နိဂုံးသည် မနီးကပ်သေးသော်လည် ရှင်းလင်းထင်ရှားသည်ဟု ၂၀၂၁ ခုနှစ်တွင် မြန်မာ စစ်အာဏာသိမ်းမှုဖြင့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာ့ပြည်တွင်းစစ်ကို အနီးကပ်လေ့လာနေသူများက ပြောသည်။ စစ်ကောင်စီနှင့် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများသည် ပဋိပက္ခ၏ ပထမ နှစ်နှစ်တွင် အကျပ်အတည်း၌ ပိတ်မိနေသော်လည်း တတိယနှစ်တွင်မူ စစ်တပ်သည် အခက်အခဲနှင့် ရင်ဆိုင်လာရသည်ဟု လေ့လာသူများက ပြောသည်။
ထိုရှည်ကြာသော ပဋိပက္ခသည် လူပေါင်း ၅ သောင်းကျော်ကို သေဆုံးစေပြီး ၃ သန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးရသည်ဟု ခန့်မှန်းရသည်။ သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုအများစုသည် ဖြေရှင်းရန်ခက်ခဲသည့် သဘောဆောင်ပြီး ကမ္ဘာ့အာရုံစိုက်မှုကို အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းမှ စစ်ပွဲများက လွှမ်းမိုးထားကာ လွန်ခဲ့သောနှစ်အတွင်း တော်လှန်ရေးအောင်ပွဲများသည် မြန်မာစစ်ကောင်စီ၏ တခါက တင်းကျပ်သော အာဏာချုပ်ကိုင်မှုကို လှုပ်ခါသွားစေသည်။
“စစ်ပွဲရဲ့နိဂုံးက ရှင်းလင်းထင်ရှားတယ်။ ရှင်းရှင်းလင်းလင်း မသိရသေးတာက အဲဒီနိဂုံးကို ဘယ်လိုနည်းလမ်းနဲ့ ရရှိမလဲဆိုတာနဲ့ အချိန်ပဲ” ဟု နိုင်ငံတကာ လူ့အခွင့်အရေးအကြံပေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကို တည်ထောင်သည့်အဖွဲ့ဝင် မစ္စတာ ခရစ် စီဒေါ့တီက TIME သို့ ပြောသည်။ “တနည်းမဟုတ် တနည်းနဲ့ တချိန်ချိန်မှာ စစ်တပ်ပြိုလဲမှာပဲ” ဟု ၎င်းကပြောသည်။
TIME သည် ကျွမ်းကျင်သူ ရှစ်ဦးနှင့် ဆွေးနွေးခဲ့ပြီး ၎င်းတို့အားလုံးက ထိုပဋိပက္ခ မည်သည့်နေရာတွင် ရောက်နေသည်၊ ထိုနေရာမှ မည်သည့်အနေအထားသို့ ဦးတည်နေသည်နှင့် ပတ်သက်သည့် အလားတူ ရုပ်ပုံကားချပ်ကိုပင် ပုံဖော်ကြသည်။ သိမှတ်စရာအချို့ကို အောက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီပေါ်ပေါက်လာခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ
မြန်မာစစ်တပ်သည် အရပ်သားအစိုးရကို ဖြုတ်ချရန် အာဏာသိမ်းသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ပြိုကမ်းပြိုနိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသူများ ကျမ်းသစ္စာ ကျိန်ဆိုမည့်နေ့တွင် ဖြုတ်ချသည်။ စစ်တပ်က ထိုပါတီသည် ရွေးကောက်ပွဲ မသမာမှု ကျူးလွန်သည်ဟု စွပ်စွဲပြီး ရွေးကောက်ပွဲသစ် ကျင်းပရန် ကတိပြုကာ အာဏာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးသည်။ နိုင်ငံကို အရေးပေါ်အခြေအနေ တနှစ် ကြေညာသည်။
ထိုလုပ်ရပ်သည် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများ၊ နိုင်ငံတဝန်း ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများနှင့် ရင်ဆိုင်ရပြီး စစ်ကောင်စီကလည်း ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုဖြင့် တုံ့ပြန်သည်။ (ပြည်သူများ လမ်းမများပေါ်ထွက်လာချိန် အာဏာသိမ်းပြီး နှစ်လအတွင်း လူ ၅၀၀ သတ်ဖြတ်ခံရသည်။)
နိုင်ငံတဝန်း ကျယ်ပြန့်သည့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုအနေဖြင့် အရပ်ဘက်ဝန်ထမ်းများ သပိတ်မှောက်ကြသည်။ စစ်ကောင်စီသည် တနိုင်ငံလုံးမှ တော်လှန်ရေးအမာခံ ဒေသများတွင် အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်းဖြင့် ခြိမ်းခြောက်မှုထိုးစစ်ကို နှစ်ဆတိုးကာ ၎င်းတို့ကို ဝေဖန်သူ ရာပေါင်းများစွာကို အတင်းအကျပ် ပျောက်ကွယ်စေခြင်းတို့ကို လုပ်ကိုင်သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ
ဖြုတ်ချခံလွှတ်တော်ကိုယ်စားလှယ်များ၊ ဆန္ဒပြခေါင်းဆောင်များနှင့် တိုင်းရင်းသားများ၏ မဟာမိတ်အဖွဲ့တခုက စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန်၊ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန်နှင့် ဖက်ဒရယ်စနစ် ထူထောင်ရန် ရည်ရွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းသည်။
၂၀၂၁ ခုနှစ်၊ မေလ
NUG က ၎င်း၏ လက်နက်ကိုင်အဖွဲ့အစည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့စည်းကြောင်း ကြေညာပြီး တနိုင်ငံလုံးတွင် “ပြည်သူ့ခုခံစစ်” ကို တောင်းဆိုလိုက်သည်။ ထိုတောင်းဆိုမှုကို ၎င်းတို့ ဇာတိပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် စစ်တပ်ကို တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ခံသည်။
NUG က ၎င်း၏ လက်နက်ကိုင်အဖွဲ့အစည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့စည်းကြောင်း ကြေညာပြီး တနိုင်ငံလုံးတွင် “ပြည်သူ့ခုခံစစ်” ကို တောင်းဆိုလိုက်သည်။ ထိုတောင်းဆိုမှုကို ၎င်းတို့ ဇာတိပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် စစ်တပ်ကို တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ခံသည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လ
မင်းအောင်လှိုင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေညာပြီး အရေးပေါ်အခြေအနေ တိုးချဲ့နိုင်သည့် အလားအလာကို ကြေညာကာ ရွေးကောက်ပွဲကျင်းပမည်ဆိုသည့် သူ၏ကတိကို ထပ်မံပြောကြားသည်။
၂၀၂၂ ခုနှစ်
တော်လှန်ရေးအင်အားစုများ ပိုမိုညီညွတ်လာပြီး PDF တပ်ဖွဲ့အများအပြားသည် စစ်ကောင်စီတပ်များကို ပူးတွဲတိုက်ခိုက်ရန် တိုင်းရင်းသားတပ်မတော်များနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇
တိုင်းရင်းသားတပ်မတော်များ၏ မဟာမိတ်အဖွဲ့ဖြစ်သော ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီး အဓိကကျသည့် နယ်မြေများကို စစ်တပ်ထံမှ သိမ်းပိုက်ကာ တော်လှန်ရေး အင်အားစုများအတွက် ပဓာနကျသည့် အောင်ပွဲနှင့် စစ်၏ အပြောင်းအလဲမှတ် ဖြစ်လာသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ
တရုတ်နိုင်ငံက စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ၊ ကူမင်းတွင် စေ့စပ်ညှိနှိုင်းမှုများအတွင်း ကြားဝင်ဆောင်ရွက်သည်။ တရုတ်သည် မင်းအောင်လှိုင်၏ စစ်ကောင်စီကို ဗြောင်ရှုတ်ချခြင်းကို ရှောင်ရှားပြီး မြန်မာနှင့် ၎င်း၏နယ်စပ်တလျှောက် ကုန်သွယ်ရေးနှင့် လုံခြုံရေးကို ကာကွယ်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ချိန်ခွင်လျှာညှိသည့် တရားမဝင် ဆက်ဆံရေးလည်း ထားရှိသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ
မျှော်လင့်ချက်ကင်းမဲ့လာခြင်းဟု ကျယ်ကျယ်ပြန့်ပြန့် မြင်ကြသည့် လက္ခဏာတခုအဖြစ် စစ်ကောင်စီသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးအားလုံးကို အတင်းအကျပ် စစ်မှုထမ်းရန် ကြေညာသည်။
ထိုသို့ကြေညာခြင်းကြောင့် လူငယ်များအကြား တုန်လှုပ်မှုဖြစ်စေပြီး အများအပြားသည် နိုင်ငံမှ ထွက်ခွာရန်အတွက် နိုင်ငံကူးလက်မှတ်ရုံးများနှင့် သံရုံးများတွင် စုပြုံတိုးဝှေ့ကြသလို အချို့ကလည်း တော်လှန်ရေးအင်အားစုနှင့် ပေါင်းကာ စစ်တပ်ကို တိုက်ခိုက်ရန် လက်နက်ဆွဲကိုင်ကြသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ
အရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှ နယ်စပ်မြို့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် သေနင်္ဂဗျူဟာအရေးပါသည့် ကုန်သွယ်ရေးအချက်အခြာ မြဝတီသည် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကို ထိုးစစ်ဆင်သည့် ဗဟိုချက်ဖြစ်လာပြီး တော်လှန်ရေးအင်အားစုများသည် အောင်ပွဲအများအပြား ရလာသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ
ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များ၏ ပိုင်နက်ကို ဗုံးကြဲကာ တရုတ် ကြားဝင်ဆောင်ရွက်ပေးသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု စွဲချက်တင်ကာ ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို စတင်လိုက်သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ
ပြဿနာနှင့် အခက်အခဲပေါင်းစုံ ဝိုင်းပတ်ခံနေရသော စစ်တပ်က တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အဆိုပြုပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် တိုက်တွန်းသော်လည်း ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်တပ်က တာဝန်ခံစေလိုပြီး စစ်တပ်ကို နိုင်ငံရေးမှ ပိတ်ပင်လိုသည့် NUG နှင့် တိုင်းရင်းသားတပ်မတော်များက ထိုအဆိုပြုချက်ကို လုံးဝ လျစ်လျူရှုသည်။
စစ်ကောင်စီကျဆုံးမည့် အလားအလာရှိသော ပွဲသိမ်းဇာတ်ဝင်ခန်း
စစ်ကောင်စီသည် တပ်တွင်းမသင့်မြတ်မှု ကောလာဟလမှသည် နယ်မြေဆုံးရှုံးမှုနှင့် နိုင်ငံတဝန်း လူသားချင်းစာနာမှု အကျပ်အတည်းမှ ရိုက်ခတ်မှုအထိ စစ်မျက်နှာအားလုံးတွင် ဖိအားများ ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီ ပြိုကွဲခြင်းသည် စတင်နေပြီး ဖြစ်ပုံရသည်။
စစ်ကောင်စီသည် တပ်တွင်းမသင့်မြတ်မှု ကောလာဟလမှသည် နယ်မြေဆုံးရှုံးမှုနှင့် နိုင်ငံတဝန်း လူသားချင်းစာနာမှု အကျပ်အတည်းမှ ရိုက်ခတ်မှုအထိ စစ်မျက်နှာအားလုံးတွင် ဖိအားများ ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီ ပြိုကွဲခြင်းသည် စတင်နေပြီး ဖြစ်ပုံရသည်။
စစ်တပ်သည် မြန်မာတွင် အင်အားအကြီးမားဆုံး အင်စတီကျူးရှင်းဖြစ်နိုင်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံကို အမိန့်အာဏာနှင့်ဖြစ်စေ၊ နိုင်ငံရေးကစားခြင်းဖြင့်ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရဖြစ်စေ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း စစ်တပ်ခေါင်းဆောင်ပိုင်းသည် အခြေအနေကို ဆိုးရွားစေသည့် သမိုင်းရှိသည်ဟု သုတေသီများက ပြောသည်။
၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာသည် နိုင်ငံတကာတွင် အထီးကျန်ကာ စီးပွားရေးသည် ကျဆုံးလုနီးပါးဖြစ်ပြီး တော်လှန်ပုန်ကန်မှု ကြီးထွားလာသည်။ ထိုအခြေအနေများကြောင့် ၁၉၈၈ ခုနှစ်တွင် စစ်အာဏာရှင် နေဝင်း နုတ်ထွက်ရသည်အထိ ဖြစ်စေသည်။
“စစ်တပ်က အရည်အချင်း လုံးဝမမီဘူး” ဟု SAC-M မှ မစ္စတာ စီဒေါ့တီက ပြောသည်။ “သူတို့က စီးပွားရေးကို ဖျက်ဆီးတယ်။ မြန်မာကို နိုင်ငံရေးအရ သူငယ်ပြန်အောင် လုပ်တယ်။ ပြည်တွင်းပဋိပက္ခ ပိုမိုဆိုးရွားအောင်လုပ်ပြီး သူတို့ ၆၅ နှစ်၊ နှစ် ၇၀ တိုက်နေတဲ့ တိုင်းရင်းသားတပ်မတော်တွေနဲ့ ဘယ်စစ်ပွဲကိုမှ မနိုင်ဘူး” ဟုလည်း ၎င်းက ပြောသည်။
လက်တွေ့တွင် စစ်ကောင်စီသည် ဆက်တိုက် ရှုံးနိမ့်နေပြီး အထူးသဖြင့် မြောက်ပိုင်းတွင် ရှုံးနိမ့်နေသည်။ ဇန်နဝါရီလတွင် တရုတ်နယ်စပ်အနီး အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့တွင် စစ်ကောင်စီစစ်သား ၂,၅၀၀ နီးပါးသည် ရက်သတ္တပတ် အတန်ကြာပြီးနောက် ညီနောင်မဟာမိတ် သုံးဖွဲ့ထံ လက်နက်ချသည်။
သြဂုတ်လတွင် တော်လှန်ရေးအင်အားစုများထံ လားရှိုးရှိ စစ်တပ်ဌာနချုပ် ကျဆုံးသောအခါ စစ်ကောင်စီသည် ၎င်းတို့၏ တိုင်းစစ်ဌာနချုပ်တခုကို ပထမဆုံးကျဆုံးခြင်း ဖြစ်သည်။ ထို့ပြင် ဆုံးရှုံးသွားသော နယ်မြေများကို ထိန်းချုပ်မှု ပြန်လည်ရရန် ယခုနှစ်တွင် စစ်ကောင်စီက ပြုလုပ်သည့် တန်ပြန်ထိုးစစ်သည် အောင်မြင်မှုရရန် ရုန်းကန်နေရသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရန်နှင့် ၎င်းတို့ဇာတိဒေသကို ထိန်းချုပ်ရန် တိုက်ခိုက်နေသည့် တော်လှန်ရေး အင်အားစုများနှင့် နှိုင်းယှဉ်ပါက စစ်ကောင်စီတပ်များတွင် စစ်ရေးအားထုတ်မှုအဖြစ် အတင်းအကျပ် စုဆောင်းထားသည့် အရပ်သားများ ပိုမိုပါဝင်လာနေပြီး စကတည်းကပင် တိုက်ခိုက်ရန် စိတ်အားတက်ကြွမှုနည်းသည်။
“တော်လှန်ရေးတပ်တွေရဲ့ စိတ်အားထက်သန်မှုက လုံးဝ ကွဲပြားခြားနားနေတာမို့ ဖိအားကို ဆက်လက် ထိန်းထားနိုင်ရင် တော်လှန်ရေးတပ်တွေ အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့ ကျနော်ထင်တယ်။ သူတိုရဲ့တိုက်ခိုက်ရေး စိတ်ဓာတ်က အရမ်းကိုခိုင်မာတယ်” ဟု ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေများကို မှတ်တမ်းတင်ပြီး ရုပ်ရှင်ပညာဖြင့် ဆန့်ကျင်နေသည့် Myanmar Film Collective အဖွဲ့ဝင် မိုက်က ပြောသည်။
“စစ်ကောင်စီဘက်က သူတို့ ဘာအတွက် တိုက်နေတယ်ဆိုတာကိုတောင် မသိကြဘူး” ဟုလည်း ၎င်းကပြောသည်။
အဓိကကျသည့် စစ်ပွဲတပွဲသည် လားရှိုးမြို့ အနောက်ဘက်တွင် တည်ရှိသည့် စစ်ကောင်စီ အမာခံဒေသ မန္တလေးတွင် ရှိနေသည်။ ထိုဒေသသည် ညီနောင်မဟာမိတ်မှ တိုင်းရင်းသားတပ်များ ထိုးဖောက်နေသည့် ဒေသဖြစ်သည်။ “သူတို့က မန္တလေးကို ဆုံးရှုံးလုနီးပါးဖြစ်နေပြီ။ ဆုံးရှုံးသွားရင် စစ်တပ်တခုလုံးရဲ့ စိတ်ဓာတ်ကို ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမယ်” ဟု SAC-M မှ အခြားအဖွဲ့ဝင်တဦးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူဟောင်း မစ္စ ရန်ဟီးလီက ပြောသည်။
စစ်ကောင်စီသည် အရေးပါသည့် အခြေခံအဆောက်အအုံများကိုလည်း ဆုံးရှုံးထားသည်။ လေကြောင်းတွင် လွှမ်းမိုးသည့် ထိန်းချုပ်မှု ရှိနေသေးသော်လည်း နိုင်ငံရှိ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိနိုင်ငံနယ်စပ်မြို့နယ်များမှ ကျယ်ပြန့်သော ဒေသများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
စစ်ကောင်စီသည် နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်း နေထိုင်သည့် နိုင်ငံပိုင်နက် ၈၀ ရာခိုင်နှုန်းကျော် ကျယ်ပြန့်သည့် မြို့နယ်များတွင် အာဏာဆုံးရှုံးပြီးနောက် အဓိကကျသည့် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ရန် လုံလောက်သော နယ်မြေများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း မေလက SAC-M အစီရင်ခံစာက ဆုံးဖြတ်သည်။
NUG သည် စစ်ကောင်စီအောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်သည့် ဝန်ထမ်းများကို ခန့်ထားပြီး တော်လှန်ရေး ထိန်းချုပ်ဒေသများတွင် ပညာရေးနှင့်ကျန်းမာရေး ဝန်ဆောင်မှုများ ကွန်ရက်တခုကိုလည်း စီမံလုပ်ဆောင်နေသည်။ ထို့ပြင် စစ်ကောင်စီက အင်တာနက်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသော်လည်း ပြည်သူများသည် ဆင်ဆာဖြတ်တောက်မှုများကို ဖြတ်ကျော်ရန် နည်းလမ်းရှာနိုင်ကြသည်။
အရေးအပါဆုံး ဖြစ်နိုင်သည့်အချက်မှာ ရေရှည်ပဋိပက္ခ၏ စီးပွားရေးဖိအား ကြီးထွားနေခြင်းဖြစ်သည်။ နိုင်ငံလူဦးရေ ထက်ဝက်သည် ဆင်းရဲနွမ်းပါးနေပြီး ငွေကြေးဖောင်းပွမှု မြင့်မားကာ လူ လေးဦလျှင် တဦးသည် စားနပ်ရိက္ခာ မဖူလုံမှုကြောင့် ဒုက္ခရောက်နေသည်။ အာဏာသိမ်းပြီးနောက်တွင် မြန်မာသည် စစ်ကောင်စီဝင်များကို အပြစ်ပေးရန်နှင့် နိုင်ငံသို့ လက်နက်စီးဆင်းမှု ထိန်းချုပ်ရန် ရည်ရွယ်သည့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ခံနေရသည်။
မြင့်မားလာနေသည့် စီးပွားရေးဒုက္ခများသည် စစ်ကောင်စီ လမ်းကြောင်းပြောင်းစေရန် ဖိအားပေးနိုင်သည်။ “ဒါပေမယ့် သိထားရမယ့် ကိစ္စတခုက အရေးယူပိတ်ဆို့မှုတွေဟာ လူတိုင်းကို ထိခိုက်စေတယ်ဆိုတာပဲ” ဟု အော်စလို ငြိမ်းချမ်ရေး သုတေသနအင်စတီကျုမှ မြန်မာ့နိုင်ငံရေးပါရဂူ သုတေသီ ဦးအမရာသီဟက ပြောသည်။ “ဒါကြောင့် စီးပွားရေးဖိအားဟာ စစ်ကောင်စီကို ပြောင်းလဲစေဖို့ ပုံစံတချို့အတွက် စားပွဲဝိုင်းကို ခေါ်ယူနိုင်ပေမယ့် ဘာတွေ ပေးဆပ်ရမှာလဲ။ ပြည်သူ သန်းပေါင်းများစွာ ပေးဆပ်ရတဲ့တန်ဖိုးပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာ့လူမှုစီးပွားစနစ် ပြိုလဲခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများက မတည်ငြိမ်မှုများ လျှံထွက်လာမည်ကို စိုးရိမ်ပြီး ဂရုတစိုက် စောင့်ကြည့်နေကြသည်။ (ရွှေ့ပြောင်းအခြေချခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ဝယ်မှုကို ငွေကြေးထောက်ပံ့ရန် မှောင်ခိုသည့် မူးယစ်ဆေးဝါးသည် ထိုင်းနယ်စပ်တွင် မြင့်မားလာနေသည်။)
ထို့ပြင် မြန်မာပဋိပက္ခမှ စီးပွားရေးရိုက်ခတ်မှုများကို အစိုးရိမ်ဆုံးဖြစ်သည့် တရုတ်သည် မြန်မာမှ တိုင်းရင်းသား တပ်မတော်များအပေါ် သြဇာထူထောင်ကာ ၎င်းတို့ အဆင့်မြင့်သံတမန်ရေး ထိတွေ့ဆက်ဆံမှုများ ထူထောင်ထားသည့် စစ်ကောင်စီအပေါ် စိတ်ရှည်မှု နည်းလာပုံရသည်။
ထို့ပြင် မြန်မာပဋိပက္ခမှ စီးပွားရေးရိုက်ခတ်မှုများကို အစိုးရိမ်ဆုံးဖြစ်သည့် တရုတ်သည် မြန်မာမှ တိုင်းရင်းသား တပ်မတော်များအပေါ် သြဇာထူထောင်ကာ ၎င်းတို့ အဆင့်မြင့်သံတမန်ရေး ထိတွေ့ဆက်ဆံမှုများ ထူထောင်ထားသည့် စစ်ကောင်စီအပေါ် စိတ်ရှည်မှု နည်းလာပုံရသည်။
မည်သို့ အဆုံးသတ်မည်နည်း
တော်လှန်ရေးအင်အားစုများသည် အရေးပါသည့် အောင်မြင်မှုများ ရကောင်းရနေနိုင်သော်လည်း စစ်ကောင်စီကို ချေမှုန်းခြင်းသည် ပန်းခြံတွင် လမ်းလျှောက်ထွက်သကဲ့သို့ လွယ်ကူမည်ဟု မဆိုလိုပေ။ အောင်ပွဲရရန် အလားအလား မကောင်းသော်လည်း စစ်ကောင်စီသည် ပဋိပက္ခဇုန်များတွင် အလျှော့ပေးရန် ငြင်းဆန်သည်။ (တော်လှန်ရေးအင်အားစုများ အကြီးအကျယ် အနိုင်ရနေသည့် လားရှိုးတွင် စစ်တပ်သည် ထိုမြို့ကို ဖျက်ဆီးရန် သိမ်းကြုံး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။)
မျှော်လင့်ချက်ကင်းမဲ့သော အတင်းအကျပ် စစ်သားစုဆောင်းမှုသည်လည်း စစ်ကောင်စီ၏ တိုက်ခိုက်နိုင်သော စွမ်းရည်ကို ပိုမိုရှည်ကြာစေသည်။ အခြားတဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့အပေါ် ထောက်ခံမှုကို ပိုင်နက်ပြင်ပသို့ ချဲ့ထွင်ပြီး စစ်ကောင်စီ အမာခံဒေသများကို တိုက်ခိုက်နိုင်ဖွယ် မရှိပေ။
“အခြေခံအားဖြင့် ပြောရရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့ပိုင်နက်ပြင်ပမှာ မတိုက်သေးဘူး” ဟု နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) မှ မြန်မာဆိုင်ရာသုတေသီ သောမတ် ကီးန်က ပြောသည်။
“နောက်ဆုံးတော့ စစ်တပ်ကို မြေပြန့်ဒေသတွေမှာ စစ်တပ်ကို တိုက်ခိုက်ဖို့က PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တာဝန် ဖြစ်လာမယ်။ သူတို့မှာ စစ်တပ်ကို တိုက်ဖို့ ရင်းမြစ်တွေ မရှိဘူး။ ဒါဟာ အရမ်းကို ခက်ခဲတဲ့ ရုန်းကန်မှုဖြစ်တယ်။ ဒါကြောင့် စစ်တပ်က အဲဒီဒေသတွေကို ဆက်လက် ထိန်းချုပ်နိုင်မယ်” ဟု ၎င်းကပြောသည်။
စစ်တပ်သည် ရန်ကုန်နှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ၏အဓိက မြို့ပြအမာခံဒေသများသို့ ဆုတ်ခွာနေပြီး ဖြစ်သည်။ ထိုအခြေအနေတွင် စစ်တပ်သည် ယခင်က ကျယ်ပြန့်သောပိုင်နက်၏ တစိတ်တပိုင်း နိုင်ငံတော်၏ အကြွင်းအကျန်ကိုသာ ထိန်းချုပ်နိုင်သည်အထိ ဖြစ်နိုင်ပြီး နိုင်ငံ၏ ကျန်အစိတ်အပိုင်းများကို အမျိုးမျိုးသော တိုင်းရင်းသားတပ်မတော်များ ထိန်းချုပ်ထားသည့်ဒေသများ ဖြစ်စေနိုင်သည်။
အခြားဖြစ်နိုင်သည့်အခြေအနေမှာ စစ်ကောင်စီသည် အာဏာမှ လုံးဝဖယ်ရှားခံရနိုင်သည်။ သို့သော် ထိုသို့ဖြစ်ရန် လုံးဝ စစ်ရေးရှုံးနိမ့်မှုနှင့် လက်နက်ချခြင်း သို့မဟုတ် ပိုမိုဖြစ်နိုင်သည်မှာ တပ်တွင်းအာဏာလုပွဲနှင့် အာဏာလက်လွှတ်ရန် ပြင်ပညှိနှိုင်းမှုစသည့် နည်းလမ်းအများအပြား ရှိသည်။
“သူတို့က အသေအကျေ တိုက်တာလည်း ဖြစ်နိုင်တယ်။ စစ်မပြီးခင် လုံးဝကျဆုံးပြီး ရှောင်လွှဲမရတာတွေကို စစ်တပ်က လက်ခံလိုက်တာလည်း ဖြစ်နိုင်တယ်” ဟု မစ္စတာ စီဒေါ့တီက ပြောသည်။
စစ်ကောင်စီ၏ သာမန်စစ်သားများအကြား မင်းအောင်လှိုင်ကို မုန်းတီးမှု များပြားလာနေသည်။ မင်းအောင်လှိုင်သည် သူယုံကြည်ရမည့်သူကို ရှာရန်ခက်ခဲလာသည်ဟု ဆိုကြသည်။ မင်းအောင်လှိုင်သည် ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများ အပါအဝင် သုံးနှစ်အတွင်း ဝန်ကြီးအဖွဲ့ အပြောင်းအလဲ လေးကြိမ်လုပ်ပြီး အရေးပေါ်အခြေအနေ အကြိမ်ကြိမ် သက်တမ်းတိုးကာ တပ်တွင်းအာဏာသိမ်းမည့် ကောလာဟလများကို ရင်ဆိုင်နေရသည်။
မျှော်လင့်ချက်ကင်းမဲ့သည့် လက္ခဏာအဖြစ် မင်းအောင်လှိုင်သည် စက်တင်ဘာလတွင် ငြိမ်းချမ်းရေးကမ်းလှမ်းပြီး လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တော်လှန်ရေးအင်အားစုများ ပါဝင်ရန် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်တိုက်တွန်းသည်။ ထိုအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို နိုင်ငံရေးတွင် စစ်တပ် မပါဝင်ရန် လိုလားသည့် NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပယ်ချသည်။
၂၀၂၅ ခုနှစ်တွင် စစ်တပ်က ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲများကို ပြည်တွင်းနှင့် နိုင်ငံတကာက စစ်ကောင်စီကို တရားဝင်မှုအပေါ်ယံပေးပြီး စစ်မှန်သောဒီမိုကရေစီ အနည်းငယ်သာပေးမည့် ရွေးကောက်ပွဲအတုများအဖြစ် ရှုတ်ချသည်။
ကျွမ်းကျင်သူများ သဘောတူထားသည့်အချက်မှာ စစ်ကောင်စီခေါင်းဆောင်မှု ဖရိုဖရဲအခြေအနေနှင့် မြေပြင်တွင် ပုံမှန် ဘက်ပြောင်းခြင်းသည် စစ်တပ်တနည်းနည်းဖြင့် ပြိုလဲမည်ဖြစ်ကြောင်း ဖော်ပြနေသည်။ သို့သော် ထိုသို့ ပြိုလဲခြင်းသည် ဇာတ်လမ်းအဆုံး မဟုတ်သေးပေ။
စစ်တပ်ကျဆုံးပြီးနောက် ဘာဖြစ်မည်နည်း
စစ်ကောင်စီကျဆုံးပြီးနောက်တွင်ပင် မြန်မာတွင် ဒီမိုကရေစီ သို့မဟုတ် တည်ငြိမ်မှုကိုပင် အာမခံရန် အလှမ်းဝေးနေသေးကြောင်း ကျွမ်းကျင်သူများက ပြောသည်။
“တော်လှန်ရေး အင်အားစုဘက်မှာ အမျိုးမျိုးသော အင်အားစုတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အုပ်ချုပ်ဖို့ ခက်ခဲနေတာကို တွေ့နေရတယ်။ သူတို့ဟာ စစ်တပ်ကို ကောင်းကောင်း တိုက်နိုင်ကြပေမယ့် အုပ်ချုပ်ရေးအတွက် မတူကွဲပြားတဲ့ ကျွမ်းကျင်မှု လိုအပ်တယ်” ဟု ကရင်နီပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ပွဲ ပထမ နှစ်နှစ်အတွင်း နေထိုင်ခဲ့ပြီး ၎င်းတို့လုံခြုံရေးအတွက် အမည်မဖော်ပြလိုသည့် ဓာတ်ပုံသတင်းသမားတဦးက ပြောသည်။
“စစ်တပ်ဆန့်ကျင်ရေး ဒါမှမဟုတ် တော်လှန်ရေး အင်အားစုဘက်မှာ ညီညွတ်တဲ့ စုပေါင်းအားထုတ်မှု မရှိဘူး” ဟု ၎င်းက ပြောသည်။
NUG နှင့် မတူဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကျင်းပရေး၊ ဗဟိုအစိုးရကို တရားဝင်စေရေးနှင့် ၎င်းတို့၏ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုရှိရေး စသည့် ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ခြင်းထက် လူမျိုးစုဗဟိုပြု အမျိုးသားရေးဝါဒက ဦးဆောင်သည်ဟု ဦးအမရာသီဟက ပြောသည်။
“ဒါတွေက ဒီမိုကရေစီအတွက် အခြေခံမူ သုံးချက်ပဲ။ ရွေးကောက်ပွဲ၊ ထိန်းချုပ်ရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရေးပဲ။ ဒီလို အမြင်တွေအရကြည့်ရင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ဒီမိုကရေစီမူတွေနဲ့ လုပ်ကိုင်နေတယ်လို့ ပြောဖို့ အရမ်းခက်တယ်” ဟုလည်း သူကရှင်းပြသည်။
“စစ်ကောင်စီဆန့်ကျင်ရေးတိုက်ပွဲနှင့် ယနေ့ပြည်တွင်းစစ်ကို အုပ်စုလိုက် ပွေ့ဖက်ခြင်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ပေ” ဟု ဧရာဝတီသတင်းဌာနက ဇန်နဝါရီလတွင် တင်သည့် အတွေးအမြင်ဆောင်းပါးတွင် ဖော်ပြပြီး နိုင်ငံရေးလေ့လာသူ အများအပြား၏ ခံစားချက်ကို ထင်ဟပ်သည်။ “သတိထား လုပ်ကိုင်ခြင်း မရှိပါက စစ်ကောင်စီပြိုလဲခြင်းသည် အလားတူ စစ်မက်လိုလားသည့် မဟာမိတ်သစ်များဖြင့် စစ်ပိုမို ဖြစ်စေနိုင်သည်” ဟုလည်း ဆက်လက်ဖော်ပြသည်။
လက်ရှိ ပြည်တွင်းစစ်မတိုင်မီနှင့် ပြည်တွင်းစစ်အတွင်း တဖွဲ့နှင့်တဖွဲ့ တိုက်ခိုက်နေကြသည့် မတူညီသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် ကွဲပြားသည့် အကျိုးစီးပွားများရှိနေသည်။ ထိုသို့သော တင်းမာမှုများ ပြန်လည် ပေါ်ထွက်လာနိုင်သည်။ ရှမ်းပြည်နယ်တွင် စစ်တပ်ကို ဆန့်ကျင်ရန် လွန်ခဲ့သောနှစ်က မဟာမိတ်ဖွဲ့ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပိုင်နက် အငြင်းပွားမှုများအတွက် တဖွဲ့နှင့်တဖွဲ့ သဘောထားကွဲ နေသည်။
“ဒီအဖွဲ့တွေကို စုစည်းပေးတာက ဘုံရန်သူ မြန်မာစစ်တပ်ပဲ။ အဲဒီနောက်မှာတော့ သဘောထားကွဲလွဲမှုတွေ အများကြီး ရှိတယ်” ဟု ကီးန်က ပြောသည်။
သေချာသည်မှာ စစ်ကောင်စီခေတ်လွန် မြန်မာတွင် အုပ်ချုပ်ရေး ရည်မှန်းချက်တခု ချမှတ်ရန် ရေရှည်အားထုတ်မှု ရှိသည်။ တော်လှန်ရေးအင်အားစုများ အများစုသည် ဖက်ဒရယ်နိုင်ငံတော် အတွေးအခေါ်ကို အခိုင်အမာ ယုံကြည်ကြသည်။ သို့သော် ထိုဖက်ဒရယ်ရည်မှန်းချက်၏ အသေးစိတ်များအပေါ် သဘောတူညီမှု လိုအပ်နေသေးသည်။
လူသိများသော အဆိုပြုချက်တခုမှာ အာဏာသိမ်းပြီး တလအကြာတွင် NUG ၏ အကြံပေးအဖွဲ့ဖြစ်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က စတင်မိတ်ဆက်ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ဖြစ်သည်။ နိုင်ငံရေးပါတီ ၁၂ ခုက ထောက်ခံသည့် သီးခြား အဆိုပြုချက်တခုကိုလည်း ဖေဖော်ဝါရီလတွင် စတင် မိတ်ဆက်သည်။ သို့သော် ထိုအဆိုပြုချက် နှစ်ခုလုံးကို တော်လှန်ရေးအင်အားစုများက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခြင်း မရှိပေ။
“အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအဖွဲ့အစည်း အများအပြားက ဖက်ဒရယ်ဒီမိုကရက်တစ် မြန်မာအကြောင်း ပြောကြပြီး ဒါဟာ ခိုင်မာပြီး အဓိကကျတဲ့ ကတိကဝတ်ဖြစ်တယ်။ ဒါပေမယ့် လက်ရှိ အချိန်အထိ အနှစ်သာရကို အသေးစိတ်ဖော်ပြဖို့ လုပ်တဲ့အလုပ် အရမ်းနည်းတယ်” ဟု မစ္စတာ စီဒေါ့တီက ပြောသည်။
“အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအဖွဲ့အစည်း အများအပြားက ဖက်ဒရယ်ဒီမိုကရက်တစ် မြန်မာအကြောင်း ပြောကြပြီး ဒါဟာ ခိုင်မာပြီး အဓိကကျတဲ့ ကတိကဝတ်ဖြစ်တယ်။ ဒါပေမယ့် လက်ရှိ အချိန်အထိ အနှစ်သာရကို အသေးစိတ်ဖော်ပြဖို့ လုပ်တဲ့အလုပ် အရမ်းနည်းတယ်” ဟု မစ္စတာ စီဒေါ့တီက ပြောသည်။
“ဒေသအဆင့်မှာ မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိပေမယ့် နိုင်ငံတကာခေါင်းဆောင်မှုမှာ အမျိုးသားအစိုးရတခုရှိပြီး တန်းတူညီမျှ လူ့အဖွဲ့အစည်း ဖြစ်ဖို့လိုတယ်” ဟုလည်း ၎င်းကပြောသည်။
အနည်းဆုံး ပြည်နယ်တခုတွင် အုပ်ချုပ်ရေး ဖက်စပ်ပုံစံတခုကို ထူးခြားသော အောင်မြင်မှုဖြင့် စမ်းသပ်နေသည်။ ကရင်နီပြည် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီသည် ပြည်နယ်တဝန်း မြို့နယ် ၁၆ ခုတွင် အုပ်ချုပ်ရေးအဖွဲ့များ ထူထောင်ထားသည်။ ထိုအုပ်ချုပ်ရေးအဖွဲ့များကို ဒေသခံများက ရွေးကောက်ပြီး လူမှုအခြေပြု အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမှု အသိုက်အဝန်းများကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ ပါဝင်သည်။ ဗဟိုချုပ်ကိုင်မှုနည်းသည့် ထိုပုံစံသည် ထိုပြည်နယ်တွင် ယခင်က မရှိဘဲ အာဏာမသိမ်းမီက ထိုပြည်နယ်တွင် ဗဟိုအစိုးရက ခန့်အပ်သည့် ခေါင်းဆောင်များသာ ရှိသည်။
“ဒါကို ကျနော်တို့ အောက်ခြေကနေ အထက်ကိုသွားတဲ့ ဖက်ဒရယ်စနစ်လို့ ခေါ်တယ်။ ဒါဟာ အရမ်းအရေးကြီးတယ်။ လူမျိုးစု တခုစီရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုတာပဲ” ဟု ကရင်နီပြည် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ရှင်းပြသည်။
ထိုပုံစံကို တနိုင်ငံလုံးတွင် ပုံတူကူးနိုင်၊ မကူးနိုင်ကို ခူးဦးရယ် သေချာစွာ မသိသော်လည်း ထိုပုံစံသည် လတ်တလော ကရင်နီပြည်တွင် အလွန်သင့်တော်သော ပုံစံဖြစ်သည်။ သို့သော် ထိုနိုင်ငံရေး တီထွင်ဆန်းသစ်မှုသည် အခြား တိုင်းရင်းသားခေါင်းဆောင်များထံမှ စူးစမ်းမှုဖြစ်စေခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များက ၎င်းတို့၏ အုပ်ချုပ်ရေးအမြင်ကို ပိုမိုသိရန် ၎င်းတို့ကို ဆက်သွယ်လာကြောင်း ခူးဦးရယ်က ပြောသည်။
NUG သည် မြန်မာတွင် တည်တံ့သော ငြိမ်းချမ်းရေးရရန် ဦးဆောင်နိုင်၊ ဦးမဆောင်နှင့် ပတ်သက်သည့် သံသယများရှိသည်။ NUG သည် မြေပြင်တွင် အကန့်အသတ်ဖြင့်သာ သြဇာရှိပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေရသော်လည်း မိတ်ဖက်များနှင့် နိုင်ငံရေးသဘောတူညီချက် ရအောင် လုပ်နိုင်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားသည် နိုင်ငံမှ တိုင်းရင်းသားလူနည်းစုများကို ခွဲခြားဆက်ဆံခဲ့ဖူးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဆင်းသက်လာသော NUG ခေါင်းဆောင်များကို သတိထား သံသယရှိကြသည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတိုက်ပွဲနှင့် ပတ်သက်သော်လည်း ရိုဟင်ဂျာများကို စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးကို သိသိသသာသာ နှုတ်ဆိတ်နေသောကြောင့် ဝေဖန်ခံရသည်။ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များဖြစ်ပြီး ယခုအခါ ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်အုပ်စုများအနက် တစုဖြစ်ပြီး အများစုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ စခန်းများတွင် နေထိုင်နေကြသည်။
NUG နှင့် ယာယီမိတ်ဖွဲ့မှုအချို့ ပျက်ပြယ်နေပြီ ဖြစ်သည်။ ညီနောင်မဟာမိတ် သုံးဖွဲ့၏ အစိတ်အပိုင်းဖြစ်သော တရုတ်လိုလားသည့် သြဇာကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က NUG နှင့် စစ်ရေးအရ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သည့် အတွေးအခေါ်ကို စက်တင်ဘာလတွင် လူသိရှင်ကြား ပယ်ချလိုက်ပြီး ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနှင့် မန္တလေးတွင် စစ်ကောင်စီဆန့်ကျင်ရေး အားထုတ်မှုများကို ကူညီမည် မဟုတ်ကြောင်း ကြေညာသည်။
NUG အတွက် အချိန်နည်းလာနေပြီး ၎င်း၏လုပ်ငန်းများသည် စစ်ကောင်စီ အင်အားနည်းလာသောအခါ ပိုမိုခက်ခဲလာမည်ဟု သုတေသီများက ပြောသည်။ “စစ်တပ်ပြိုကွဲပြီးနောက်မှာ NUG ဟာ အခုလိုမျိုး ဗဟိုသြဇာ ရှိတော့မှာ မဟုတ်ဘူး” ဟု SAC-M မှ လီက ပြောသည်။ “ပြီးတော့ သူတို့အနေနဲ့ စစ်နိုင်တဲ့အထိ၊ စစ်တပ်ပြိုလဲတဲ့အထိ မစောင့်ဘဲ အနာဂတ်မြန်မာနိုင်ငံသစ်ကို ဘယ်လိုဖွဲ့စည်းမလဲ စဉ်းစားသင့်တယ်” ဟု ၎င်းက ပြောသည်။
မရေရာမှုများစွာ ရှိနေကြောင်း လေ့လာသူများက သဘောတူသော်လည်း မျှော်လင့်ချက်လည်း ရှိနေသည်။ စစ်ပြီးခေတ်မြန်မာအတွက် သက်ဆိုင်သူများအကြား ညှိနှိုင်းမှုများသည် စိန်ခေါ်မှု ဆက်လက် ဖြစ်နေသော်လည်း စစ်ကောင်စီကို တိုက်ခိုက်သည့် လွန်ခဲ့သော သုံးနှစ်သည် မတူညီသော တော်လှန်ရေးအုပ်စု အများအပြားအကြား ခိုင်မာသော ဆက်ဆံရေးသစ်များ ပျိုးထောင်ပေးသည်။
“အနာဂတ်မှာ တင်းမာမှုတွေ တွေ့ရနိုင်ပေမယ့် ပြည်သူတွေရဲ့ ရည်မှန်းချက်မှာ ဖက်ဒရယ် ဒီမိုကရက်တစ်မြန်မာအတွက် စိတ်အားထက်သန်မှုဟာ ကျယ်ပြန့် နက်ရှိုင်းလွန်းလို့ အရင်နဲ့မတူတဲ့ အခွင့်အလမ်းတခုရှိပြီး အမျိုးသားညီညွတ်ရေး စိတ်အားထက်သန်မှုဟာ အရင်နဲ့မတူတဲ့ လက္ခဏာတွေ ရှိတယ်။ ဒါဟာ အားပေးရမယ့် ကိစ္စဖြစ်တယ်။ ဒါကို ဆက်လက် တည်ဆောက်နိုင်ပြီး တည်ဆောက်မယ်လို့ ထင်တယ်။ ဒါပေမယ့် အားထုတ်မှု အရမ်းကို လိုမယ်” ဟု မစ္စတာ စီဒေါ့တီက ပြောသည်။
(TIME ပါ Koh Ewe ၏ How Myanmar”s Civil War Could Actually End ကို ဘာသာပြန်သည်။)
You may also like these stories:
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေး စစ်ကောင်စီ အပြင်းအထန် ခုခံနေ
စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်
အာဆီယံအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေရှိဖို့လို (ရုပ်/သံ)
လူသတ် စစ်ကောင်စီ၏ တရားလက်လွတ်လုပ်မှု အတိုင်းအဆ မရှိ
စစ်ကောင်စီတပ်၏ ခံနိုင်ရည်ကို ဆန်းစစ်ခြင်း