လွန်ခဲ့သောနှစ်တွင် မြန်မာသည် မြေမြှုပ်မိုင်းနှင့် စစ်ပွဲကျန် ပေါက်ကွဲပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှု အမြင့်မားဆုံး နိုင်ငံဖြစ်လာပြီး ဆီးရီးယားကို ကျော်တက်လိုက်သည်ဟု အစီရင်ခံစာတစောင်တွင် ဖေါ်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် ပဋိပက္ခနောက်ပိုင်းတွင် မြန်မာနိုင်ငံတဝန်း မြေမြှုပ်မိုင်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကို နိုင်ငံတကာ မြေမြှုပ်မိုင်းတားမြစ်ရေးလှုပ်ရှားမှု (International Campaign to Ban Landmines) က ထုတ်ပြန်သည့် သုတေသနက သတိပေးထားပြီး ထိခိုက်သေဆုံးမှုများကို အကြီးအကျယ် လုံခြုံရေး ချထားသည့် မြို့တော်နှင့် စစ်အာဏာဗဟိုချက် နေပြည်တော်မှအပ ကျန်ပြည်နယ်နှင့်တိုင်းများအားလုံးတွင် တွေ့ရသည်ဟု ဖေါ်ပြထားသည်။
မြန်မာတွင် လွန်ခဲ့သောနှစ်တွင် ဆီးရီးယားထက် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုပိုမိုများပြားသည်။ ဆီးရီးယားသည် လွန်ခဲ့သော ၃ နှစ်အတွင်း မြေမြှုပ်မိုင်းကြောင်း ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်သည်။ ယူကရိန်းနှင့် အာဖဂန်နစ္စတန်သည် ကမ္ဘာတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု တတိယနှင့် စတုတ္ထအများဆုံးနိုင်ငံများဖြစ်သည်။
၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝန်းသို့ ပဋိပက္ခပျံ့နှံ့လာပြီးနောက် မြန်မာတွင်မြေမြှုပ်မိုင်း အသုံးပြုမှု သိသိသာသာ တိုးလာသည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် အရပ်သားအများအပြားသည် လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီပြန်လည်ကျင့်သုံးရန်နှင့် စစ်တပ်အကြမ်းဖက်မှု အဆုံးသတ်ရန် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေသည့် သက်တမ်းပိုမိုရှည်ကြာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း စစ်တပ်ကို တိုက်ခိုက်နေပြီး တခါတရံ အဖွဲ့သစ်များနှင့်လည်း ညှိနှိုင်းတိုက်ခိုက်နေသည်။
စစ်တပ်နှင့် စစ်တပ်ကို တိုက်ခိုက်နေသည့်အဖွဲ့များ ၂ ဘက်လုံးက မြေမြှုပ်မိုင်းများကို အသုံးပြုနေသည်ဟု Landmine Monitor 2024 ခေါင်းစဉ်ရှိ ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
စစ်တပ်၏ မြေမြှုပ်မိုင်းများကြောင့် ကလေးငယ်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်စေသည့် ဖြစ်ရပ်အများအပြားကို ထိုအစီရင်ခံစာတွင် ကိုးကားဖေါ်ပြထားပြီး မိုင်းထောင်ထားသည့် နယ်မြေများတွင် စစ်တပ်သည် အရပ်သားများကို ရှေ့မှသွားစေပြီး လူသားဒိုင်းအဖြစ် အသုံးချခြင်း ဆက်လက်ပြုလုပ်နေသည်ဟု ဖေါ်ပြသည်။ ၎င်းတို့၏ ကျွဲနွားတိရိစ္ဆာန်များကြောင့် ပေါက်ကွဲသွားသည့် မြေမြှုပ်မိုင်းများအတွက် လျှော်ကြေးပေးရန် ခြိမ်းခြောက်ကြောင်းလည်း ထိုအစီရင်ခံစာက ဖေါ်ပြသည်။ ထိုသို့သောဖြစ်ရပ်တခုတွင် စစ်သားများက မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသွားသည့် နွား၏ ပိုင်ရှင်ထံမှာ ငွေ ၁၅ သိန်းတောင်းသည်ဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြေမြှုပ်မိုင်းသုံးပြီး အရပ်သားများ ထိခိုက်သေဆုံးစေသည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ထိုအစီရင်ခံစာတွင် သုံးသပ်ထားသည်။ ဖေါက်ခွဲပစ္စည်းများသည် စစ်တပ်ထိန်းချုပ်ထားသည် မြို့ပြဒေသများတွင် အများအားဖြင့် အမှိုက်အိတ် ပလပ်စတစ်အိတ်အမဲထဲ ထည့်ထုတ်တတ်ကြောင်း အထက်ပါအစီရင်ခံစာမှ သုတေသီ ဒေါက်တာ ရီရွှာ မိုဆာပေါင်ဆုဝန် ပြောသည်။
“အဲဒီဗုံးတွေကို အမှိုက်သိမ်းတဲ့သူတွေနဲ့ အမှိုက်ထဲက ပြန်ရောင်းလို့ရတဲ့ ပစ္စည်းရှာတဲ့ ပလုံကောက်သူတွေက ကောက်တယ်” ဟု သူပြောသည်။ ထိုဖေါက်ခွဲပစ္စည်းများသည် စစ်ရေးပစ်မှတ်များအတွက် ထောင်ထားခြင်း မဟုတ်ဘဲ အရပ်သားနေရာများတွင် ထောင်ထားပြီး စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထိန်းချုပ်မှုအောက် ရောက်သွားသည့် ဌာနများမှ လူများကို ပစ်မှတ်ထားကြောင်း ထင်ရှားသည်။
မြန်မာစစ်တပ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ ၂ ဘက်လုံးက မှတ်ချက်ပေးရန် တုံ့ပြန်ခြင်း မရှိပေ။
လွန်ခဲ့သောနှစ်အတွင်း မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ၁၀၀၃ ခုရှိကြောင်း Landmine Monitor က ဖေါ်ပြသော်လည်း နိုင်ငံတဝန်း တရားဝင် လေ့လာစောင့်ကြည့်မှု မရှိသောကြောင့် အမှန်တကယ် ထိခိုက်သေဆုံးမှုသည် ပိုများနိုင်သည်။ “ဒီထက် ၂ ဆ ပိုများနိုင်လားဆိုရင် များနိုင်တယ်။ ၃ ဆပိုများလားဆိုရင်လည်း အရမ်းဖြစ်နိုင်တယ်” ဟု မိုဆာပေါင်ဆုဝန်ပြောသည်။
လွန်ခဲ့သောနှစ်တွင် ဆီးရီးယားသည် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန် ဖေါက်ခွဲပစ္စည်းကြောင့် ထိခိုက်သေဆုံးမှု ဒုတိယ အများဆုံးဖြစ်ပြီး ၉၃၃ ဦးထိခိုက်သေဆုံးကာ အာဖဂန်နှင့် ယူကရိန်းက ဆီးရီးယားနောက်တွင် ထိခိုက်သေဆုံးသူ ၅၀၀ ကျော်စီရှိသည်။
ကမ္ဘာတဝန်းမှ စစ်သား၊ အရပ်သား ခွဲခြားသိနိုင်သောနေရာများတွင် အရပ်သားများသည် မှတ်တမ်းတင်ထားသည့် ထိခိုက်သေဆုံးမှု၏ ၈၄ ရာခိုင်နှုန်း (၄၃၃၅ ဦး) ရှိသည်။ အသက်အရွယ်အုပ်စုအရ မှတ်တမ်းများတွင် ကလေးငယ်များသည် ၃၇ ရာခိုင်နှုန်း (၁၄၉၈ ဦး) ရှိသည်။
ကိုးကား။ ။ The Guardian သတင်း Myanmar overtakes Syria as country with highest landmine casualties
You may also like these stories:
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရသည့် မြန်မာကျောင်းသားများဘဝ
အထည်ချုပ်လုပ်ငန်း ပြိုကွဲပြီး မျှော်လင့်ချက်ကင်းမဲ့မှု မြင့်မား
မြန်မာ အင်တာနက်ပြတ်တောက်မှုကို စတားလင့်ခ်နှင့် ရုန်းကန်ကျော်လွှားရ
မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း
လူသတ် စစ်ကောင်စီ၏ တရားလက်လွတ်လုပ်မှု အတိုင်းအဆ မရှိ














