တော်လှန်ရေးအင်အားစု၏ ကျယ်ပြန့်လာသော ထိုးစစ်အတွင်း လွန်ခဲ့သောနှစ်မှ စတင်သည့် စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းရေး အားထုတ်မှုသည် စစ်ကောင်စီ စစ်တပ်အင်အား ချိနဲ့နေကြောင်း ဖော်ပြနေသည်။
မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း စစ်သားစုဆောင်းမှု အကျပ်အတည်းအပြင် သမိုင်းတလျှောက် ထိခိုက်သေဆုံးမှုနှင့် ဘက်ပြောင်းမှု အမြင့်မားဆုံးကို ခံစားနေရပြီး ခုခံတော်လှန်ရေး အရှိန်မြင့်မားမှုကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် စစ်ကောင်စီသည် တပ်အင်အား ပြန်လည်ဖြည့်တင်းရန် ကုစားရေးနည်းလမ်း အမျိုးမျိုးကို သုံးနေရသည်။
ချိနဲ့လာသည့် လူအင်အား ပြန်လည် ဖြည့်တင်းရန် စစ်ကောင်စီ၏ အားထုတ်မှုများကို အောက်တွင် ဖော်ပြထားသည်။
တပ်ပြေးများ ပြန်လည် တာဝန်ထမ်းဆောင်ရန် လူသိရှင်ကြား ကြေညာခြင်း
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ လက်နက်ကိုင်တပ် (PDF) ဖွဲ့စည်းသည့် အစောပိုင်းလများတွင် စစ်ကောင်စီက ကာလတိုအတွင်း ချေမှုန်းမည်ဟု ခြိမ်းခြောက်ပြီး တပ်မတော်နေ့တွင် အမြောက်ကြီးများနှင့် လေယာဉ်များကို ပြသသည်။
တချိန်တည်းတွင် ထောင်ပေါင်းများစွာသော စစ်သားများနှင့် ရဲများသည် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ကြသည်။
လက်နက်အရ အားသာသော်လည်း ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီသည် စစ်မြေပြင်တွင် စတင်ရှုံးနိမ့်ပြီးနောက် လေတပ်ကို အကြီးအကျယ် စတင် အားကိုးလာသည်။ သို့သော် စစ်တပ်သည် စစ်သားစုဆောင်းမှုစနစ် အလုပ်မဖြစ်တော့သောကြောင့် ဆုံးရှုံးသွားသော စစ်သားများကို ပြန်လည် အစားမထိုးနိုင်ပေ။
လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ခြင်းသည် စစ်ရေးအခြေအနေကို အပြောင်းအလဲ ဖြစ်စေသည်မှာ သေချာသည်။ တိုက်ပွဲများတွင် စစ်ကောင်စီစစ်သားများ လက်နက်ချခြင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခြင်းဆိုသည့် သတင်းများသည် သာမန်ဖြစ်လာသည်။ စစ်ကောင်စီသည် မြို့များ၊ တပ်ရင်းဌာနချုပ်များကို စတင် ဆုံးရှုံးလာသည်။
ဒီဇင်ဘာလတွင် စစ်ကောင်စီသည် ကြေညာချက်တစောင် ထုတ်ပြန်ပြီး တပ်ပြေးများ၊ ခွင့်မဲ့ပျက်ကွက် (AWOL) များ စစ်တန်းလျားသို့ ပြန်လာရန် ဖိတ်ခေါ်သည်။ တပ်ပြေးများ တာဝန်ထမ်းဆောင်ရန် လူသိရှင်ကြား ကြေညာခြင်းသည် မြန်မာစစ်တပ် ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်ပြေးများ ပြန်လာရန် ထိုကမ်းလှမ်းမှုသည် ထိုတပ်ပြေးများ၏ တောင်းဆိုမှုကြောင့်ဖြစ်ကြောင်း ကာကွယ်ပြောဆိုသော်လည်း ထိုပြောဆိုချက်ကို အားလုံးက ပယ်ချကြသည်။ “သူတို့ တာဝန် မထမ်းဆောင်ချင်လို့ စစ်တပ်က ထွက်ပြေးပြီးမှ ဘာလို့ ပြန်လာမလဲ” ဟု အများက မေးခွန်းထုတ်ကြသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေ
မင်းအောင်လှိုင်သည် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ယခင် မကျင့်သုံးဘဲထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျင့်သုံးသည်။
ထိုဥပဒေကို အာဏာရှင် သန်းရွှေခေတ် ၂၀၁၀ ပြည့်နှစ်က ပထမဆုံးအကြိမ် စတင် ပြဋ္ဌာန်းသည်။ သို့သော် ထိုဥပဒေကို ထိုစစ်အုပ်စုခေတ်၊ ဦးသိန်းစိန် အရပ်သားအစိုးရ အတုခေတ်နှင့် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ်တွင် ကျင့်သုံးခြင်း မရှိပေ။
ထိုဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် စစ်မှုထမ်းရမည်ဖြစ်သည်။ အတင်းအကျပ် စစ်သားစုဆောင်းမှုကို တိမ်းရှောင်သူများအား ထောင် ၅ နှစ်အထိ ချနိုင်သည်။
ထိုစစ်သားသစ်များ ပထမအသုတ်အတွက် သင်တန်း ဧပြီလတွင် စတင်သည်။ အတင်းအကျပ် စစ်မှုထမ်းစေခြင်းကြောင့် လူငယ်များ ပြည်ပသို့ အုပ်စုလိုက် ထွက်ခွာကြပြီး အများစုသည် ထိုင်းနိုင်ငံသို့ သွားရောက်ကာ အချို့သည် စစ်ကောင်စီ ဆန့်ကျင်ရေးတပ်များနှင့် ပူးပေါင်းကြသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို စတင် အကောင်အထည် ဖော်ပြီးနောက် ငါးလအကြာတွင် စစ်ကောင်စီသည် စစ်သားသစ် သင်တန်း အပတ်စဉ် ၅ ကို ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။
အရန်တပ်ဖွဲ့များဥပဒေ
အတင်းအကျပ် စစ်သားစုဆောင်းရုံမျှနှင့် စစ်ကောင်စီသည် လုံခြုံသည်ဟု မခံစားရပေ။ ထို့ကြောင့် အရန်တပ်ဖွဲ့များ ဥပဒေကို အသက်သွင်းပြီး စစ်သားဟောင်းများကို စစ်မြေပြင်သို့ ပြန်ပို့သည်။
ထိုဥပဒေကို ကျင့်သုံးခြင်းဖြင့် ခိုင်မာသော ဥပဒေအခြေခံဖြင့် စစ်သားဟောင်းများကို ပြန်လည် မခေါ်ယူမီကပင် စစ်ကောင်စီသည် မြို့များရှိ စစ်ဆေးရေး စခန်းများတွင် စစ်သားဟောင်း အများအပြားကို အသုံးပြုနေသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်သားဟောင်း အများအပြားသည် နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန် ပြန်လည် ထမ်းဆောင်လိုကြောင်း သူ့ကို တောင်းဆိုသောကြောင့် ထိုသို့ လုပ်ခြင်းဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးကြီးဟောင်းတဦးနှင့် ဗိုလ်ကြီး ၄၂ ဦး အပါအဝင် စစ်အရာရှိဟောင်း ၄၈ ဦးကို ဧပြီလတွင် ပြန်လည် တာဝန်ထမ်းဆောင်စေကြောင်း စစ်ကောင်စီ ပြန်တမ်းအရ သိရသည်။
ထိုသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် ခေါ်ယူသူများကို တိုက်စစ် စစ်ဆင်ရေးများ သို့မဟုတ် အတင်းအကျပ် စစ်သားစုဆောင်းထားသူများကို လေ့ကျင့်ရာတွင် တာဝန်ပေးနိုင်ကြောင်း လေ့လာသူများက ပြောသည်။
အရန်တပ်ဖွဲ့များ ဥပဒေအရ စစ်သားဟောင်း အားလုံးသည် ၎င်းတို့ နုတ်ထွက်ထားခြင်း သို့မဟုတ် အငြိမ်းစားယူသည့်နေ့မှ သုံးနှစ်မှ ငါးနှစ်အတွင်း အရန်တပ်ဖွဲ့ဝင်များအဖြစ် တာဝန် ထမ်းဆောင်ရန် လိုအပ်သည်။ ထိုဥပဒေအရ မင်းအောင်လှိုင်သည် စစ်တပ်အကြီးအကဲအဖြစ် ထိုတာဝန် ထမ်းဆောင်သည့်ကာလကို နိုင်ငံတော် အကျိုးအတွက်ဟုဆိုကာ ငါးနှစ်ကျော်အထိ တိုးချဲ့နိုင်သည်။
လူသိများသည့် စစ်သား အများအပြားက စစ်တပ် အကြီးအကဲအဖြစ် မင်းအောင်လှိုင်၏ ကျွမ်းကျင်မှုကို မေးခွန်းထုတ်ကြသည်။
ပြည်သူ့လုံခြုံရေး အဖွဲ့များ
အတင်းအကျပ် စစ်သား စုဆောင်းသည့် ဥပဒေနှင့် အရန်တပ်ဖွဲ့များ ဥပဒေကို အကောင်အထည် ဖော်ခြင်းကြောင့် စစ်ကောင်စီ၏ ကာကွယ်ရေး စွမ်းရည်ကို အတိုင်းအတာ တခုအထိ မြှင့်တင်နိုင်ကြောင်း မတ်လက တပ်မတော်နေ့တွင် မင်းအောင်လှိုင်က ပြောသည်။ သို့သော် ထိုသို့လုပ်ခြင်းကြောင့် သူထင်သလို ဖြစ်မလာပေ။
စစ်ကောင်စီသည် စစ်သား စုဆောင်းခြင်းအတွက် အလုပ်ရှုပ်နေစဉ် ၎င်း၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် လားရှိုးမြို့နှင့်အတူ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် မဟာမိတ်များ လက်သို့ သြဂုတ်လ အစောပိုင်းတွင် ကျရောက်သည်။ စစ်တပ်သည် တိုင်းစစ်ဌာနချုပ်တခု ဆုံးရှုံးသည်မှာ ၎င်း၏ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် ဇွန်လနှောင်းပိုင်းက ၁၀၂၇ စစ်ဆင်ရေး စတင်သောအခါ တိုက်ပွဲများသည် မန္တလေးတိုင်းသို့ ရောက်လာပြီး မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ မြို့အချို့လည်း ကျဆုံးသည်။
စစ်ကောင်စီသည် ပြည်သူ့လုံခြုံရေးစနစ်ဟု ၎င်းတို့ခေါ်သည့် စနစ်ကို မကြာသေးမီက စတင်ပြီး အသက် ၃၅ နှစ်အထက်များ ပါဝင်သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့များကို ကျေးရွာနှင့် ရပ်ကွက်အဆင့်များတွင် ဖွဲ့စည်းသည်။
ထိုနောက်ဆုံး အစီအစဉ်ကို တတ်နိုင်သမျှ အစောဆုံး စတင်ရန် စစ်ကောင်စီ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
မင်းအောင်လှိုင်ကလည်း ပြည်သူ့လုံခြုံရေးစနစ်ကို ရပ်ကွက်နှင့် ကျေးရွာအဆင့်များတွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက်နေ့က မန္တလေးသို့ သွားသောအခါ ပြောသည်။
အခြားစစ်သားစုဆောင်းရေး လှုပ်ရှားမှုများ
စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်မှ စတင်ပြီး ပျူစောထီးများနှင့် အခြား ပြည်သူ့စစ်အဖွဲ့များကို ပိုမိုတိုးချဲ့ လက်နက် တပ်ဆင်လာနေပြီး ထိုအဖွဲ့များတွင် စစ်သားဟောင်းများကို စုဆောင်းသည်။ စစ်ကောင်စီသည် လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်း၊ လူမှုကွန်ရက်တွင် အလုပ်အကိုင်တုများဖြင့် ဖြားယောင်းခြင်းဖြင့်လည်း အတင်းအကျပ် စစ်သားစုဆောင်းသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စစ်ကောင်စီသည် ထောင်ချထားသည့် တပ်ပြေး ၂၀၀ ခန့်ကို ၎င်းတို့ ထောင်ချခံရသည့် ကာလအလိုက် စစ်မှုထမ်းရန် ထောင်မှ လွှတ်ပေးသည်။ သို့သော် ထိုထောင်ကျ စစ်သားများက စစ်မှုထမ်းရန် ငြင်းဆန်သောကြောင့် ထောင်သို့ ပြန်ပို့ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း တော်လှန်ရေး အမာခံဒေသ စစ်ကိုင်းနှင့် မကွေးတိုင်းများတွင် စစ်ကောင်စီသည် ပျူစောထီးများကို စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖွဲ့ဝင်များ၊ စစ်တပ် လိုလားသူများနှင့် အမျိုးသားရေးသမားများဖြင့် ဖွဲ့စည်းသည်။
နေပြည်တော်မှ USDP ခေါင်းဆောင် စစ်အရာရှိဟောင်း ဘူးလက် လှဆွေသည် ပျူစောထီးများကို လက်နက် တပ်ဆင်ရာတွင် အရေးပါသော အခန်းမှ ပါဝင်သည်။ အမျိုးသားရေး ဘုန်းကြီးများဖြစ်သည့် ဦးဝါသဝနှင့် ပေါက်ကိုယ်တော်တို့သည် အမည်ဆိုး ကျော်ကြားသည့် ပျူစောထီး ခေါင်းဆောင်များ ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Increasingly Frantic Recruitment Methods Point to Myanmar Junta’s Frailty ကို ဘာသာပြန်သည်။)
You may also like these stories:
မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ
ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ
ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတွေကို ရှေ့တန်းပို့နေပြီ (ရုပ်/သံ)
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့
တန်းပြည့် စစ်မှုထမ်းဆောင်ချိန် သတ်မှတ်တာ ဘာကြောင့်လဲ
စစ်မှုထမ်းဥပဒေက လူငယ်များကို တော်လှန်ရေးထဲ ပို့ဆောင်ပေးနေ
မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ