အစ ပထမတွင် တုန်လှုပ်သည်။ ထို့နောက် တနိုင်ငံလုံးတွင် စိုးရိမ်ပူပန်မှုလှိုင်းတခု ဖြစ်လာပြီး အရှိန်ရလာကာ အာခံတော်လှန်မှု ဖြစ်လာသည်။
သူတို့အပေါ် သုံးနှစ်ကြာ ရက်စက်ကြမ်းကြုတ်ခဲ့သည့် စစ်ကောင်စီနှင့် ပူးပေါင်းကာ ကာကွယ်တိုက်ခိုက်ရမည်ဟု လွန်ခဲ့သော ရက်သတ္တပတ်ကုန်က သိရှိခဲ့ကြရသည့် ပြည်သူများ ထိုသို့ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။
“ကျမရဲ့ အသက်ဝိညာဉ်ကို စစ်ကောင်စီအတွက် ဘယ်တော့မှ မပေးဘူး” ဟု မန္တလေးဒေသခံ မအလင်းက ဒေါသတကြီး ပြောသည်။
သူသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ထောင်ချခံခဲ့ရဖူးသော်လည်း အတင်းအကျပ် စစ်သား စုဆောင်းမှု၏ အဓိက ပစ်မှတ်ထဲတွင် ပါဝင်နေသည်။
သူသည် အသက် ၂၀ ကျော်မျှသာ ရှိသေးသည်။
မအလင်းသည် အတင်းအကျပ် စစ်သားစုဆောင်းမှုတွင် အကျုံးဝင်သည့် အရွယ်ရောက်ပြီး လူငယ် ၁၃ သန်းတွင် ပါဝင်သည်။ ထိုအရေအတွက်သည် သက်တမ်း ၆၅ နှစ် ရှိပြီဖြစ်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖုတ်ဖက်ခါကာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင် အသက်သွင်းပြီးနောက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆွဲဆောင်စည်းရုံးနေသည့် အရေအတွက်ဖြစ်သည်။
ထိုနေ့မှ စတင်ပြီး အသက် ၁၈ နှင့် ၃၅ နှစ်ကြား အမျိုးသားများ၊ အသက် ၁၈ နှစ်နှင့် ၂၇ နှစ်ကြား အမျိုးသမီးများသည် စစ်ကောင်စီတပ်တွင် အနည်းဆုံး နှစ်နှစ်တာဝန်ထမ်းဆောင်ရန် လိုမည်ဖြစ်သည်။ ဥပမာအားဖြင့် ဆရာဝန်နှင့် အင်ဂျင်နီယာများကဲ့သို့သော ပညာရှင်များအတွက် အသက်ကန့်သတ်ချက်ကို အမျိုးသားများအတွက် ၄၅ နှစ်နှင့် အမျိုးသမီးများအတွက် ၃၅ နှစ်အထိ မြှင့်တင်ထားသေးသည်။ ထိုသို့သော ပညာရှင်များကို သုံးနှစ်အထိ အတင်းအကျပ် စစ်မှုထမ်းစေမည်ဖြစ်ပြီး ၎င်းတို့အားလုံး၏ စစ်မှုထမ်းကာလကို ယခုကဲ့သို့သော အရေးပေါ်အခြေအနေတွင် ငါးနှစ်အထိ တိုးနိုင်သည်။
တုန်လှုပ်စေခြင်း
ထိုကြေညာချက်သည် ရန်ကုန်၊ မန္တလေးမှ အဓိကမြို့ကြီးများ အပါအဝင် မြန်မာနိုင်ငံတဝန်းမှ မိဘများအကြား စိုးရိမ်ပူပန်မှုများနှင့် ကြောက်လန့်မှုများ ဖြစ်စေသည်။ သို့သော် ထိုဒေသများသည် ကျေးလက်ဒေသများနှင့် ယှဉ်လျှင် စစ်သား အတင်းအကျပ် စုဆောင်းမှုနည်းသောဒေသများဖြစ်သည်။
ထိုဥပဒေကို အသက်မသွင်းမီကပင် စစ်ကောင်စီတပ်များသည် အရပ်သားများ၊ အထူးသဖြင့် ကျေးလက်ဒေသမှ ပြည်သူများကို ပေါ်တာအထမ်းသမားနှင့် လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးကြသည်။ မိုင်းကွင်းဟု သံသယရှိသည့် နေရာများနှင့် ချုံခိုတိုက်ခိုက်ခံရနိုင်သည့် နေရာများသို့ စစ်တပ်၏ရှေ့မှလျှောက်ရန် အရပ်သားများကို အသုံးချသည့်ဖြစ်စဉ်များသည် အတင်းအကျပ် စစ်မှုထမ်းစေသည့် ဥပဒေနှင့်ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှုများ ဖြစ်စေသည်။
စစ်ကောင်စီတပ်သည် တနိုင်ငံလုံးမှ တိုင်းနှင့်ပြည်နယ်အချို့ရှိ မြို့နယ်အဆင့်များတွင် ၎င်းတို့ ယခုလုပ်နေသည့်အတိုင်း စိတ်တိုင်းကျ လုပ်နိုင်သည်ဟု လူမှုကွန်ရက်မှ ပြည်သူများက သတိပေးသည်။ အတင်းအကျပ် စစ်မှုထမ်းစေခြင်းသည် ၎င်းတို့သားသမီးများကို ရှေ့တန်းမပို့စေရန် လာဘ်ထိုးလိုသည့် ချမ်းသာသော မိသားစုများထံမှ ငွေညှစ်ရန် စစ်ကောင်စီကို အခွင့်အလမ်းဖြစ်စေသည်ဟုလည်း ပြောသည်။
ထိုဥပဒေကို ကျင့်သုံးခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်ရန်နှင့် နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်ရန် ဖြစ်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီထိန်းချုပ် မီဒီယာများကို ပြောသည်။
စစ်ကောင်စီသည် ဧပြီလတွင် လူသစ် ၅,၀၀၀ ကနဦး စုဆောင်းရန် စီစဉ်ထားသည်ဟု BBC မြန်မာပိုင်းသို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြောသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိပေ။
စစ်ကောင်စီ ချောင်ပိတ်မိနေ
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီသည် အာခံသောပြည်သူများကို ဖိနှိပ်ရန် ကြိုးစားနေသည်။ ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များတွင် အငြင်းပွားဖွယ် ဖမ်းဆီးမှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများ၊ အရပ်သားများကို ကြည်း၊ ရေ၊ လေမှ အကြီးအကျယ် တိုက်ခိုက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် မီးရှို့မှုများ ပါဝင်သည်။
တော်လှန်ရေးကို အသံတိတ်သွားအောင် မလုပ်နိုင်သည့်အပြင် စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်မိစေသည်။
ယခုအခါ မင်းအောင်လှိုင်သည် သူ၏အာဏာအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီး ထောက်ခံမှုကို အတင်းအကျပ်ရယူရန် ကြိုးစားနေရသည်ဟု ဝေဖန်သူများက ပြောသည်။
သူ၏စစ်တပ်သည် သမိုင်းတွင် အကြီးမားဆုံး ထိခိုက်သေဆုံးမှုများကို ခံစားနေရသည်။ တပ်မှ ထွက်ပြေးသူ များပြားသည်။ လူထုထောက်ခံမှု ကင်းမဲ့ခြင်းလည်း မြင့်မားသည်။
သူ၏တပ်အင်အားကို ပြန်လည်ဖြည့်တင်းရန် အတင်းအကျပ် စစ်သားစုဆောင်းရန်လိုသည်။ သို့သော် တချိန်တည်းတွင် သူသည် လူထုထောက်ခံမှု ကျဆင်းနေသည်ဟု ဝေဖန်သူများက ပြောသည်။
အကြမ်းဖက်နိုင်ငံတော်
အတင်းအကျပ် စစ်သားစုဆောင်းမှုများ စတင်နေပြီဆိုသည့်သတင်းများ ယခုအပတ်အတွင်း ထွက်ပေါ်လာသည်။ နိုင်ငံတဝန်းမှ လူငယ်များကို စစ်ကောင်စီကဖမ်းပြီး အချို့ဒေသများတွင် စစ်ကောင်စီတပ်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် အိမ်ထောင်စုစာရင်းများရှိ လူငယ် အမျိုးသား၊ အမျိုးသမီးများကို စာရင်းပြုစုနေသည်ဟု သတင်းများတွင် ဖော်ပြနေသည်။
“ကျမတို့ အခုကြောက်လန့်နေရတယ်။ အိပ်လို့တောင် မပျော်ဘူး” ဟု ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှ ကလေး ခြောက်ဦး၏ မိခင်ကပြောသည်။ သူ၏ ကလေး သုံးဦးသည် အတင်းအကျပ် စစ်သားစုဆောင်းခံရမည့် အသက်အရွယ် ဖြစ်သည်။
ရန်ကုန်နှင့် မန္တလေး ညနေခင်းတွင် ထုံးစံအားဖြင့် စည်ကားသောနေရာများ ယခုအပတ်တွင် သူရဲခြောက်မတတ် ဖြစ်နေသည်။ ဆိုင်များသည် စောစီးစွာ ပိတ်ကြကြောင်းနှင့် ဆိုင်ကယ်တက္ကစီသမားသည်ပင် စစ်တပ်က ဖမ်းဆီးခြင်းကို ရှောင်ရှားရန် မှောင်စပျိုးသည်နှင့် အိမ်သို့ အမြန်ပြန်ကြောင်း ဒေသခံများက ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းမှုများ စတင်နေပြီဆိုသည့်သတင်းများ ယခုအပတ်အတွင်း ထွက်ပေါ်လာသည်။ နိုင်ငံတဝန်းမှ လူငယ်များကို စစ်ကောင်စီကဖမ်းပြီး အချို့ဒေသများတွင် စစ်ကောင်စီတပ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် အိမ်ထောင်စုစာရင်းများမှ လူငယ် အမျိုးသား၊ အမျိုးသမီးများကို စာရင်းပြုစုနေသည်ဟု သတင်းများတွင် ဖော်ပြနေသည်။
ရုံးဝန်ထမ်းတဦးဖြစ်သော သူ၏သားနှင့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသည့်ကျောင်းသားဖြစ်သူ သူ၏မြေးတို့ကို စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းမည်ကို စိုးရိမ်နေရကြောင်း ရန်ကုန်ရှိ စမ်းချောင်းမြို့နယ်မှ အမျိုးသမီးတဦးက ပြောသည်။
“စစ်ကောင်စီတပ်တွေက လူငယ်တွေကို အချိန်မရွေး ဖမ်းနိုင်တယ်။ အခု အိမ်ထဲမှာဖြစ်ဖြစ်၊ အိမ်အပြင်မှာဖြစ်ဖြစ် ဘာမှ မရေရာဘူး” ဟု သူကပြောသည်။
သတ်ဖြတ်ရန် စစ်သားစုဆောင်းခြင်း
စစ်မှုမထမ်းမနေရစနစ်ကို စတင် အသက်သွင်းသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် စစ်ကောင်စီကို အင်အားရှိစေပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေမည့်ဥပဒေဖြစ်ကြောင်း ၂၀၂၁ ခုနှစ်တွင် တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းခဲ့သော ကြည်းတပ်ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
“အတင်းအကျပ် စစ်သား စုဆောင်းခံရတဲ့ လူငယ်တွေကို တော်လှန်ရေးတပ်တွေနဲ့တိုက်ဖို့ ရှေ့တန်းပို့မှာကို ရှောင်လွှဲ မရဘူး” ဟု ၎င်းက ပြောသည်။
လူငယ်များသည် ခက်ခဲသောရွေးချယ်မှုနှင့် ရင်ဆိုင်နေပြီး တော်လှန်ရေးတပ် သို့မဟုတ် စစ်ကောင်စီတပ်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်းလည်း ပြောသည်။
ထိုဥပဒေကို မလိုက်နာသူများသည် ထောင် သုံးနှစ်မှ ငါးနှစ်အထိ ချခံရမည်ဖြစ်သည်။
ထွက်ပေါက် ပျောက်ဆုံးခြင်း
စစ်ကောင်စီတပ်သို့ဝင်ရန် မည်သည့်အရာကမှ သူ့ကို မလုပ်နိုင်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် ထောင် နှစ်နှစ်ချခံခဲ့ရသည့် မအလင်းက ပြောသည်။
“သူတို့သေနတ်နဲ့ သူတို့ကိုပြန်သတ်မယ်” ဟု အတင်းအကျပ် စစ်သားစုဆောင်းခံရပါ လုပ်မည့်အစီအစဉ်ကို သူက ပြောသည်။
ထိုသို့ တွေးခေါ်ခြင်းသည် လက်တွေ့မကျကြောင်း ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။ စစ်ကောင်စီတပ်က စစ်သားစုဆောင်း ခေါ်ယူလာသူများကို မျက်စိဒေါက်ထောက် ကြည့်နေမည်ဟု ရှင်းပြသည်။
သူ၏ မိဘများက အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်ရှားနိုင်ရန် မြန်မာနိုင်ငံမှ အမြန်ဆုံး ထွက်ခွာသွားစေလိုကြောင်းနှင့် ထိုကိစ္စကို စဉ်းစားနေကြောင်း မအလင်းက ပြောသည်။ စစ်မှုမထမ်းမနေရ ကြေညာပြီးနောက် သူငယ်ချင်းတဦးသည် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်တပ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းကပြောသည်။
စိတ်ရှုပ်ထွေးမှု များပြားနေ
ထိုကြေညာချက် ထွက်လာပြီး နာရီအနည်းငယ်ကြာသောအခါ လူမှုကွန်ရက်ဖြစ်သော Facebook တွင် ရေးသားမှုများနှင့် မှတ်ချက်များ ပြည့်နေသည်။
ထိုဥပဒေသည် အိမ်ထောင်ရှိ အမျိုးသမီးများနှင့် ဘုန်းကြီးများကို ကင်းလွတ်ခွင့် ပေးသောကြောင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်ရှားရန် အိမ်ထောင်မရှိသော အမျိုးသမီးများ အမြန် အိမ်ထောင်ပြုရန်နှင့် အမျိုးသားများ သာသနာ့ဘောင်ဝင်ရန် အချို့က အကြံပြုသည်။
ထိုသို့သော အကြံပြုချက်များသည် မှားယွင်းသော မျှော်လင့်ချက်ဖြစ်သည်။ အတင်းအကျပ် စစ်သားစုဆောင်မှုကို ရှောင်ရှားရန် အလျင်အမြန် အိမ်ထောင်ပြုသော အမျိုးသမီးငယ်များသည် ၎င်းတို့၏ ခင်ပွန်းသည်များကို စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းသောကြောင့် ဆုံးရှုံးရမည် ဖြစ်သည်။
သာသနာ့ဘောင်ဝင်ခြင်းသည်လည်း ရွေးချယ်စရာ မဟုတ်ပေ။ အတင်းအကျပ် စစ်မှုထမ်းဥပဒေကို အသက်မသွင်းမီက ဘုန်းကြီးဝတ်ထားသည့် ကာလတခု သတ်မှတ်ပြီး ထိုကင်းလွတ်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ချက် လုပ်နိုင်သည်။
သို့တိုင် လူငယ်များက ၎င်းတို့သည် မြန်မာနိုင်ငံကို ရက်စက်ကြမ်းကြုတ်နေသော စစ်ကောင်စီတပ်သို့ ဝင်ရောက်မည့်အစား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းမည်၊ လွတ်မြောက်ဒေသ သို့မဟုတ် အခြားနိုင်ငံများသို့ ထွက်ပြေးမည်ဟု လူမှုကွန်ရက်တွင် ပြောနေကြသည်။
စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းမှုသည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်ပြီး လူငယ်အများအပြားကို စစ်ကောင်စီဆန့်ကျင်သည့် PDFs နှင့် အခြား လက်နက်ကိုင်အဖွဲ့အစည်းများသို့ ဆန္ဒအရ ဝင်ရောက်စေနိုင်ကြောင်း လေ့လာသူအချို့က ပြောသည်။
စစ်သားသစ်စုဆောင်းရေး လှုပ်ရှားမှု
အတင်းအကျပ် စစ်သားစုဆောင်းရေး ကြေညာချက်နောက်ပိုင်းတွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အများအပြားက ထိုသတင်းကို ကြိုဆိုကြောင်း၊ ဆန္ဒအရ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလာမည် ဖြစ်ကြောင်း ပြောသည်။
အတင်းအကျပ် စစ်မှုထမ်းခိုင်းသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြေညာပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လူသစ်များကို ဖိတ်ခေါ်ပြီးနောက် ၁၂ နာရီအတွင်း လူထောင်ပေါင်းများစွာ လျှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ရန်ကုန် စစ်ဌာနချုပ်က ပြောသည်။
သို့တိုင် လူငယ်များက ၎င်းတို့သည် မြန်မာနိုင်ငံကို ရက်စက်ကြမ်းကြုတ်နေသော စစ်ကောင်စီတပ်သို့ ဝင်ရောက်မည့်အစား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းမည်၊ လွတ်မြောက်ဒေသ သို့မဟုတ် အခြားနိုင်ငံများသို့ ထွက်ပြေးမည်ဟု လူမှုကွန်ရက်တွင် ပြောနေကြသည်။
လူငယ်များ၏ မိဘ၊ အုပ်ထိန်းသူများနှင့် လူငယ်များ၏ တုံ့ပြန်မှုကို ရှင်းလင်းစွာ တွေ့မြင်ကြားသိရမည်ဟု ရန်ကုန်တွင် လျှပ်တပြက် ဆန္ဒပြပွဲများ ပြုလုပ်နေသည့် စစ်ကောင်စီဆန့်ကျင်ရေး မြေအောက် လူငယ်အဖွဲ့အစည်းဖြစ်သော ရေဘဝဲအဖွဲ့ခေါင်းဆောင် ရေဘဝဲက ပြောသည်။
မည်သူမှ အကြမ်းဖက် စစ်ကောင်စီတပ်တွင် လူသားဒိုင်းအဖြစ် အသုံးချခြင်းကို လက်ခံမည် မဟုတ်သည်မှာ သေချာကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီသည် တရားမဝင်သောကြောင့် ထိုဥပဒေကို သုံးရန် အခွင့်အာဏာ မရှိကြောင်း NUG ပြောခွင့်ရသူ ဦးကျော်ဇောက ပြောသည်။ စစ်တပ်သည် မြန်မာ့သမိုင်းတွင် အပြင်းထန်ဆုံး ဆုံးရှုံးမှုများ ခံစားနေရသောကြောင့် အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် ပြည်သူများကို အသုံးချရန် ကြိုးစားနေကြောင်း ရှင်းပြသည်။
ယင်းကို တားဆီးရန် တခုတည်းသောနည်းလမ်းမှာ စစ်ကောင်စီကို အမြစ်ဖြတ် သုတ်သင်ရန်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မှသာ ပြည်သူများ လွတ်မြောက်မည်ဖြစ်ကြောင်း ရှင်းပြပြီး နွေဦးတော်လှန်ရေးကို အမြန်ဆုံး တတ်နိုင်သမျှ ထောက်ခံကြရန်လည်း ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို အကောင်အထည်ဖော်သည့် လူနှင့်အဖွဲ့အစည်းများကို ပြင်းထန်စွာ အရေးယူရန် ကြိုးစားမည်ဖြစ်ကြောင်း အရပ်သားအစိုးရနှင့် မဟာမိတ်တပ်များက ပြောသည်ဟု ဦးကျော်ဇောက ပြောသည်။
အာခံမှု
အခြားမိသားစုများမှ လူငယ်များကို အတင်းအကျပ် စစ်သား မစုဆောင်းဘဲ စစ်ကောင်စီ ဗိုလ်ချုပ်များသည် ၎င်းတို့သားသမီးများနှင့် စစ်တပ်ထောက်ခံသူများကို ရှေ့တန်းသို့ ပို့မည်လားဟု လူမှုကွန်ရက် အသုံးပြုသူများက မေးနေကြသည်။
“သူတို့ စစ်သားတွေတောင်မှ မတိုက်ချင်တော့ဘဲ ထွက်ပြေးနေကြတယ်။ ဒါပေမယ့် အခုကျတော့ လူငယ်တွေကို သူတို့အတွက် သေပေးအောင် အတင်းအကျပ်လုပ်ဖို့ ကြံစည်နေကြတယ်” ဟု လူမှုကွန်ရက် ပို့စ်တခုက ရေးသားသည်။
အခြားမိသားစုများမှ လူငယ်များကို အတင်းအကျပ် စစ်သား မစုဆောင်းဘဲ စစ်ကောင်စီ ဗိုလ်ချုပ်များသည် ၎င်းတို့သား သမီးများနှင့် စစ်တပ်ထောက်ခံသူများကို ရှေ့တန်းသို့ ပို့မည်လားဟု လူမှုကွန်ရက် အသုံးပြုသူများက မေးနေကြသည်။
အချို့က ၎င်းတို့ ကိုယ်ရေးအချက်အလက်များဖြင့် ၎င်းတို့သည် မင်းအောင်လှိုင် စစ်တပ် အာဏာတည်မြဲရေးအတွက် တိုက်ခိုက်မည် မဟုတ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားကြသည်။
“ကျုပ်တို့က သူတို့ဆီမှာ တာဝန်ထမ်းဆောင်မှာ မဟုတ်သလို ကိုယ့်ပြည်သူကိုယ် သတ်မှာမဟုတ်ဘူး” ဟု လူမှုကွန်ရက် အသုံးပြုသူတဦးက ရေးသားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Military Conscription Sparks Furious Backlash in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
NUG နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က စစ်သားစုဆောင်းမှု ဥပဒေကို ရှုတ်ချ
စစ်မှုထမ်းဥပဒေကို မည်သည့်အတွက် ယခုမှ အကောင်အထည် ထဖော်သနည်း
ကိုယ့်သင်္ချိုင်းကိုယ်တူးတဲ့ ဗိုလ်ချုပ်များ
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်