ငွေလိုနေသည့် စစ်ကောင်စီသည် ပြည်ပရောက် မြန်မာအလုပ်သမားများ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ် များမှတဆင့် မိသားစုထံသို့ လွှဲပြောင်းသည့် အထောက်အထားများအားပြရန် အေဂျင်စီများအား အလုပ်သမား ဝန်ကြီး ဌာနက ထပ်မံ တင်းကျပ်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ သိရသည်။
အမည်မဖော်လိုသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက “ဘာလို့ဖိအားပေးလဲဆိုရင် သူတို့ပိုက်ဆံမရှိလို့ ပိုက်ဆံ လိုနေလို့ပဲပေါ့။ အေဂျင်စီတွေက စာရင်းပို့ရမယ်။ မပို့ပေးနိုင်ရင် စေလွှတ်ခွင့်တွေ ပိတ်မယ်။ ဒါမျိုးတွေတော့ ပြော ထား တယ်။ အလုပ်သမားတွေကိုက မသွားခင်ကတည်းက စာချုပ် ချုပ်ရတာရှိတယ်။ မပေးဘူးဆိုရင် မြန်မာပြည် ပြန် ရောက်ရင် ပြည်ပထွက်ခွာခွင့် ၃ နှစ်ပိတ်မယ်ဆိုပြီး စာချုပ်ချုပ်ခိုင်းထားတာရှိတယ်။ အလုပ်သမားတွေကလည်း စာချုပ် ချုပ်ပြီးတော့မှ သွားကြတာ။ တကယ်တမ်းကျတော့ မပေးကြဘူး” ဟု ပြောသည်။
စေလွှတ်လိုက်သည့် လုပ်သားဦးရေအလိုက် ၃ လအတွင်း မိသားစုလွှဲပို့ငွေ ပေးပို့ခြင်း ရှိ/မရှိ စာရင်း တင်ပြရမည်ဖြစ် ကြောင်းနှင့် တရားဝင်ဘဏ်များမှတဆင့် ငွေပြန်လွှဲကြရန် အလုပ်သမားများရှိရာသို့ သွားရောက်စည်းရုံးရေး၊ ပြည်ပတရားဝင် သွားရောက် အလုပ်လုပ်မည့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်ကို အလုပ်သမားဝန် ကြီးဌာနထံ မေလ်းဖြင့် ဇူလိုင် ၁၅ ရက် မတိုင်မီပို့ပေးဖို့ရန်တို့ကို အလုပ်သမားဝန်ကြီးဌာနက ထပ်မံ ပြောဆိုလာခြင်း ဖြစ်သည်။
ပြည်ပရောက် လုပ်သားများအနေဖြင့်လည်း ပြင်ပပေါက်ဈေးနှင့် စစ်ကောင်စီ သတ်မှတ်ထားသော နှုန်းထားမှာ ကွာခြား နေမှုကြောင့် တရားဝင်လမ်းကြောင်းမှ ငွေမလွှဲလိုကြသည့်အတွက် အေဂျင်စီများ အခက်တွေ့နေရကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီတခုက ပြောသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “သူတို့လွှဲထားတဲ့ပိုက်ဆံကို အေဂျင်စီတွေက စာရင်း ပြန်ပြ ရမှာ။ အေဂျင်စီတွေ အခက်အခဲက စာရင်းပြန်မပြနိုင်တာပဲ။ ပြဿနာက အလုပ်သမားကို လွှတ်လိုက်ပြီ။ အလုပ် သမားက သူ့ဘာသာ လစဉ်လွှဲတဲ့ပိုက်ဆံကို အေဂျင်စီဆီ ကျနော် ကျမကတော့ ဒီလောက်လွှဲပါတယ်ဆိုတာ ပြန်ပြော မှာကလည်း ရာနဲ့ချီပြီး အလုပ်သမားစေလွှတ်တော့ တောင်းရတာ ခက်တယ်။ ဒီစာရင်းကိုမပြနိုင်လို့ အေဂျင်စီတွေကို ပြဿနာ ရှာနေတာ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်နှုန်းထားမှာ ၁ ဒေါ်လာလျှင် ကျပ် ၃၀၀၀ ကျော်ဝန်းကျင်ဖြစ်ပြီး ပြင်ပ ပေါက်ဈေး တွင်မူ ၁ ဒေါ်လာ ၄၈၀၀ ကျော် ပေါက်ဈေးဖြစ်ပေါ်လျက်ရှိသည်။
အေဂျင်စီများအနေဖြင့် အလုပ်သမားများ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ အလုပ်အကိုင် မှန်ကန်မှု ရှိရေး၊ လုပ်ခလစာရရှိရေး၊ နိုင်ငံအလိုက် ချမှတ်ထားသည့် ဥပဒေပါအခွင့်အရေးရရှိရေးအပါအဝင် ပြဿနာဖြစ်ပါက ဖြေရှင်းပေးရေး တာဝန်သာရှိပြီး အလုပ်သမားများ ငွေပြန်လွှဲခြင်း၊ မလွှဲခြင်းမှာ အေဂျင်စီနှင့် မသက်ဆိုင်ကြောင်း ပြောဆိုကြသည်။
နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေသော စစ်ကောင်စီအနေဖြင့် ပြည်ပပို့ကုန်များကို တိုးမြှင့်တင်ပို့ခိုင်းခြင်း၊ သွင်းကုန် ပစ္စည်း များ ထိန်းချုပ်ခြင်း၊ ဟွန်ဒီ (အဝေးရောက် ငွေလွှဲ) လုပ်ငန်းများကို ဖမ်းဆီးခြင်း၊ ဒေါ်လာဈေး ထိန်းချုပ်ခြင်း၊ ပြည်ပ ရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာကို တရားဝင် ငွေလွှဲစနစ်ဖြင့် မဖြစ်မနေရာခိုင်နှုန်း သတ်မှတ် လွှဲခြင်းများ အပြင် ယခု အချိန်တွင် အေဂျင်စီများကိုပါ အမှန်တကယ် ငွေလွှဲခြင်း ရှိ၊ မရှိ စတင် စစ်ဆေးလာခြင်း ဖြစ်ကြောင်း သိရသည်။

အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “အေဂျင်စီတွေအနေနဲ့လည်း အလုပ်ခေါ်စာရတာတောင် ခေါ်ရမယ့်လူ မရှိတော့ ဘူး။ အရမ်းရှားသွားပြီ။ လူကုန်သလောက်ရှိနေပြီ။ အကုန် ထွက်ပြေးနေရတာ။ မပြေးရင်လည်း စစ်ထဲရောက်ကုန် မှာကို။ သူတို့စပြီးတက်ကတည်းကနေ အခုအချိန်ထိက ရှိသမျှအဖွဲ့အစည်းပေါင်းများစွာကို ဒုက္ခပေးနေတာ။ ဒီအလှည့်ကတော့ အေဂျင်စီတွေ အလှည့်ပေါ့။ ဘဏ်တွေ ၊ရွှေလုပ်ငန်းရှင်တွေ၊ ဆန်လုပ်ငန်းရှင်တွေအလှည့်ပြီးတော့ ကျနော်တို့ဘက်လှည့်လာတာပါပဲ။ အခက်အခဲတွေကတော့ အမျိုးမျိုးဖြစ်နေတာပါပဲ” ဟု ပြောသည်။
ပြည်ပရောက် အလုပ်သမားများအနေဖြင့်လည်း စစ်ကောင်စီ သတ်မှတ်ထားသည့် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်း ပြန်မလွှဲ လို၍ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများရှေ့ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။
You may also like these stories:
ပြည်ပရောက်လုပ်သားများ၏ ပို့ငွေစာရင်းတောင်းယူမှု အေဂျင်စီတို့ အခက်တွေ့














