ပြည်ပသို့ အလုပ်သမားစေလွှတ်ရန် အလုပ်ခေါ်စာ အသစ်တင်ခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ခေတ္တရပ်နားရန် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံမှ သိရသည်။
လက်တလော စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် လူငယ်များ ပြင်ဆင်နေကြသည့်အချိန်တွင် ယခုကဲ့သို့ ရပ်နားလိုက်ခြင်းဖြစ်သည်။
အေဂျင်စီများက အလုပ်ခေါ်စာအသစ် ခွင့်ပြုချက်တင်ရာတွင် အလုပ်သမားဝန်ကြီးဌာနဘက်မှ တရားဝင် စာထုတ်ပြန်ခြင်း မရှိဘဲ အီးမေးလ်မှတဆင့် ပြန်လည် အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MOEAF မှ တာဝန်ရှိသူတဦးက “တရားဝင် စာထုတ်ပြီး ပြောတာမဟုတ်ဘူး။ အလုပ်ခေါ်စာတင်မယ့် အေဂျင်စီတွေကို အီးမေးလ်ပြန်ပို့ပြီးတော့ ပြောတာ။ ခေတ္တရပ်နားထားတယ်ဆိုပြီးတော့ ပြန်ပြောတာပေါ့။ ရပ်မယ့်ကာလကို ညွှန်ကြားထားတာ မရှိဘူး။ ၁၃ ရက်နေ့ ၊ ၁၄ ရက်နေ့ကစပြီးတော့ တင်တာတွေ အကုန်လုံး ရပ်ထားတယ်ဆိုပြီးတော့ အီးမေးလ်ပြန်ပို့တာပေါ့။ တကမ္ဘာလုံး နိုင်ငံအစုံပဲ” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ အလုပ်ခေါ်စာအသစ်များကို လက်ခံမည်မဟုတ်ဘဲ မည်သည့်အချိန်ကာလထိ ရပ်နားမည်ကို မသိရကြောင်း၊ ယင်းသို့ ရုတ်တရက် ရပ်နားလိုက်သောကြောင့် အခက်ခဲများဖြစ်ရကြောင်း ပြည်တွင်းရှိ အေဂျင်စီတခုက ပြောသည်။
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “အေဂျင်စီတွေကတော့ အခက်အခဲဖြစ်တာပေါ့။ ဒီနေ့တင်တာကို ဒီနေ့မှာရပ်တယ်ဆိုပြီးဖြစ်လာတော့လေ။ အလုပ်ခေါ်စာတခုရဖို့အတွက်က အချိန်အများကြီးပေးပြီး လုပ်ထားရတာလေ။ အေဂျင်စီတွေအနေနဲ့ အလုပ်ခေါ်စာတင်ဖို့အတွက်က တဖက်နိုင်ငံက သူဌေးနဲ့ သဘောတူညီချက် ယူရတယ်။ ကိုယ့်ကုမ္ပဏီနာမည်နဲ့ အလုပ်ခေါ်စာရတယ်ဆိုပြီး ထွက်လာမယ်။ အဆင့်ဆင့်တွေ အများကြီးရှိတာ အခုချက်ချင်း ရပ်လိုက်တော့ အကုန်လုံးတန်းလန်းဖြစ်ကုန်တာ” ဟု ပြောသည်။
လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအလုပ်အကိုင်အေဂျင်စီများမှ ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြစ်သော MoU စနစ်ဖြင့် တနေ့လျှင် အလုပ်သမား ၅၀၀ နှင့် ၈၀၀ ကြား စေလွှတ်လျက်ရှိပြီး မလေးရှား ၊ စင်ကာပူ ၊ ကိုရီးယား ၊ ဂျပန်နိုင်ငံများသို့ ၂၀၀ နှင့် ၃၀၀ ကြား စေလွှတ်လျက်ရှိကြောင်း အေဂျင်စီများထံမှ သိရသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး လူငယ်များမှာ မြန်မာနိုင်ငံနှင့်အနီးစပ်ဆုံး ထိုင်းနိုင်ငံအပါအဝင် မလေးရှား ၊ စင်ကာပူ ၊ဒူဘိုင်း၊ ကိုရီးယား ၊ ဂျပန်နိုင်ငံများသို့ သွားရောက်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။
You may also like these stories:
ပြည်ပစေလွှတ်သည့် အလုပ်သမားစာရင်း မဖြစ်မနေတင်ပြရန် အေဂျင်စီများကို ဖိအားပေး
ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ရပ်နားရတော့မလား
တရားမဝင်လမ်းမှ ပြည်ပထွက်သူပိုများလာတော့မည်