မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဦးဖုန်တာရွှင် ဟာ ဆေးကုသခွင့်ပေးဖို့ တောင်းခံခဲ့တာကြောင့် တရုတ်ဘက်က လက်ခံခဲ့ပြီး လက်ရှိမှာတော့ တရုတ်-မြန်မာ နယ်စပ်မြို့ ယူနန်မှာပဲ ကောင်းမွန်စွာ ရှိနေတယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့က မြို့တော် ပေကျင်းမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အရာရှိ လီချင်းက ပြောပါတယ်။
ဒါဟာ တရုတ်နိုင်ငံ နိုင်ငံခြားရေးရာဌာန၊ အာရှာရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ တွေ့ဆုံမှုအပြီးကတည်းက ဦးဖုန်တာရွှင် အကြပ်ကိုင် ထိန်းသိမ်းခံထားရတာလို့ သတင်းတွေထွက်ပေါ်မှု၊ သတင်းမီဒီယာတွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို စာပို့ မေးမြန်းမှုတွေ အပြီးမှာ ခုလိုထွက်ပြောလာတာ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တချို့ကတော့ ဦးဖုန်တာရွှင်ကို တရုတ်က လားရှိုးကိုသိမ်းထားတဲ့ MNDAA တပ်တွေ ဆုတ်ပေးဖို့ ကိစ္စ ဆွေးနွေးမှု မပြေလည်မချင်း ပြန်လွှတ်ဖွယ်မရှိဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အခင်းအကျင်းမှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက MNDAA ဟာ နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းနဲ့ တရုတ်ရဲ့ ဖိအားပေးမှုတွေကို အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီကို ပြန်ပေးရနိုင်တဲ့အထိ ပြင်းထန်တဲ့ ဖိအားတွေကို ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေး၊ စစ်ရေး သုတေသီတွေက ထောက်ပြနေကြပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #ကိုးကန့် #MNDAA #FPNCC #BRI #ဦးဖုန်တာရွှင်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy