုးတွေလုပ်ရင် ထောင်တွင်း ပြစ်ဒဏ်တွေ ထပ်တိုးမယ်ဆိုပြီး ခြိမ်းခြောက်ပြီးတော့ စောင့်ကြည့်ခိုင်းထာတာမျိုးတွေ ရှိတယ်။ တမင်တကာ နှိပ်စက် တာမျိုးတွေလည်း ရှိတယ်” ဟု ရှင်းပြသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ ပြောပြချက်အရ မန္တလေးအိုးဘိုထောင်တွင် ထောင်အာဏာပိုင်များက နိုင်/ကျဉ်းများအတွက် သောက်ရေနှင့်သုံးရေကို စက်ပျက်နေသည် ဟုဆိုကာ မကြာခဏ ဖြတ်တောက်မှုများ ပြုလုပ်နေ သဖြင့် အိမ်သာသုံးရေကိုသာ ဘက်စုံအသုံးပြုနေကြရကြောင်း သိရသည်။
ရေမရှိသောကြောင့် အိမ်သာမတက်ရသော နေ့များရှိသလို ရေချိုးရာတွင်လည်း ကန့်သတ်ချက်များဖြင့် ချိုးနေရကြောင်း နိုင်/ကျဉ်းများအတွက် ထောင်ဝင်စာများ ကူညီပေးနေသူ မမျိုးမျိုး (အမည်လွှဲ) က ပြောသည်။
၎င်းက “ရေ ၁ ခါချိုးရင် အယောက် ၆၀ လောက်ထုတ်ပြီး ၁ ယောက်ကို ခွက် ၄၀ ပဲ ရတယ်။ ၄၀ ကို ချိုးခိုင်းပြီး ၂၀ ကို မတ်တပ် ရပ်ခိုင်းထားတယ်။ မချိုးရသေးတဲ့ အယောက် ၂၀ က ခေါင်းလျှော်ချင်ရင် ရေခိုးဆွတ်ထားပြီး အလှည့်မရောက် ခင် ဆပ်ပြာ ထည့်ထားရတာ။ ကိုယ့်အလှည့်ရောက်ရင် အမြန်ချိုး ပြန်ဝင်ပေါ့။ အဲဒီလို အခြေအနေတွေကြောင့် အခုဆိုရင် ကလေးတွေက ဆံပင်နဲ့ကို မနေချင်ကြတော့ဘူး” ဟု ထောင်တွင်းက အခြေအနေများကို ပြောပြသည်။
နိုင်ငံရေးအကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရ
အာဏာသိမ်းမှုကို ဆန့်ကျင်၍ နိုင်ငံရေးပုဒ်များဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသူများ ဆေးခန်းသွားရ ခြင်း၊ ရုံးထုတ်ခြင်းများအတွက် အပြင်ထွက်ရချိန်တွင် ထောင်ဝန်ထမ်းများ၏ ရှာဖွေမှုအဆင့်ဆင့်ကိုခံရပြီး စစ်ဆေးရာ၌ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ ရှိသလို ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အပြည့်အဝ မရရှိကြပေ။
အိုးဘိုထောင်မှ ပြန်လွတ်လာသည့် အမည်မဖော်လိုသူ အမျိုးသမီးတဦးက “ရုံးထုတ်တာ၊ ဆေးခန်းသွားတာမျိုးတွေမှာ သွားတိုင်း ရှာဖွေရေးအဆင့်ဆင့်ကို ဖြတ်ရတယ်။ ရုံးထွက်ချိန်မှာ အဆင့်ဆင့် စစ်ဆေးတာတွေ ခံရတယ်။ ရင်သားတွေ ကိုင်ခံရတယ်။ ပြီးရင် နင့်ဟာက သေးတယ်၊ ကြီးတယ် ဆိုတာမျိုးတွေထိ အပြောခံရတော့ အပျိုလေးတွေဆို ရှက်တာပေါ့။ ရုံးချိန်းက ပြန်လာပြီဆိုရင်လည်း မိန်းမကိုယ်တွေထဲထိ နှိုက်ပြီးတော့မှ စစ်တာမျိုးတွေအထိ ရှိတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကတော့ အများကြီးပဲ” ဟု ပြောသည်။
ထိုသို့ ရှာဖွေရသည့် ရည်ရွယ်ချက်မှာ တရားမဝင်ပစ္စည်းများ၊ တားမြစ်ထားသည့် ဆေးဝါးများ၊ ပိုက်ဆံ၊ စာ စသည်တို့ ပါလာမည် စိုးခြင်းကြောင့် ဖြစ်ကြောင်း ထောင်ဝန်ထမ်းများဘက်က အကြောင်းပြသည်ဟု ၎င်းက ဆိုသည်။
အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသည့် အာဏာရှင် လက်အောက်တွင် ယခုကဲ့သို့ လုပ်ရပ်များမှာ ၎င်းတို့အတွက် အထူး အဆန်း မဟုတ်တော့သလို အာဏာရှင် ကိုယ်တိုင်ကလည်း လက်အောက်ငယ်သားများအား ခွင့်ပြုထားခြင်း ဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာ၏ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ပြောသည်။
ထောင်မှပြန်လွတ်လာသူ အမျိုးသမီးတဦးကလည်း “မိန်းကလေးဆောင်ကို ယောကျ်ားလေး ညပိုင်းမလာရဆိုပြီး အများရှေ့ မှာတော့ ဟိတ်ဟန်တွေနဲ့ မိန့်ခွန်းတွေခြွေပြီးမှ တကယ်က လာနေကြတာပဲ။ မူးရူးသောက်စား နှာဘူးကျပြီး လာကြတာ။ အများဆုံးလာတာ အရာရှိပိုင်းတွေပေါ့။ နောက်တခုက အခန်းတွေထဲကို CCTV တွေ တပ်ထားတာ အဆိုးဆုံးပဲ။ မိန်းကလေး ဆိုပေမယ့် အချို့က အိပ်ရေးကြမ်းတာမျိုးတွေ ရှိတယ်။ အိပ်ဆောင်ထဲကပုံတွေ အပြင်ထွက်တာမျိုးတွေ ရှိခဲ့သေး တယ်။ ပြီးတော့ အဲဒီ CCTV တွေကို မိန်းဂျေးက ထိန်းထားတယ်လို့ သိရတယ်” ဟု ပြန်လည် ပြောပြသည်။
ထို့ပြင် ထောင်တွင်းက အကျဉ်းကျနေသည့် အမျိုးသမီးများ အနေဖြင့် လစဉ်သုံးပစ္စည်းရရှိမှု အခက်အခဲများကိုလည်း ရင်ဆိုင်နေရကြောင်း၊ ပြစ်ဒဏ်ကျ အမျိုးသမီးများအတွက်သာ Pad (လစဉ်သုံးဂွမ်းထုပ်) များကို ၁ လလျှင် ၁ ဦးကို ၁ ထုပ်စီ ရရှိကြောင်း၊ အမှုရင်ဆိုင်ဆဲ အချုပ်ကျ အမျိုးသမီးများမှာ မရရှိသည့်အတွက် ဝေမျှသုံးစွဲနေရကြောင်း၊ ရာသီလာချိန် အကိုက်အခဲပျောက်ဆေး ပါရာစီတမော ၁ လုံး ရရန်ပင် မလွယ်ကူကြောင်း ထောင်မှ ပြန်လွတ်လာသူ အမျိုးသမီးတဦးက ရှင်းပြသည်။
၎င်းက “သာမန်အပြင်မှာ လွတ်လွတ်လပ်လပ်နဲ့ နေရတဲ့အချိန်မျိုးမှာတောင် ရာသီလာတဲ့အချိန်ဆို စိတ် မကြည်လင်တာတွေ ရှိတယ်။ မပေါ်အောင် ထိန်းရတာတွေ ရှိတယ်။ ထောင်မှာ အိမ်သာက အများရှေ့မှာ ဟောင်းလောင်းကြီး တက်ရတာ။ ဘယ်လိုမှ အဆင်မပြေဘူး။ နောက်တခုက ရာသီလာတဲ့အချိန်ဆို အတွင်းခံတွေကို လျှော်ရတာ အဆင် မပြေတဲ့အပြင် လှန်းရတာလည်း မခြောက်ဘူး၊ ကိုယ့်ထမီလေးအောက်မှာပဲ လှန်းရတော့ ကျန်းမာရေးအရလည်း မသင့်တော်ဘူး” ဟု ဆိုသည်။
မန္တလေး အိုးဘိုထောင်ရှိ အချုပ်ဆောင် ၁ ခုလျှင် ယခင်က လူဦးရေ ၈၀ ခန့် ထားရှိရာမှ ယခု ၁၃၀ ဝန်းကျင်ထိ ရှိနေပြီး ပြည့်ကျပ်စွာ နေရကြောင်း၊ အကျဉ်းထောင်အတွင်း ကျွေးသည့် အစားအသောက်များမှာလည်း သန့်ရှင်းမှု မရှိသည့်အပြင် လူစားသည့်အစာနှင့်ပင် မတူကြောင်း၊ အရသာ လုံးဝ မရှိဘဲ မသေရုံတမယ်သာ စားသောက်ရကြောင်းလည်း အကျဉ်း ထောင်မှ ပြန်လွတ်လာသူများ၏ ပြောပြချက်အရ သိရသည်။
ထို့အတူ နိုင်ငံရေးအမှုများဖြင့် အကျဉ်းကျနေသည့် အိုးဘိုးထောင်တွင်းက အမှုရင်ဆိုင်ဆဲ အကျဉ်းသူများအား ပန်းရံလုပ် ခိုင်းခြင်း၊ ဘိလပ်မြေအိတ်များ သယ်ခိုင်းခြင်း၊ အဆောင်များကို ထုံးသုတ် ဆေးသုတ်ခိုင်းခြင်း၊ ကျောက်ပြားများ သယ်ခိုင်း ခြင်း၊ ထုံးရေဖျော်ပုံးများသယ်ခိုင်းခြင်း စသည့် မတရားခိုင်းစေမှုများ ရှိကြောင်းလည်း ထောင်ဝင်စာပို့နေသူများက ဆိုသည်။
အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသူများအား ထောင်ဝင်စာပေးပို့နေသူ တဦးက “ကလေးတွေက မစားနိုင် မအိပ်နိုင်တွေ ဖြစ်နေကြတာ။ ထောင်မှူးက တော်တော်လေးကို ညှဉ်းပန်းနှိပ်စက်တယ်။ အလုပ်ကြမ်းတွေလည်း အရမ်းခိုင်းတယ်တဲ့။ ကလေးတွေက ခိုးဆိုးလုနှိုက်နဲ့ ရောက်လာတာ မဟုတ်တဲ့အတွက် မလုပ်နိုင်ဘူးလို့ ငြင်းတော့ ဒေါသဖြစ်အောင် ဆွတယ်၊ ပြီးရင် ရုံးခန်းကိုခေါ်တွေ့ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတယ်။ ရိုက်နှက်တာတွေထိ ရှိတယ်လို့ သိရတယ်” ဟု ပြောသည်။
အမှုရင်ဆိုင်နေရဆဲ အကျဉ်းသား၊ အကျဉ်းသူများကို ထောင်တွင်ချုပ်ထားရာ၌ အလုပ်များခိုင်းစေခြင်း မပြုရဟု အကျဉ်း ထောင်လက်စွဲတွင် ပြဋ္ဌာန်းထားကြောင်း ရှေ့နေများက ထောက်ပြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များအတွင်း နိုင်ငံရေးဆက်စပ်မှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး များအနက် အသက် ၂ နှစ် အရွယ် ကလေးမှစ၍ အသက် ၇၀ ကျော်အရွယ်ထိ ပါဝင်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများ လည်း ပါဝင်သည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်တပ် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဇူလိုင် ၃၁ ရက်ထိ အမျိုးသမီး ၂,၃၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်ကောင်စီ လက်ချက် ကြောင့် အမျိုးသမီး ၂၄၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အချက်အလက်များမှာ BWU နှင့် AAPP တို့က ကောက်ယူထားသည့် အချက်အလက်များဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုများနိုင်ကြောင်း ၎င်းတို့က ဆိုထားသည်။
ထောင်ဝင်စာများ တင်းကျပ်ထား
ယခင်က မည်သည့် အကျဉ်းသားမဆို အကျဉ်းထောင်ဥပဒေပါ ပြဌာန်းချက်များအတိုင်း မိသားစုနှင့် ပုံမှန်တွေ့ဆုံခွင့် ရရှိခဲ့ သော်လည်း ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြချက်ဖြင့် မိသားစုများနှင့် တွေ့ခွင့်မရဘဲ ထောင်ဝင်စာများအား ပါဆယ်ပေးပို့ခြင်းသာ လက်ခံတော့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ဆိုသည်။
ထိုသို့ ထောင်ဝင်စာအဖြစ် ပါဆယ်ပေးပို့ရာတွင်လည်း ပစ္စည်းလက်ခံမှု အချိန်ကန့်သတ်ခြင်း၊ ပစ္စည်းလာပို့သည့် မိသားစု ဝင်များကို အကြိမ်ကြိမ် စစ်ဆေးသည့်အပြင် လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးခြင်းတို့ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
AAPP မှ ဦးအောင်မျိုးကျော်က “အခုက မိသားစုတွေနဲ့ လုံး၀ တွေ့ခွင့်ပေးမထားဘူး။ ထောင်ထဲကို ပါဆယ်ပဲ ပို့လို့ရတယ်။ အချို့ထောင်တွေဆိုရင် ပါဆယ်တောင် သွင်းခွင့်မပြုဘဲ ပိုက်ဆံပဲ အပ်ခိုင်းတာမျိုးတွေ ရှိတယ်။ ပိုက်ဆံအပ်တဲ့အခါ လိုအပ် တာကို ထောင်ဝန်ထမ်းတွေက ဝယ်ပေးကြရတယ်။ အဲဒီလို ဝယ်ကြရတဲ့အတွက် ဈေးတွေက အဆမတန်ဈေးတွေနဲ့ ဝယ် သုံးကြရတော့တာပေါ့” ပြောသည်။
နိုင်/ကျဉ်းများ အနေဖြင့် ထောင်အတွင်းကျွေးသည့် အစားအစာများကို မစားနိုင်သောကြောင့် မိမိတို့အိမ်မှ ထောင်ဝင်စာ လာပို့သည့် အစားအစာများကို စောင့်မျှော်ကြရသော်လည်း မိသားစုနှင့် ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားခံရသဖြင့် ပါဆယ် ပေးပို့သည့် ထောင်ဝင်စာများ အပြည့်အ၀ မရခြင်း၊ အချိန်ကြာမြင့်မှ ရောက်ရှိခြင်းတို့ကြောင့် ၎င်းတို့၏ ကျန်းမာရေး အခြေ အနေနှင့် မှာယူလိုသောပစ္စည်းများကို ပြင်ပမှမသိရ၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း မိသားစုဝင်များက ဆိုသည်။
“ကုန်ဈေးနှုန်းတက်တာရယ်၊ စီးပွားရေးခက်ခဲလာတာရယ်ကြောင့် ပုံမှန်မပို့နိုင်ကြတော့သူတွေ ရှိတယ်။ အဲဒီအပြင် မရှိမဲ့ရှိမဲ့ ပို့လိုက်တဲ့ ပစ္စည်းတွေကလည်း အထဲကလူတွေဆီ ပြည့်ပြည့်၀၀ မရောက်တာမျိုးတွေ ရှိတယ်။ ရောက်လာပြန်ရင်လည်း ပျက်စီးကျိုးကြေတာတွေ များလာတယ်။ ဥပမာ မနက်ကတည်းက ထောင်ဝင်စာ ရောက်တယ်။ ညနေမှ ကိုယ့်ဆီရောက် တော့ အိမ်ကထည့်ပေးလိုက်တဲ့ ဟင်းစိုတွေက သိုးကုန်လို့ သွန်ပစ်လိုက်ရတာမျိုးတွေ ရှိတယ်” ဟု ပြန်လွတ်မြောက်လာ သူတဦးက ၎င်းကြုံခဲ့ရသည်များအား ပြောပြသည်။
ထိုသို့ ထောင်ဝင်စာ တင်းကျပ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် အစားအသောက်နှင့် ဆေးဝါးများ မရရှိ သကဲ့သို့ မိသားစုဝင်များ၏ သာရေး၊ နာရေးကိစ္စများကအစ ပြင်ပမှ သတင်းများအဆုံး ဘာမှမသိရတော့ဘဲ အဆက်အသွယ် ဖြတ်တောက်ခံထားရသည့် အခြေအနေ ဖြစ်နေသည်။
မန္တလေး အိုးဘိုထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများက မိသားစုဝင်များထံ စာပေးပို့ရာတွင်လည်း အဆင့်ဆင့် စစ်ဆေးမှုများကြောင့် မိသားစုဝင်များထံ ၁ လခန့်မှသာ ရောက်ရှိကြောင်း၊ ၂၀၂၂ မတ်လအတွင်းမှ စတင်ကာ မိသားစုဝင်များ ၏ တရားဝင် စာပေးပို့မှုကိုလည်း တင်းကျပ်ခဲ့ကြောင်း ထောင်ဝင်စာများ ကူညီပေးနေသူများက ဆိုသည်။
“အပြင်က မိသားစုတွေဆီ စာရေးဖို့ ခွင့်ပြုပေးထားတယ် ဆိုပေမယ့် အတွင်းက နေရထိုင်ရတဲ့ အခြေအနေမှန်တွေ ထည့်ရေးမိတာမျိုး၊ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်က အကူအညီတောင်းရမယ့်သူမျိုး၊ ရစရာရှိတဲ့သူဆီ တောင်းခိုင်းတာမျိုး တွေပါရင်လည်း အကုန်ဖျက်ပစ်တာ။ ပြောချင်တာက သာကြောင်း မာကြောင်းနဲ့ ထောင်က ဘယ်လိုကောင်းတယ် ဆိုတာ မျိုးပဲ ရေးစေချင်တဲ့ သဘောပေါ့။ စာ ၁ စောင် အပြင်ရောက်ဖို့ အဆင့်ဆင့်စစ်ပြီးမှ အပြင်က မိသားစုဆီ အနည်းဆုံး ၁ လ လောက်နေမှ ရောက်တာ” ဟု မမျိုးမျိုး (အမည်လွှဲ) က ပြောပြသည်။
ထောင်ဝင်စာ ဧည့်တွေ့မရသည့် အခြေအနေမျိုးတွင် ထောင်တွင်းနှင့်အပြင် အဆက်အသွယ်ရသည့် တခုတည်းသော နည်းလမ်းမှာ စာပို့ခြင်းဖြစ်ပြီး ယခုလို ကန့်သတ်တင်းကျပ်မှုများကြောင့် အခက်အခဲများ ဖြစ်ရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ရှိသူကလည်း ဆိုသည်။
တိတ်တဆိတ် ထောင်ပြောင်းမှုများ
အာဏာသိမ်း စစ်ကောင်စီသည် အကျဉ်းချထားသူများကိုသာမက သက်ဆိုင်ရာ မိသားစုများကိုပါ ဒုက္ခပေးလိုသည့် ရည် ရွယ်ချက်ဖြင့် မိသားစုများနှင့်ဝေးရာ ထောင်များသို့ ပြောင်းရွှေ့ခြင်းများကိုလည်း ပြုလုပ်လျက် ရှိသလို ထိုသို့ ပြောင်းရွှေ့ရာ တွင်လည်း မိသားစုဝင်များအား ဆက်သွယ် အသိပေးခြင်း မရှိပေ။
ပြီးခဲ့သည့် သြဂုတ်လအတွင်းမှာပင် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၀၀ ခန့်နှင့် အမျိုးသမီး ၄၀ ခန့် စုစုပေါင်း ၁၄၀ ခန့်ကို မြင်းခြံထောင်နှင့် အောက်တိုဘာ ၇ ရက်တွင် နိုင်/ကျဉ်း ၁၂၀ ကျော်ကို ရှမ်းပြည် နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးအကျဉ်းထောင် အပါအဝင် တခြားနယ်များသို့ ပြောင်းရွှေ့ခဲ့သည်။
မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “မိသားစုတွေကို အသိမပေးဘဲ ထောင်ပြောင်း ရွှေ့တာတွေက အတော် ဆိုးတဲ့ လုပ်ရပ်တခုပဲ။ မန္တလေးမြို့မှာ နေနေတဲ့မိသားစုက အိုးဘိုဆိုရင် လူချင်းမတွေ့ရတောင် မရှိရှိတာလေးနဲ့ ပုံမှန်ထောင် ဝင်စာလေး ပို့ပေးလို့ ရသေးတယ်။ သူတို့ ပြောတာကတော့ ထောင်ပြောင်းခံရသူတွေက ထောင်တွင်းစည်းကမ်းတွေ လိုက်နာမှု မရှိလို့၊ သူတို့နဲ့ သင့်မြတ်မှု မရှိလို့ပေါ့။ ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ် ဒါကလည်း ထောင်တွင်း ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု တခုပဲလေ” ဟု မှတ်ချက်ပေးသည်။
ထို့ပြင် ထောင်းပြောင်းရွှေ့သည့် နိုင်ငံရေးအကျဉ်းသားများကို မိလ္လာထမ်းခိုင်းခြင်း၊ ဆန်အိတ်များ ထမ်းခိုင်းခြင်းကဲ့သို့သော အလုပ်ကြမ်းများ ခိုင်းစေလျက် ရှိသလို အကြောင်းမဲ့ အုပ်စုလိုက် ရိုက်နှက်ခြင်း၊ ရာဇဝတ်အကျဉ်းသားများအား ရိုက်နှက်ရန် ခိုင်းစေခြင်း၊ အကျဉ်းဆောင်အတွင်း အနံ့အသက် ဆိုးရွားသော မိလ္လာနားတွင် အိပ်စက်ရန် နေရာချထားခြင်းမျိုးများကိုလည်း ထောင်အာဏာပိုင်များက ပြုလုပ်လျက် ရှိကြောင်း သိရသည်။
နိုင်/ကျဉ်းဟောင်းတဦးက “အဓိက လူ့အခွင့်အရေး ချိုးဖောက်ခံရတာကို အရမ်းမုန်းတယ်။ လက်မခံနိုင်ဘူး။ ဖမ်းဆီးထား ပြီးပြီ။ သူတို့ တပ်ထားတဲ့ ပုဒ်မတွေအရ အပြစ်ပေးချင်သလောက်ပေး။ ဒါပေမဲ့ ထောင်ထဲမှာတော့ ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်။ အခုက ဖမ်းခံရလို့ အပြင်မှာ သတင်းအမှောင်ချခံရတာတမျိုး၊ မိသားစုအရေး သိချင်တာကတမျိုး၊ ထောင် အပြောင်းအရွှေ့ကိုလည်း ကာယကံရှင်ရော၊ မိသားစုရော မသိရဘဲ ပြောင်းတယ်။ အဲဒီလို အခက်အခဲတွေနဲ့ အမျိုးမျိုးတွေ ကြားထဲမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ညှဉ်းပန်းတာက အရမ်းဆိုးရွာလွန်းပါတယ်” ဟု ဆိုသည်။
ထောင်တွင်းတိုက်ပွဲ ဆင်နွှဲသူများ ရိုက်နှက်ခံရ
ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်နှင့် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ သေဒဏ်ပေး ကွပ်မျက်ခဲ့သည်။
နောက်ဆက်တွဲ အနေဖြင့် အကျဉ်းထောင်အချို့မှ နိုင်ငံရေးအကျဉ်းသားများက သေဒဏ်ပေးမှုကို ဆန့်ကျင်ကန့်ကွက်မှု အဖြစ် အစာငတ်ခံ ဆန္ဒပြခဲ့ရာ အိုးဘိုထောင်မှ နိုင်/ကျဉ်းများကလည်း သြဂုတ် ၁ ရက်မှ စတင်ကာ အစာငတ်ခံဆန္ဒပြပြီး ထောင်တွင်းတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း ထောင်တွင်းက နိုင်/ကျဉ်းများ၏ ပေးစာများအရ သိရသည်။
ထိုသို့ တောင်းဆို တိုက်ပွဲဝင်သူများအား စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များက တိုက်ပိတ်ခြင်း၊ ထောင်ဝင်စာပိတ်ခြင်း၊ ရာဇဝတ်အကျဉ်းသားများအား ရိုက်နှက်စေခြင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများအား ဆေးကုသခွင့် မပေးခြင်း၊ အစားအစာ လုံလုံလောက်လောက် မပေးခြင်း စသည်ဖြင့် နှိပ်ကွပ်ခဲ့သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး AAPP မှ ဦးအောင်မျိုးကျော်က “အရင် အာဏာရှင် လက်ထက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်မှုတွေ ရှိခဲ့ပေမယ့် အခုလက်ရှိ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်အုပ်စု လက်ထက်မှာ ပိုပြီး ဆိုးရွာလာတယ်” ဟု မှတ်ချက်ပြုသည်။
ထို့ပြင် မန္တလေးအိုးဘိုထောင်၌ ပြီးခဲ့သည့် ဇွန် ၅ ရက်က ထောင်ဝန်ထမ်းနှင့် နိုင်ငံရေးအကျဉ်းသားအချို့ စကားများ ရန်ဖြစ် ရာမှ နိုင်/ကျဉ်းများအား ထောင်အာဏာပိုင်များက ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြသည့်အပြင် ထောင်ပိုင်မှ ဓားဖြင့်ထိုးရာ နိုင်/ကျဉ်း ၂ ဦး ဓားထိုးခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ တိုက်ပိတ်ခံခဲ့ရသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီက အိုးဘိုအကျဉ်းထောင် အာဏာပိုင်များထံ ဆက်သွယ် မေးမြန်းသော် လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
ထောင်တွင်း နှိပ်စက်မှုအားလုံး ရာဇဝတ်မှုများဖြစ်
နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံရမှုများမှာ မန္တလေး အိုးဘိုထောင်တခုတည်းတွင် ဖြစ်နေခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတဝှမ်း အကျဉ်းထောင်များ၌ ထောင်အာဏာပိုင်များက ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေခြင်းဖြစ်ရာ စစ် ကောင်စီက ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုပေးထားခြင်းမျိုး ဖြစ်သည်ဟူသော သုံးသပ်ချက်များလည်း ရှိသည်။
ဦးအောင်မျိုးကျော်က “အကျဉ်းထောင်အုပ်စုတွေက စစ်ကောင်စီ အလိုကျ လိုက်ပါလုပ်ဆောင်ပေးနေတာမျိုး ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာမျိုးက အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်။ ထောင်ပိုင်တယောက်က သူ့ရဲ့စိတ်ဆန္ဒအရ အခုလို လုပ်တယ်ဆိုတာမျိုးက တော်သေးတယ်။ အခုဟာက တနိုင်ငံလုံးမှာရှိတဲ့ ထောင်တိုင်းလိုလိုမှာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ ကိစ္စတွေက ပုံစံမျိုးစုံနဲ့ကို ဖြစ်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။
ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုများသည် စစ်အာဏာရှင်စနစ်၏ အငြိုးအတေးဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်ပြီး တည်ဆဲ အကျဉ်းထောင်ဥပဒေများနှင့် ညီညွတ်ခြင်း မရှိ သလို ရာဇဝတ်မှုများ ဖြစ်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများက ဆိုသည်။
ထောင်အာဏာပိုင်က နိုင်/ကျဉ်း ၁ ဦးအား ရိုက်နှက်၍ သာမန်ထိခိုက်ဒဏ်ရာရပါက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၃၊ ၃၂၅ တို့အရ အရေးယူနိုင်သလို ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း၊ အပြင်းအထန်ဒဏ်ရာရခြင်းနှင့် အမြဲတစေ မသန်စွမ်းနိုင်သည့် ဒဏ်ရာမျိုး ရရှိပါက ပုဒ်မ ၃၂၄၊ ၃၂၆ အရ ပြစ်ဒဏ် ကျခံရနိုင်ကြောင်း၊ နှိပ်စက်ညှဉ်းပန်းရင်း လက်လွတ်ခြေလွန် ဖြစ်ပြီး သေဆုံးသွားခြင်း၊ အစီအစဉ်တကျ ဆောင်ရွက်ရာမှ သေဆုံးသွားခြင်းမျိုး ဆိုပါက ၃၀၂-၁(ခ)အရ ပြစ်ဒဏ် ချမှတ်နိုင်သည့် ရာဇဝတ်မှုများ ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ဥပဒေကြောင်းအရ ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ၁၈၂၆ ခုနှစ်ခန့်က အကျဉ်းထောင်စနစ် စတင်ခဲ့ပြီး ၁၈၉၄ ခုနှစ်၌ အကျဉ်းထောင်များ အက်ဥပဒေ၊ အကျဉ်းထောင်လက်စွဲဥပဒေများကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေများတွင် အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရန် အတိအလင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။
အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၄၆ အရ အကျဉ်းထောင် တာဝန်ခံအရာရှိ တဦးတည်းသာလျှင် အကျဉ်းသားများအား ထောင်တွင်း ပြစ်ဒဏ်များ ပေးပိုင်ခွင့်ရှိပြီး သတ်မှတ်ပေးရမည့် ပြစ်ဒဏ် ၁၂ မျိုးသာ ရှိကြောင်း၊ ယင်းပြစ်ဒဏ် ၁၂ မျိုးတွင် အချက်ရေ ၃၀ ထက်မပိုသော ကြိမ်ဒဏ်ပေးခြင်းကို ၁၉၉၄ ခုနှစ်တွင် ပယ်ဖျက်ထားပြီး ဖြစ်သောကြောင့် အကျဉ်းသား၊ အချုပ်သားများအား ရိုက်နှက်ခွင့် မရှိကြောင်း ဥပဒေကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က “မည်သည့် အကျဉ်းထောင် အရာရှိမဆို၊ ဝန်ထမ်းမဆို တာဝန်ခံအရာရှိရဲ့ အမိန့် မရဘဲ အကျဉ်းသား ၁ ယောက်ကို အပြစ်ပေးလို့ မရဘူး။ အပြစ်ဒဏ်နဲ့ ခြိမ်းခြောက်လို့၊ ကြမ်းတမ်းစွာဆဲဆိုလို့ မရဘူး။ အကျဉ်းသားတွေရဲ့ အရှက်ကို ထိခိုက်စေတဲ့စကား၊ အပြုအမူတွေ ရှောင်ကြဉ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်” ဟု ပြောသည်။
သမ္မတဦးသိန်းစိန် လက်ထက်တွင် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ရာ အကျဉ်းဦးစီးဌာန၏ အကျဉ်း ထောင်များသည် လူ့အဖွဲ့အစည်းအတွင်းက ရာဇဝတ်မှုများကို ကာကွယ်ရန်ဆိုသော ရည်ရွယ်ချက်အပြင် အကြောင်းအမျိုး မျိုးဖြင့် လူ့အသိုင်းအဝိုင်းမှ အကျဉ်းထောင်အတွင်း ရောက်လာသော အကျဉ်းသား၊ အချုပ်သားများအား အမူအကျင့် ပြုပြင် ပြောင်းလဲရေးမူဝါဒ ချမှတ်ပြီး စတင် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သား အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်ရှိခဲ့သော်လည်း ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်မူ အဆိုပါ ရည်ရွယ်ချက်၊ မူဝါဒများ ပျောက်ကွယ်သွားကာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နိုင်ငံတကာ စာချုပ်စာတမ်းများ ဖြစ်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော (သို့) လူ့ဂုဏ်သိက္ခာ ကျဆင်းစေသောဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့် အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်နှင့် ပြည်တွင်းရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၀ နှင့် ၃၃၁ တို့က လူ ၁ ဦး အပေါ် ထိခိုက်နာကျင်စေခြင်းသည် ဥပဒေနှင့်မညီဟု ဖော်ပြထားပြီး နာကျင်စေခြင်းနှင့် ပြင်းထန်စွာ ထိခိုက်နာကျင်စေခြင်း ကို တားမြစ်ထားသော်လည်း နိုင်ငံရေးအကျဉ်းသားအများစုမှာ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားနေကြရသည်။
မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက “နိုင်ငံရေးအမှုတွေဆိုရင် စစ်ကောင်စီရဲ့ ညွှန်ကြားချက်အတိုင်း အမိန့်ချနေ တာပဲ။ နိုင်ငံရေးအမှု ဆိုတာမှာ ဥပမာ ၅၀၅ နဲ့ စွဲခံရလို့ ၃ နှစ်လို့ သတ်မှတ်ထားရင် ပြစ်မှုထင်ရှားသည်ဖြစ်စေ၊ မထင်ရှား သည်ဖြစ်စေ ၃ နှစ်ပဲ။ ၁ ယောက်မှကို လွတ်တာမျိုး မရှိသေးဘူး။ လူတွေကို ထပ်ထပ်ဖမ်းပြီး ထောင်ချနေလို့ ခေတ် အဆက်ဆက်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးခေတ်ကို ရောက်နေပြီ” ဟုလည်း မှတ်ချက်ပြုသည်။
ထောင်တွင်း ဖိနှိပ်မှုများကို အမှောင်ချထားမှု
နိုင်/ကျဉ်းများအပေါ် ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း ထောင်တွင်း မှ ထွက်ပေါ်လာသည့်ပေးစာများ၊ ထောင်မှပြန်လွတ်လာသူများ၏ ပြောပြချက်များက သက်သေထူနေသော်လည်း အာဏာ သိမ်း စစ်ကောင်စီသည် ထောင်တွင်း အခြေအနေများအား သတင်းအမှောင်ချထားဆဲ၊ လျစ်လျူရှုထားဆဲ ဖြစ်သည်။
AAPP သည် နိုင်ငံတဝှမ်းက နိုင်/ကျဉ်းများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရမှု များအား မကြာခဏ ထုတ်ဖော်ပြောဆိုနေသလို AAPP အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) နှင့် အိမ်နီးချင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ များ အနေဖြင့် မြန်မာပြည် အကျဉ်းထောင်များအတွင်းက အခြေအနေများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ကာကွယ် အရေးယူပေးရန်လည်း အစဉ်တစိုက် တိုက်တွန်းတောင်းဆိုလျက် ရှိသည်။
LGBT Alliance Myanmar မှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်း ၁၈ ဖွဲ့ကလည်း ဖမ်းခံထားရသည့် အမျိုးသမီးများ၊ လိင် စိတ်ခံယူကွဲပြားသူများ (LGBTIQ) နှင့် အမျိုးသားများအပေါ် လိင်ပိုင်းဆိုင်ရာ အပါအဝင် ထောင်တွင်း ဥပဒေမဲ့ သတ်ဖြတ် ခြင်း၊ အကြမ်းဖက် ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်းကို အမြန်ဆုံး ရပ်တန့်သွားရန် ICRC အနေဖြင့် ဝင်ရောက် စစ်ဆေးပေး ရန် တိုက်တွန်းတောင်းဆိုထားပြီး ကမ်ပိန်းတခုလည်း ပြုလုပ်နေသည်။
LGBT Alliance Myanmar မှ N Shar Sit Zaw က “အကြမ်းဖက် စစ်အုပ်စုကတော့ ဒီလို အကြမ်းဖက်ကိစ္စတွေကို ဆက်ပြီး လုပ်နေအုံးမှာပဲ။ ဒါပေမဲ့ ဘက်ပေါင်းစုံက ဖိအားရှိနေရင် ထောင်ထဲက ရဲဘော်တွေအပေါ် အကြမ်းဖက်မှုတွေ လျော့ပါး သွားပြီးတော့ ထောင်ထဲမှာရတဲ့ အခွင့်အရေးကို အပြည့်အဝရအောင် အပြင်မှာရှိတဲ့လူတွေက ကူညီနိုင်တာ ကူညီပေးတဲ့ သဘောပါ” ဟု ပြောသည်။
ယင်းကမ်ပိန်း ဦးဆောင်ကော်မတီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူငယ်ရေးရာဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လိင်စိတ်ခံယူမှုကွဲပြားသူများကွန်ရက်တို့ ပါဝင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများသမဂ္ဂ-မန္တလေး၊ ပြည်ကြီးတံခွန်သပိတ်အင်အားစု-မန္တလေး၊ အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်၊ LGBT Community Yangon၊ LGBT Alliance Myanmar စသည့် တော်လှန်ရေးအင်အားစုများလည်း ပူးပေါင်း ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့ တော်လှန်ရေးအင်အားစုတခုမှ လူငယ်တဦးက “ကျနော်တို့ ပြန်ကြားရတာ LGBT တွေဆိုရင် တိုင်မှာ ကြိုးတုပ်၊ အင်္ကျီချွတ်ပြီးတော့ သူတို့ရဲ့ လိင်အင်္ဂါကို မကောင်းတဲ့ စကားလုံးတွေ ပြောဆိုပြီး ကြိမ်လုံးနဲ့ ရိုက်တယ်။ အခြောက်တွေ ဘာညာပြောပြီးတော့ အဓမ္မပြုကျင့်တယ် ဆိုတဲ့အထိပါ ပြန်ကြားရတယ်။ အမျိုးသမီးတွေ ဆိုရင်လည်း သူတို့ရဲ့ လိင်အင်္ဂါကို စစ်ဖိနပ်နဲ့ တက်နင်းတဲ့အထိ ပြန်ကြားရတယ်” ဟု ပြောပြသည်။
ICRC အနေဖြင့် ၂၀၂၀ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှ စတင်ကာ မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များသို့ သွားရောက်လေ့လာမှုကို ရပ်နားထားခဲ့ရသည်။
ထို့အတွက် ICRC က အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များအတွင်း ဝင်ရောက် လေ့လာခွင့်ရရန်၊ အကျဉ်းသား များ၏ မိသားစုဝင်များ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခွင့် အမြန်ဆုံးဆောင်ရွက်ပေးရန် စစ်ကောင်စီနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ခွင့်ပြုချက် မရကြောင်း ပြီးခဲ့သည့် ဇွန် ၂၀ ရက်တွင် ICRC က ထုတ်ပြန်ခဲ့သည်။
ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုများအား ကမ္ဘာက သိမှာစိုးသည့် အတွက် မည်သည့် နိုင်ငံတကာအဖွဲ့အစည်းမျိုးကိုမှ စစ်ကောင်စီက ထောင်ထဲ ဝင်ခွင့်မပေးခြင်း ဖြစ်ကြောင်း နိုင်/ကျဉ်းများ အရေး ဆောင်ရွက်နေသူများက ဆိုသည်။
AAPP မှ ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းလိုက်ချိန်မှ အောက်တို ဘာ ၁၀ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၂,၆၂၃ ဦး ရှိပြီး ၎င်းတို့အနက် ၁,၅၃၁ ဦးမှာ ထောင်ဒဏ် ချ မှတ်ခြင်း ခံထားရသည်။
အဆိုပါ ကိန်းဂဏိန်းများအရ စစ်ကောင်စီသည် တနေ့လျှင် လူ ၂၀ နှုန်းခန့် ဆက်လက်ဖမ်းဆီး ထောင်ချနေဆဲ ဖြစ်ပြီး ၁ နှစ်ခွဲကျော် ကာလအတွင်း ဖမ်းဆီးခံရသည့် နိုင်/ကျဉ်းအရေအတွက်မှာ ယခင် စစ်အစိုးရလက်ထက်က ဖမ်းဆီးခဲ့သည့် အရေအတွက်ထက် စံချိန်ကျော်လွန်နေပြီ ဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် နိုင်ငံရေးအကျဉ်းသား အများဆုံး အရေအတွက် ကို ရောက်ရှိနေကြောင်းလည်း AAPP မှ ဦးအောင်မျိုးကျော်က ရှင်းပြသည်။
AAPP ၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှစတင်ပြီး ယနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ကျခံခဲ့ရ သော၊ ကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂,ဝဝဝ ကျော်ထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ဦးအောင်မျိုးကျော်က “အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မတရားသဖြင့် ဖိနှိပ်ချုပ်ချယ် ညှဉ်းပန်းနှိပ် စက်နေတဲ့ ကိစ္စရပ်တွေကို ကိုယ်တိုင်ပါဝင်ကျုးလွန်နေသူတွေ၊ ဘေးကနေ အားပေး အားမြှောက်လုပ်သူတွေ၊ မတရားမှုကို မတရားကြောင်း ဝင်မပြောဘဲ လက်ပိုက်ကြည့်နေသူတွေ၊ မတရားမှုတွေ ကျုးလွန်ခွင့်ရအောင် ခွင့်ပြုပေးထားသူအားလုံး တချိန် ပြန်လည်ပေးဆပ်ကြရမှာ ဖြစ်တယ်။ နောင်တချိန်မှ ဒီကိစ္စက ကျနော်တို့က အထက်က ခိုင်းလို့ပါ၊ မသိလို့ပါဆိုပြီးတော့ ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး။ ပါဝင်ပတ်သက်ခဲ့သူအားလုံး တချိန်မှာ သေချာပေါက် ပြန်လည် ပေးဆပ်ကြရပါမယ်” ဟု သတိပေး ပြောဆိုလိုက်သည်။ ။
You may also like these stories:
အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ
အိုးဘိုထောင်တွင်း တိုက်ပိတ်ခံရသည့် နိုင်/ကျဉ်း ၁၉ ဦးထိ ရှိလာ
နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ
ထောင်တွင်း ဝင်ခွင့်ပြုရေး ICRC တောင်းဆိုချက် စစ်ကောင်စီ ခွင့်မပြု