စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်နေသော နိုင်ငံရေး ပါတီဖြစ်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) သည် အောက်တိုဘာလ ၁၄ ရက်တွင် ပါတီတည်ထောင်မှု သက်တမ်း ၃၄ နှစ် ပြည့်ပြီ ဖြစ်သည်။
ရှစ်လေးလုံးအရေးတော်ပုံအပြီး ကျောင်းသားလူငယ်အများစုနှင့် လူ့ဘောင်သစ်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီပြီးလျှင် ဒုတိယ အင်အားအကြီးဆုံးပါတီဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှု အဆက်ဆက်ကို ဆန့်ကျင်သည့် DPNS သည် ယခုအခါ အတိုက်အခံများ၏ နိုင်ငံရေးအရ အမြင့်ဆုံး စုဖွဲ့မှု ဖြစ်သော အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) တွင် ပါဝင်သည့် တခု တည်းသော နိုင်ငံရေးပါတီလည်း ဖြစ်သည်။
ထိုသို့ ၃၄ နှစ်တာ ကာလအတွင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ အပါအဝင် လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေများနှင့် ပတ်သက်၍ သဘောထား အမြင်များအား သိရှိနိုင်ရန် လူ့ဘောင် သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ စတင် ပေါ်ပေါက်လာပုံကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ၁၃၅၀ ပြည့်ပေါ့။ ၈ လေးလုံး အရေးတော်ပုံကြီးအတွင်းက မွေးဖွားလာတဲ့ နိုင်ငံရေး ပါတီတရပ်လို့ အခိုင်အမာ ပြောလို့ ရပါတယ်။ အရေးတော်ပုံ ကာလအတွင်းတုန်းကဆိုရင် ကျနော်တို့ လူငယ်တွေပါပဲ။ ကျောင်းသားတွေ ဖြစ်တယ်။ အခု နွေဦးတော်လှန်ရေးလိုပဲ ကျောင်းသားတွေက တော် လှန်ရေးထဲမှာ နက်နက်ရှိုင်းရှိုင်း ပါခဲ့ပါတယ်။
တော်လှန်ရေး တစုံတရာ အရှိန်ကျသွားတဲ့အခါမှာ နိုင်ငံရေး ပါတီတွေ ထူထောင်ဖို့ ဖြစ်လာတယ်။ အဲဒီကာလတုန်းက ကျောင်းသား အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ နောက်တခုက NGO တွေ တည်ထောင်ခွင့် မရှိပါဘူး။ တည်ထောင်ခွင့် မပေးဘူး။ နိုင်ငံရေးပါတီပဲ တည်ထောင်ခွင့် ပေးတယ်။ အဲဒီလို အခြေအနေမှာ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက် တစ် ပါတီဝင်ရဲဘော်တွေက အဲဒီကာလက ကျောင်းသား ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ပေါ့။ နိုင်ငံရေးပါတီ တရပ် အဖြစ် စုစည်းပြီးတော့ ကျနော်တို့ရဲ့ လှုပ်ရှားမှုကို ဆက်ပြီး ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ကို ခေါင်းဆောင်တဲ့ ပုဂ္ဂိုလ်တွေက အဲဒီလို ရည်ညွှန်းပြီး ဒီပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလက ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ရဲဘော် မိုးသီးဇွန် သူက ဦးဆောင်ပြီးတော့ အခြားအခြားသော ကျောင်းသား ခေါင်းဆောင် တွေ လူငယ်တွေနဲ့ စုစည်းပြီး ကျနော်တို့ ပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ ပါတီက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ခဲ့တော့ အဲဒီက ဘာသင်ခန်းစာတွေ ရခဲ့လဲ သိပါရစေ။
ဖြေ။ ။ ရွေးကောက်ပွဲတွေ ဝင်ခဲ့တယ် ဆိုတာထက် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ရော၊ အခု နောက်ဆုံး ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်တွေရော ငြင်းပယ်ခြင်း ခံရတယ်။ အသိအမှတ်ပြုခြင်း မခံရဘူး။ ဒီထက်ဆိုးဝါးတဲ့ အာဏာရှင်စနစ်ကို အသက်သွင်း ခံလိုက်ရတယ်ပေါ့။ အဲဒီ အခြေအနေတွေကို ကြည့်မယ်ဆိုရင် ကျိန်းသေတာက ကျနော်တို့ တိုင်းပြည် ထဲမှာကနေ ရှိနေတဲ့ စစ်အုပ်စု စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်အောင် မလုပ်နိုင်ဘူးဆိုရင် ဒီပုဂ္ဂိုလ်တွေကို နိုင်ငံရေး စည်းအပြင်ဘက်ကို ရောက်အောင် တွန်းမပို့နိုင်ရင် အဘ ဦးဝင်းတင် စကားနဲ့ ပြောမယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေကို ဘင်္ဂလား ပင်လယ်အော်ထဲကို ကန်မချနိုင်ဘူးဆိုရင် ကျနော်တို့ တိုင်းပြည်က ဆက်ပြီး ဒီလို ဒုက္ခ သံသရာထဲမှာပဲ ဝေနေဦးမှာဖြစ်တယ်။
ဒီလိုလူထု လှုပ်ရှားမှုတွေ ဖြစ်လိုက် အပြောင်းအလဲတွေ ဖြစ်လိုက်၊ လူထုလှုပ်ရှားမှု ပြန်ဖြစ်လိုက် ထပ်ခါတလဲလဲ ဖြစ် နေပြီးတော့ အနာဂတ်က အတော်လေးကိုပဲ စိုးရိမ်ဖွယ်ကောင်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီလို ပုဂ္ဂိုလ်မျိုးတွေ စစ် အာဏာရှင်စနစ်ကို အပြီးတိုင် သုတ်သင်နိုင်မှ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လှပလာမှာလို့ ကျနော့်အနေနဲ့ ပြောချင်ပါ တယ်။
မေး။ ။ လက်နက်ကိုင် တော်လှန်ရေးကိုလည်း အရင် စစ်အုပ်စုလက်ထက်မှာရော အခု စစ်အုပ်စုလက်ထက်မှာရော ထောက်ခံအားပေးခဲ့တာ တွေ့ရတော့ ရွေးကောက်ပွဲ အခြေခံခဲ့တုန်းက နိုင်ငံရေး ပါတီရဲ့ ရပ်တည်ချက်နဲ့ ဘာတွေ ပြောင်းလဲသွားပါသလဲ။
ဖြေ။ ။ အခြေခံကတော့ ဒီကနေ့ လှုပ်ရှားမှုမှာ ကျနော်တို့ ထဲထဲဝင်ဝင် ပါတယ်ပေါ့ဗျာ။ နွေဦးတော်လှန်ရေးမှာ ရှေ့ တန်းရောက်တဲ့ ပြည်သူတွေနဲ့ အတူ လက်တွဲပြီးတော့ နွေဦးတော်လှန်ရေးမှာ ကနေ့အချိန်အထိ ပါတယ်။ ဆက်ပြီး တော့ ကျနော်တို့ ပါရမှာပဲ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေ ရှိနေသ၍ ကျနော်တို့ တိုင်းပြည်ရဲ့ တော်လှန်ရေးဟာ ဆက်ပြီး ရှိနေ ရမယ်လို့ ကျနော်တို့အနေနဲ့ ခံယူပါတယ်ဗျ။၂၀၁၃ လောက်ကတော့ တိုင်းပြည်က နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ပြီ ပြည်တွင်းကို ပြန်မယ်။ နိုင်ငံရေးပါတီ တခုအနေနဲ့ ရပ်တည်မယ်။ ဒီတိုင်းပြည်က ရှေ့ဆက်ပြီး တဖြည်းဖြည်းချင်း ပြောင်းလဲသွားဖို့ ကိစ္စကို အခြား အင်အားစုအားလုံးနဲ့ အတူဝိုင်းပြီး ဆောင်ရွက်ကြမယ်လို့ ကျနော်တို့ ယူဆပြီး နိုင်ငံ ရေး ပါတီအနေနဲ့ ပြည်တွင်းမှာ ပြန်ရပ်တည်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။
ဒါက တိုင်းပြည်မှာ အပြောင်းအလဲဖြစ်အောင် ဆက်ဆောင်ရွက်မယ်ဆိုတဲ့ ကျနော်တို့ စိတ်ဆန္ဒ၊ ကျနော်တို့ ရပ်တည် ချက် ပြောင်းလဲတာ မဟုတ်ဘဲ နည်းသဏ္ဍာန်ပြောင်းလဲခဲ့တာ ဖြစ်တယ်။ သို့သော် အဲဒီအခြေအနေက မရဘူးဆိုတာ က ဒီကနေ့ အာဏာသိမ်းမှုက လက်တွေ့ ဖြစ်တယ်။ ပုံစံမျိုးစုံနဲ့ ဒီစစ်အုပ်စုကို နောက်ကို ရောက်သွားအောင် ဆက် ကြိုးစားရမှာပဲ ဖြစ်တယ်။ နည်းနာသာ ပြောင်းသွားတာဖြစ်တယ်။ ဒီကောင်တွေကို ဆက်ပြီး ဖိဖို့ကိစ္စက လုပ်ကို လုပ်ရမှာသာ ဖြစ်တယ်။ မလုပ်ရင် ကျနော်တို့ ဒုက္ခရောက်လိမ့်မယ်။ ကျနော်တို့ နောင်မျိုးဆက်တွေ အသီးသီး ဒုက္ခ ရောက်လိမ့်မယ်။
မေး။ ။ လက်ရှိ နွေဦးတော်လှန်ရေးအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်လို ရှုမြင်သလဲ။
ဖြေ။ ။ ဒီတော်လှန်ရေး လှုပ်ရှားမှုအတွင်းမှာ အသေအချာ သိရတာက ပြည်သူတွေရဲ့ သန္နိဌာန်ပဲ။ ဒီစစ် အုပ်စု ရှိလို့ မဖြစ်ဘူးဆိုတဲ့ ပြည်သူတွေရဲ့ သန္နိဌာန်က ခိုင်သွားတယ်လို့ ကျနော့် အနေနဲ့ ယူဆတယ်။ အဲဒါကို ထင်ထင်ရှားရှား တွေ့ရတာဖြစ်တယ်။ ကျနော်တို့ သားအရွယ်၊ ကျနော်တို့ သမီးအရွယ်၊ တူအရွယ် တူမအရွယ်တွေကို သူတို့ မိဘတွေ ကိုယ်၌က ဆွေမျိုးသားချင်းတွေ ကိုယ်၌က ဒီကောင်တွေကို ချကိုချဖို့အတွက် တိုက်တွန်းတာ ဖြစ်တယ်။
ကျနော်တို့ ခေတ်၊ ကျနော်တို့ အခြေအနေတုန်းက ပြည်သူလူထု တရပ်လုံး ပါတယ်ဆိုပေမယ့် ကိုယ့်သား၊ ကိုယ့်သမီး တော်လှန်ရေး တကယ် လုပ်တော့မယ်။ ချတော့မယ်ဆိုတဲ့ အခါကျတော့ စိုးရိမ်ကြတာပဲ။ များသောအားဖြင့် အခု ကာ လမှာတော့ အဖေက သမီးကို လက်ဆွဲပြီး ထွက်တာပဲ။ အမေက သားကို လက်ဆွဲပြီး ထွက်တာပဲ။ ဒုတိယအချက်က ဒီတော်လှန်ရေးအတွင်းမှာ လူမျိုးစုံ ပါလာတယ်။ တတိုင်းပြည်လုံး ဖြစ်တယ်။ ကရင်ရော၊ ကရင်နီရော၊ ကချင်ရော၊ ရခိုင်ရော တတိုင်းပြည်လုံးက လူမျိုးတွေက နေရာဒေသအနှံ့ ပြည်သူအားလုံးက ဒီလှုပ်ရှားမှုမှာ ပါတာ ဖြစ်တယ်။ တော်တော်ကို တက်တက်ကြွကြွ ပါတာဖြစ်တယ်။
သေချာတာက တတိုင်းပြည်လုံးက ဒီစစ်အာဏာရှင်စနစ်ကို မလိုလားတော့ဘူးဆိုတာ တော်တော်ကို ထင်ရှားလာ တယ်။ ကျနော် ထင်တယ်။ ၈ လေးလုံး အရေးတော်ပုံကြီးက ကျနော်တို့ သမိုင်းမှာ အတော်ကိုကြီးကျယ်တဲ့ အရေး တော်ပုံကြီး ဖြစ်တယ်။ သို့သော်လည်း လက်ရှိ အရေးတော်ပုံကြီးက အဲဒီထက်ပိုပြီး ကျယ်ပြန့်သွားတယ်။ တိုင်းရင်း သားပေါင်းစုံ၊ လူမျိုးစုံ အလွှာစုံပါတာ ဖြစ်တယ်။ အဲဒီလို ပိုကျယ်ပြန့်မှုကို လက်ရှိ နွေဦးတော်လှန်ရေးမှာ ပိုပြီးတော့ ထင်ထင်ရှားရှား တွေ့ရတယ်။ နောက်တခုက ကျနော်တို့ တိုင်းပြည်ကို ဘယ်လို တည်ဆောက်ချင်သလဲဆိုတဲ့ နိုင်ငံ ရေး ရည်မှန်းချက် ပါပါတယ်။
ဒီကနေ့ ဖက်ဒရယ် ဒီမိုကရေစီဆိုတာ တော်တော်လေး ပြည်သူအသီးသီးကြားမှာ လူတိုင်းနီးနီးပြောနေတာ ဖြစ်တယ်။ ဒီရည်မှန်းချက် ပါပါတယ်။ နောက်တချက်က ကျနော်တို့ တိုင်းပြည်ကို နိုင်ငံရေးစနစ် အပြောင်းအလဲသာမကဘဲ လူမှု အပြောင်းအလဲပေါ့။ အဲဒါတွေကိုပါ တောင်းဆိုတာ ဖြစ်တယ်။ ဥပမာ – နွေဦးတော်လှန်ရေးမှာ ထမိန်တွေကို အလံထူ တဲ့ လှုပ်ရှားမှု။ ဒီကိစ္စက ကျနော်တို့ တိုင်းပြည်မှာ အရိုးစွဲနေတဲ့ နောက်ကွယ်က အယူအဆတွေ ယဉ်ကျေးမှုတွေ ပြောင်းလဲဖို့ ဒီတော်လှန်ရေးက တောင်းဆိုတာလို့ နားလည်တယ်။
မေး။ ။ လက်ရှိ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးအရ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အတိုင် ပင် ခံကောင်စီမှာလည်း လူ့ဘောင်သစ်ပါတီ ပါဝင်ထားတာ တွေ့ရပါတယ်။ NUCC မှာ ပါတဲ့ နိုင်ငံရေးပါတီဆိုရင် လူ့ ဘောင်သစ် တခုပဲ ရှိတယ်ပေါ့။ လူ့ဘောင်သစ်က ဘာလို့ ပါဝင်တာပါလဲ။
ဖြေ။ ။ အဲဒါကတော့ ဒီလှုပ်ရှားမှုကို တဦးတည်းတယောက်တည်း လုပ်လို့ မရဘူးပေါ့။ အဖွဲ့အစည်း အသီးသီး ဆက် စပ်ပြီး ဆောင်ရွက်မှ ဖြစ်မှာကိုး။ ကနေ့ ဗမာတွေထဲမှာလည်း လက်နက်ကိုင်လှုပ်ရှားမှုက နေရာအနှံ့ ဖြစ်နေတယ်။ အဲဒီလိုပဲ မြေပြင်သပိတ်တွေက ရှိနေတုန်းပဲ။ အဲဒီလိုပဲ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အများကြီးပဲ။ တော် လှန်တဲ့သူတွေက အများကြီးဖြစ်နေတဲ့အခါမှာ ဒီလူတွေက ဆက်စပ်ဖို့လိုတယ်။ ဒီအခြေခံနဲ့ပဲ NUCC ဆိုတာ ရှိသင့် တယ်ပေါ့။ အားလုံး ပါဝင်တဲ့ ပလက်ဖောင်းတခုက ရှိသင့်တယ်ဆိုပြီး ကျနော်တို့ကတော့ အဲဒီလိုပဲ ယုံတယ်။
အဲဒီတော့ အားလုံးနဲ့ လက်တွဲပြီး ဒီတော်လှန်ရေးကို ဆက်လုပ်ဖို့အတွက် ပါဝင်ခဲ့တာဖြစ်တယ်။ အခြားနိုင်ငံရေး အဖွဲ့ အစည်းတွေ အခြားပုဂ္ဂိုလ်တွေလည်း ပါစေချင်ပါတယ်။ အားလုံးအတူတူလက်တွဲပြီး အလုပ်လုပ်မှ အားလုံးအတူတူ လက်တွဲပြီး ရုန်းမှ ကျနော်တို့ ပြည်သူတွေ မျှော်လင့်နေတဲ့ မျှော်လင့်ချက်၊ တောင်းဆိုချက်ကို ပြည့်မီအောင် ဖြည့် ဆည်းနိုင်လိမ့်မယ်လို့ ကျနော်တော့ အဲဒီလို ယူဆပါတယ်ခင်ဗျ။
မေး။ ။ လက်ရှိ NUCC ရဲ့ ဦးဆောင်မှုအပေါ် ဘယ်လိုမြင်လဲ။ NUCC ဟာ မူဝါဒရေးရာ ဦးဆောင်မှုမှာ ခရီး သိပ်မတွင် ဘူး လို့လည်း ဝေဖန်ခံနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာတို့အမြင် ပြောပြပါဦး။
ဖြေ။ ။ ကျနော် မြင်တာကတော့ တချို့ အခြေအနေက သဘာဝ ကျတယ်လို့ မြင်ပါတယ်။ တချို့ အဖွဲ့အစည်းတွေ လူ ပုဂ္ဂိုလ်တွေက အခုမှ တွေ့ဖူးကြတာ။ အခုမှ ပြောဖူးဆိုဖူးကြတာ။ ဒီ NUCC ထဲမှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင် တွေလည်း ပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေလည်း ပါတယ်။ နောက်ပြီး CSO တွေလည်း ပါတယ်။ သပိတ် သမဂ္ဂ တွေလည်း ပါတယ်။ အရွယ်အရလည်း အမျိုးမျိုးဖြစ်တယ်။ အတွေ့အကြုံကလည်း အမျိုးမျိုးဖြစ်တယ်။ လက်တွေ့ လုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာလည်း ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်တယ်။ နောက် အကျပ်အတည်းတခုက ကျနော်တို့ မျက်နှာချင်းဆိုင်ပြီး စကားမပြောနိုင်ဘူး။ Zoom ကနေ တဆင့်ပဲ ပြောရဆိုရတာတွေ ဖြစ်တယ်။
နိုင်ငံရေးကိစ္စတွေ ဆွေးနွေးရတဲ့ အခါကျတော့ အမြင်အမျိုးမျိုးကို ညှိကြရတာကိုး။ ဒါကြောင့် ကျိန်းသေတာက လိုအပ် တာထက် ပိုကြာနိုင်တယ်။ လက်တွေ့ လုပ်ရကိုင်ရတဲ့ အခြေအနေအရရော အခုမှ တွေ့ဖူးကြတဲ့သူတွေ ဖြစ်တယ်။ ညှိရတာတွေက ကြာနိုင်တယ်။ သို့သော်လည်း ဒီလို ပလက်ဖောင်းမျိုး ရှိတာက ကျနော်တို့ တိုင်းပြည်အတွက် အကျိုး ရှိတယ်။ ကောင်းတယ်လို့ ကျနော် ယူဆပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ တော်လှန်ရေးက ရေရှည်ခရီး ဖြစ်တယ်။ ကျနော်တို့ အချင်းချင်း တွေ့ဆုံမှုတွေကတဆင့် ရင်းနှီးသွားမယ်။ ယုံကြည်သွားမယ်ဆိုရင် ပိုပြီး ကျစ်လစ်လာမယ်လို့ ယူဆပါတယ်။
မေး။ ။ လက်ရှိမှာ စစ်ကောင်စီနဲ့အပြိုင် အုပ်ချုပ်ရေး၊ လက်နက်ကိုင် တော်လှန်ရေးနဲ့ တရားစီရင်ရေး လုပ်နေတာက အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ပေါ့။ NUG ရဲ့ တော်လှန်ရေးမှာ ဦးဆောင်နေမှုအပေါ်ရော ဘယ်လိုမြင်ပါ သလဲ။
ဖြေ။ ။ လက်ရှိအချိန်အထိ သူတို့ လုပ်နေကိုင်နေတာက တတ်နိုင်သမျှ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်း နိုင်ဖို့လို့ ယူဆပါတယ်။ တတ်နိုင်သမျှ ကျနော်တို့အနေနဲ့ အစိုးရနဲ့ လက်တွဲပြီး လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ကြရ မှာဖြစ်တယ်။ အဲဒီလိုပဲ ကျနော် နားလည်ပါတယ်။ အထူးသဖြင့် ကျနော်ပြောလိုတာက သူတို့လုပ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးကို တကယ် အားသွန်ခွန်စိုက်လုပ်ဖို့ဆိုရင် အခြေခံကျတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ သေသေချာချာ ဆက်စပ်ပြီး အလုပ်လုပ်နိုင်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။
တောင်ပိုင်းမှာဆိုရင် KNU ရှိမယ်။ KNPP ရှိမယ်။ မြောက်ပိုင်းမှာ KIO ရှိမယ်။ တအာင်း/ပလောင် တွေလည်းရှိမယ်။ အနောက်ဘက်မှာဆိုရင် CNF တို့ ရှိမယ်။ ဒီအင်အားစုတွေနဲ့ အသေအချာ ညှိနှိုင်းဖို့ လိုမယ်။ လတ်တလော လိုအပ် ချက်တင် မဟုတ်ဘူး။ လတ်တလော စစ်အုပ်စု ဖြုတ်ချရေးတင် မဟုတ်ဘူး။ နောက်တခုကလည်း ရေရှည်မှာ ငါတို့ တိုင်းပြည်ကို ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့အပေါ်မှာ အသေအချာ ညှိနှိုင်းပြီး သဘောတူညီမှု ရထားမယ်ဆို ရင် အလုပ်လုပ်ရတာ ပိုပြီး ကောင်းလိမ့်မယ်လို့ ထင်တယ်။
အခြေခံကတော့၊ ကနေ့ တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။ အားလုံး တောင်းဆိုနေတဲ့ ဖက် ဒရယ် ပြည်ထောင်စုကို ငါတို့ ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ အခြေခံတွေအပေါ်မှာ သေသေချာချာတူရင် ကျနော်တို့ရဲ့ လှုပ်ရှားမှုက ပိုပြီး အားကောင်းလာလိမ့်မယ်လို့ နားလည်ပါတယ်။
မေး။ ။ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက လက်ရှိ နွေဦးတော်လှန်ရေးမှာ ဘယ်လို ပါဝင်နေပါသလဲ။
ဖြေ။ ။ အဓိကအချက်ကတော့ သူတို့ အာဏာသိမ်းသိမ်းချင်း၊ အာဏာသိမ်းတာကို ကျနော်တို့ လက်မခံဘူး ဆိုတာကို ငြင်းဆန်ခဲ့တယ်။ ဒီအတွက် အာဏာသိမ်းအစိုးရနဲ့သော်လည်းကောင်း၊ အာဏာသိမ်း အစိုးရက ခန့်ထားတဲ့ ရွေး ကောက်ပွဲ ကော်မရှင်နဲ့ သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်တာ မလုပ်ဘူးဆိုတာကို သူတို့ အာဏာသိမ်းပြီးတဲ့ နောက် ထုတ်ပြန်ခဲ့တယ်။ တဆက်တစပ်တည်းပဲ ဆန္ဒပြပွဲ၊ လူထုတိုက်ပွဲတွေထဲမှာ ကျနော်တို့ ပါတီက ပါဝင်ခဲ့တယ်။ ဆက်ပြီးတော့ ပြည်သူတွေနဲ့အတူ အခုအချိန်အထိပဲ လက်တွဲပြီးတော့ ပြည်တွင်းမှာ သော်လည်းကောင်း၊ နယ်စပ် တွေမှာသော်လည်းကောင်း နိုင်ငံတကာမှာ သော်လည်းကောင်း ဒီစစ်အုပ်စုကို ဖြုတ်ချနိုင်မယ့် အလုပ်တွေကို ဆောင် ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ စစ်ကောင်စီမှာက ရွေးကောက်ပွဲလုပ်နိုင်တဲ့ Legitimacy (တရားဝင်မှု) မရှိဘူး။ သူတို့မှာ ရွေးကောက်ပွဲ လုပ် နိုင်တဲ့ အခွင့်အာဏာ မရှိဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ချင်ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ အဲဒီလိုလုပ်ဖို့ကြိုးစား နေတာကို တားနိုင်အောင် လုပ်ရမယ်။ ဒီနေ့၊ ဒီကာလမှာ ဒီကောင်တွေကို ဘယ်သူမှ အသိအမှတ် မပြုဘူး။ ကျနော်တို့ ပြည်သူတွေလည်း လုံးလုံးအသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဒေသဆိုင်ရာကလည်း အသိအမှတ် မပြုဘူး။ နိုင်ငံတကာ ကလည်း အသိအမှတ် မပြုဘူး။ အကယ်၍ ရွေးကောက်ပွဲ ဆိုတာကို သူတို့ အတင်းအဓမ္မလုပ်ခဲ့ရင် အချို့နိုင်ငံတွေနဲ့ အချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောလို့ မရဘူး။
သူတို့လုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုကောင်း ပြုနိုင်တယ်။ ကျနော့် နားလည်မှုအရပေါ့။ ဒါကြောင့် သူတို့ မလုပ်နိုင်အောင် တားကို တားရမယ်။ မဖြစ်အောင် လုပ်ရမယ်။ ဒါကလည်း ကျနော်တို့ရဲ့ နိုင်ငံရေး အလုပ်တခုဖြစ် တယ်လို့ မြင်ပါတယ်။ တဆက်တည်း ပြောချင်တာက ဒီကနေ့ စစ်အုပ်စုဟာ ဘယ်နိုင်ငံရေး စင်မြင့်ကိုမှ တက်မရဘူး ဖြစ်နေတာ။ ရွေးကောက်ပွဲ လမ်းကြောင်းကနေ သူတို့က နိုင်ငံရေး စင်မြင့်ပေါ် ပြန်တက်ဖို့ကြိုးစားနေတာ။ အဲဒါကို ရိုက်ချရမယ်လို့ ကျနော့်အနေနဲ့ ထင်တယ်။ ကျနော်တို့ မိတ်ဆွေ အဖွဲ့အစည်းတွေကိုရော ပြည်သူတွေကိုရော ပြောချင်တာက စစ်ကောင်စီက ခွေးတိုးပေါက်ကနေ တရားဝင်ဖို့ ကြိုးစားနေတဲ့ ကြိုးစားမှုကို ကျနော်တို့ ဝိုင်းဖျက်ဖို့ လိုတယ်။ ဝိုင်းဝန်းကြပါလို့ ကျနော် ပြောချင်ပါတယ်။ နိုင်ငံတကာ အစိုးရတွေလည်း အသိအမှတ်မပြုဖို့ တိုက်တွန်းချင် ပါတယ်။
မေး။ ။ နိုင်ငံတကာမှာတော့ စစ်ကောင်စီနဲ့ NUG တရားဝင်မှုရရေး အားပြိုင်နေရတဲ့ အခြေအနေပေါ့။ တရုတ်နဲ့ အမေ ရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း မြန်မာ့အရေးကို အာဆီယံကနေပဲ ဖြေရှင်းဖို့ သဘောတူထားတဲ့ အနေ အထား မြင်ရပါတယ်။ မြန်မာ့အရေး နိုင်ငံတကာရဲ့ ဆောင်ရွက်ပေးမှု အခြေအနေအပေါ် အားရကျေနပ်ပါသလား။
ဖြေ။ ။ ကျိန်းသေတာက မြန်မာ့အရေး အာဆီယံကို ဖြေရှင်းခိုင်းတာက မှားတယ်လို့ ကျနော်မြင်တယ်။ အာဆီယံထဲ မှာ ဒီမိုကရေစီနိုင်ငံ ဘယ်နှစ်နိုင်ငံရှိလို့လဲ။ တကယ်တမ်း ပြောမယ်ဆိုရင် အင်ဒိုနီးရှားတခုပဲ သေသေချာချာရှိတယ်လို့ ယူဆတယ်။ မလေးရှားတို့ဘာတို့က လက်ရှိမှာ ကိုယ်တွေဘက် ပါနေတာက တပိုင်းပါ။ ကျနော်တို့ လက်ရှိ ရှိနေတဲ့ နိုင်ငံကလည်း ဒီမိုကရေစီနိုင်ငံမှ မဟုတ်ဘဲ။ အဲဒီလိုပဲ ကမော္ဘဒီးယားတို့၊ လာအိုတို့ကလည်း ယနေ့ စစ်ကောင်စီနဲ့ ပူး ပေါင်း ဆောင်ရွက်ချင်တဲ့သူတွေပဲ။ အခြေခံအားဖြင့် လမ်းကြောင်းတခုတည်းက ပုဂ္ဂိုလ်တွေလေ။ ကျနော် ထင်တယ်။ အမေရိကန် အပါအဝင် မြန်မာပြည်ကိစ္စကို အာဆီယံက ဖြေရှင်းဖို့ ပုံလွှဲထားတာ ကျနော့်အနေနဲ့ လက်မခံနိုင်ဘူး။ အမေရိကန်အစိုးရ အနေနဲ့ တစုံတရာ ပျက်ကွက်တယ်လို့ ကျနော်ယူဆတယ်။ သူ့မှာလည်း သူ့အကြောင်းနဲ့သူတော့ ရှိမှာပေါ့။
၂၀၁၀ နောက်ပိုင်းမြန်မာပြည်မှာ အပြောင်းအလဲဖြစ်တော့ မြန်မာနိုင်ငံကို အမေရိကန်သမ္မတ ၂ ခါတောင်လာတယ်။ ဦးသိန်းစိန် လက်ထက် တခါလာတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်ပြီးတော့ ၁ ခါလာတယ်။ သေချာ တာက ကျနော်တို့ တိုင်းပြည်ရဲ့ အရင်အပြောင်းအလဲက သူတို့နောက်က အများကြီးပါတယ်။ သူတို့ အများကြီး လုပ် သွားတယ်။ အခု ပြဿနာတက်တော့ သူတို့က ခပ်ရှောင်ရှောင် လုပ်နေသလိုပဲ။ ကျနော်ကတော့ အဲဒီလို နားလည် တယ်။
ကျနော်ကတော့ ယနေ့နိုင်ငံတကာTrend ကို သိပ်သဘောမကျဘူး။ ယူကရိန်းကိစ္စမှာ ကြည့်ပါလား။ သူတို့ ရှိသမျှ အကုန်ပုံပြီး လုပ်တာပဲ။ ကျနော်တို့ကျမှ အာဆီယံပဲ လုပ်လိုက်ပါဆိုတာကတော့ နည်းနည်း များတယ်လို့ ထင်တယ်။ ကျနော်တို့ တိုင်းပြည်နဲ့ ပတ်သက်ရင် ဒီထက်ပိုပြီး လေးနက်သင့်တယ်။ ပိုပြီးဆောင်ရွက်ပေးသင့်တယ်လို့ ယူဆတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ရမှာပဲ။
မေး ။ ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေနဲ့ ဘာတွေ ဆက်လုပ်သွားဖို့ရှိမလဲ။
ဖြေ ။ ။ အခြေခံကတော့ ကျနော်တို့ တိုင်းပြည်မှာ ကျနော်တို့ပါတီ ဆက်ပြီး တည်ရှိနေအောင်ပေါ့။ ဆိုလိုတာက ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆက်ပြီး တည်ရှိနေနိုင်အောင် ကျနော်တို့ ကြိုးစားသွားမယ်။ တိုင်းပြည်ထဲမှာရှိတဲ့ အခြားသော အင် အားစုတွေ၊ အခြားသော တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းဆောင်ရွက်ပြီးတော့ အခြေအနေပေးရင် ပေးသလိုပေါ့ဗျာ။ စစ်အုပ်စု ဖယ်ရှားရေးနဲ့ ပတ်သက်လို့ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားမယ်။
နယ်စပ်ဒေသတွေမှာလည်း တိုင်းရင်းသား အင်အားစုတွေနဲ့ လက်တွဲပြီးတော့ ကျနော်တို့ တတ်နိုင်သမျှ နိုင်ငံရေးအရ တတ်နိုင်မလား။ နိုင်ငံတကာရေးရာမှာရော အခြားနည်းနဲ့ တတ်နိုင်မလား။ တတ်နိုင်တဲ့အလုပ်တွေ ဆက်ပြီးတော့ ကြိုး စား ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။
You may also like these stories :
မလေးရှားရွေးကောက်ပွဲက မြန်မာ့အရေး မည်သို့ သက်ရောက်မည်နည်း
မြန်မာ့အရေး အာဆီယံ ချဉ်းကပ်ပုံ အလုပ်မဖြစ်သေး
မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်