မြန်မာစစ်ကောင်စီက သိမ်းကျုံး စစ်သားစုဆောင်းမှုသည် လူမှုကွန်ရက် ဆန့်ကျင်မှုများနှင့် တော်လှန်ရေး အင်အားစုများအပေါ် လူထုထောက်ခံမှုများ ဖြစ်စေသည်။ ထိုလုပ်ရပ်သည် မကြာသေးမီလများအတွင်း ဆုံးရှုံးမှုများနှင့် တပ်ပြေးမှုများ ရင်ဆိုင်ရသော စစ်တပ်အတွက် အချိုးအကွေ့ ဖြစ်သည်။
စစ်ကောင်စီက ၎င်းတို့သည် ကာလကြာမြင့်စွာ ပြဋ္ဌာန်းထားသော စစ်မှုမထမ်းမနေရ ဥပဒေကို ချက်ချင်း စတင် ကျင့်သုံးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုဥပဒေအရ လူငယ်များသည် စစ်တပ်တွက် အနည်းဆုံး နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရန် လိုအပ်ပြီး အရေးပေါ်အခြေအနေတွင် ထိုစစ်မှုထမ်းသက်ကို ငါးနှစ်အထိ တိုးမြှင့်နိုင်သည်။
ပညာရှင်ဟု သတ်မှတ်သည့် ဆရာဝန်များနှင့် နည်းပညာရှင်များအတွက် အနည်းဆုံး စစ်မှုထမ်းသက်သည် သုံးနှစ်ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည့် အချိန်မှစတင်ပြီး မြန်မာသည် အရေးပေါ် အုပ်ချုပ်ရေးအောက် ကျရောက်နေသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အနည်းငယ်သာ သိရသော်လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်သားစုဆောင်းမှုကို ဧပြီလတွင် ပထမဆုံးအသုတ် လူ ၅,၀၀၀ ဖြင့် စတင်မည်ဖြစ်ကြောင်း BBC သတင်းဌာနသို့ ပြောသည်။ စစ်သားစုဆောင်းရာတွင် ကျယ်ပြန့်သောကဏ္ဍများ ပါဝင်မည်ဆိုသည့် အရိပ်အယောင်အဖြစ် သူက စစ်တပ်သည် “တိုက်ခိုက်ရေးသမားများအပြင် ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲသူများ၊ စီးပွားရေးပညာရှင်များနှင့် သတင်းသမားများကိုလည်း လိုအပ်သည်” ဟု ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို အကောင်အထည်ဖော်ခြင်းသည် အတိုက်အခံ အင်အားစုများ စစ်သားရရှိရေးကို အားပေးပြီး စစ်တပ်အတွင်း စိမ့်ဝင်မည့် အခွင့်အလမ်းများ ဖန်တီးပေးကာ ဒုက္ခသည် စီးထွက်မှုများကိုသာ ဖြစ်စေနိုင်သည်ဟု ဒတ်ချ် သံအမတ်ဟောင်းနှင့် လွတ်လပ်သော သံတမန်ရေး သုတေသီ လက်တီတီယာ ဗန် ဒန် အက်ဆမ်က ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို အကောင်အထည်ဖော်ခြင်းသည် အတိုက်အခံ အင်အားစုများ စစ်သားရရှိရေးကို အားပေးပြီး စစ်တပ်အတွင်း စိမ့်ဝင်မည့် အခွင့်အလမ်းများ ဖန်တီးပေးကာ ဒုက္ခသည် စီးထွက်မှုများကိုသာ ဖြစ်စေနိုင်သည်ဟု ဒတ်ချ် သံအမတ်ဟောင်းနှင့် လွတ်လပ်သော သံတမန်ရေး သုတေသီ လက်တီတီယာ ဗန် ဒန် အက်ဆမ်က ပြောသည်။
Nikkei Asia က မြန်မာမှ လူ ၃၀ ကျော်နှင့် တွေ့ဆုံမေးမြန်းမှု၊ အလားအလာရှိသော စစ်သားစုဆောင်းခံရနိုင်သူများရေးသည့် လူမှုကွန်ရက်ပို့စ် ၁၀၀ ခန့်ကို လေ့လာမှုအရ အတင်းအကျပ် စစ်သားစုဆောင်းမှု ကြေညာချက်အပေါ် တုန့်ပြန်မှုများသည် ဆန့်ကျင်ဘက် သဘောဆောင်သည်။ ထိုဥပဒေကို လိုက်နာမည် ဆိုသည့်သူများကပင် ဆန့်ကျင်ဘက် သဘောဆောင်နေသည်။ ထိုသို့အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို အညံ့ခံမည့်အစား နိုင်ငံမှ ထွက်ပြေးရန် သို့မဟုတ် တော်လှန်ရေးတပ်များနှင့် ပူးပေါင်းရန် စဉ်းစားမည်ဟု အများအပြားက ဖြေကြသည်။
အိမ်ထောင်သည်အဖြစ် ကင်းလွတ်ခွင့်ရရေးအတွက် အလျင်အမြန် အိမ်ထောင်ပြုမည်ဟု အိမ်ထောင် မရှိသေးသည့် အမျိုးသမီး အများအပြားက ပြောသလို မသန်စွမ်းသူအဖြစ် သတ်မှတ်ခံရရေးအတွက် ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင်လုပ်မည်ဟု ဖြေသည့် အခြားသူများလည်း ရှိနေသည်။ အမျိုးသားများအတွက် အခြားရွေးစရာများတွင် ဘုန်းကြီးဝတ်ခြင်း၊ နိုင်ငံမှ ထွက်ပြေးခြင်းနှင့် လာဘ်ပေးရမည့်သူကို လာဘ်ပေးခြင်းတို့ ပါဝင်ကြောင်း ရန်ကုန်အခြေစိုက် လွတ်လပ်သော သုတေသီက ပြောသည်။
“ပေးစရာရှိတာ ပေးလိုက်မယ်လို့ မိတ်ဆွေတွေက ပြောတယ်။ ဒါက စစ်မှုထမ်းခြင်းကို ရှောင်ရှားဖို့ ငွေကြေးတတ်နိုင်တဲ့ လူလတ်တန်းစားတွေကြားမှာ အဓိကအမြင်ဖြစ်တယ်။ ဒါပေမယ့် ငွေကြေးပေးဖို့ မတတ်နိုင်သူတွေကတော့ ပိုမို အစွန်းရောက်တဲ့ ဖြေရှင်းမှုတွေကို အားကိုးရတယ်။ လျှို့ဝှက်ကွန်ရက်တွေကနေ ပြည်ပထွက်ခွာဖို့၊ ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် လုပ်ဖို့နဲ့ ဘုန်းကြီးဝတ်ဖို့တောင်မှ စဉ်းစားတာ ပါတယ်” ဟု ၎င်းကပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းပါက အမိန့်ကို လိုက်နာချင်မှ လိုက်နာမည်ဟု Nikkei Asia က မေးမြန်းခဲ့သူ ၁၀ ရာခိုင်နှုန်းသာ ဖြေသော်လည်း အားလုံးက ထိုဥပဒေကို မလိုက်နာပါက ဖြစ်လာမည့် ထောင် ငါးနှစ်နှင့် ဒဏ်ငွေ အပါအဝင် ဒေါသနှင့် စိုးရိမ်ပူပန်မှုများ ဖော်ပြကြသည်။
“သူတို့က ကျနော့်ကို အတင်းအကျပ် စစ်သားစုဆောင်းရင် ကျနော့်မှာ သူတို့ကို ပေးစရာငွေ မရှိတာရယ်၊ ပြေးစရာမြေ မရှိတာရယ်ကြောင့် လိုက်နာရတော့မယ်။ ဒါပေမယ့် စစ်တပ်ထဲကနေ သတင်းပေးအဖြစ် တော်လှန်ရေးကို ကူညီမယ်” ဟု ကုမ္ပဏီဝန်ထမ်းနှင့် ဘားတွင် အချိန်ပိုင်း ဝန်ထမ်းလုပ်ကိုင်သူ ကိုမှိုင်းဝေက ပြောသည်။ “လူငယ် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ရင်ဆိုင်ခိုင်းရင် ကိုယ့်ကိုယ်ကို ဗုံးခွဲသတ်သေမယ်” ဟု သူကပြောသည်။
စစ်တပ်သို့ ဝင်ကောင်းဝင်မည် ဖြစ်သော်လည်း ထိုအခါ ဘက်ပြောင်းမည်ဟု ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဆက်မတက်ဘဲ ပုဂ္ဂလိကပညာရေးကို အွန်လိုင်းမှ လေ့လာနေသူ အသက် ၂၀ အရွယ် ကျောင်းသား ဂျေက ပြောသည်။
“ကျနော်တို့အားလုံး လမ်းပျောက်နေပြီ။ ကျနော့်ကို အတင်းအကျပ် စစ်သားစုဆောင်းရင် CDM ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ဆက်သွယ်ပြီး ဘက်ပြောင်းဖို့ ကြိုးစားမယ်”
“အွန်လိုင်းသင်တန်းက ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို ဖုန်းဆက်ပြောတယ်။ ကျနော်တို့အားလုံး လမ်းပျောက်နေပြီ။ ကျနော့်ကို အတင်းအကျပ် စစ်သားစုဆောင်းရင် CDM ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ဆက်သွယ်ပြီး ဘက်ပြောင်းဖို့ ကြိုးစားမယ်” ဟု ၎င်းကပြောသည်။
သူ့ကို အတင်းအကျပ် စစ်သားစုဆောင်းပါက စစ်တပ်သို့ဝင်မည့်အစား လက်ချောင်းအနည်းငယ် ဖြတ်ပစ်မည်ဟု ရန်ကုန်တွင် ငါးရောင်းသည့် အခြားသူ အမျိုးသားတဦးက ပြောသည်။
ပြည်တွင်းပြည်ပ စီးပွားရေးသမား အများအပြားက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုနှင့် ဝန်ထမ်းများ စိတ်ဓာတ်ကို ထိခိုက်စေမည်ကို စိုးရိမ်ကြောင်း ဖော်ပြသော်လည်း အချို့က ထိုသို့ အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် ကနဦးတွင် ရန်ကုန်ပြင်ပသို့သာ အာရုံစိုက်မည်ထင်ကြောင်း ပြောသည်။
“ကျနော်တို့ဝန်ထမ်းတွေ အရမ်းကြောက်နေပြီး တချို့က ပြည်ပထွက်မလား ဒါမှမဟုတ် ဘွဲ့လွန်တက်မလား ဒါမှမဟုတ် တော်လှန်ရေးတပ်ထဲ ဝင်မလား ဆိုတာတွေ အပါအဝင် နည်းလမ်းတွေ စဉ်းစားနေကြတယ်” ဟု မြန်မာအခြေစိုက် အမှုဆောင်တဦးက ပြောသည်။ “ဒါပေမယ့် စစ်ကောင်စီက ကနဦးမှာ ရန်ကုန်ရုံးဝန်ထမ်းတွေကို အာရုံစိုက်မယ့်ပုံ မရဘူး။ ဝမ်းနည်းစရာ ကောင်းတာက စစ်ကောင်စီဟာ မြို့ငယ်လေးတွေနဲ့ လွတ်မြောက်အောင် ငွေကြေး မတတ်နိုင်သူတွေကို အာရုံစိုက်မှာပဲ” ဟု ၎င်းကပြောသည်။
ခြုံ၍ပြောရပါက အတင်းအကျပ် စစ်သားစုဆောင်းသည့်အမိန့်က စစ်ကောင်စီသည် မျှော်လင့်ချက် ကင်းမဲ့နေကြောင်း၊ အထူးသဖြင့် တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်များကို အောက်တိုဘာလ နှောင်းပိုင်းက အကြီးအကျယ်တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် မျှော်လင့်ချက် ကင်းမဲ့နေကြောင်း မီးမောင်းထိုးပြနေသည်ဟု ဝေဖန်သူများက ပြောသည်။
သို့သော် စစ်တပ်၏ အားထုတ်မှုများသည် ထိရောက်မှု အနည်းငယ်သာရှိမည်ဟု လွတ်လပ်သော နိုင်ငံရေး သုတေသီ အက်ဒရီယန် ရိုဗယ်က ပြောသည်။ “ဒီလိုလုပ်လို့ စစ်တပ်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ မထင်ဘူး။ စစ်ကောင်စီ လိုအပ်နေတာက မာကျောပြီး စိတ်ဓာတ်တက်ကြွတဲ့ တိုက်ခိုက်ရေးတပ်တွေပဲ။ အတင်းအကျပ် စုဆောင်း၊ ရက်သတ္တပတ်အနည်းငယ် လေ့ကျင့်ပေးပြီး စနစ်ကျတဲ့ ထောက်ကူ ကွပ်ကဲမှု မရှိဘဲ အမြောက်စာအဖြစ် စေလွှတ်လိုက်တဲ့ လူတစုကို လိုအပ်နေတာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
“စစ်တပ်က အရပ်သားတွေ၊ အဓိကအားဖြင့် ကျေးရွာသားတွေကို ပြည်သူ့စစ်အဖြစ် အတင်းအကျပ် စစ်သားစုဆောင်းတာကို ကျနော်တို့ အများကြီး တွေ့ဖူးပြီး တိုင်းရင်းသား လက်နက်ကိုင်တွေလည်း အဲဒီလို နည်းလမ်းတွေ သုံးတယ်လို့ စွပ်စွဲခံရတယ်။ အခုတခါ မတူညီတာက အဲဒီလိုရမ်းကားတဲ့ စစ်သားစုဆောင်းနည်းအတွက် ဥပဒေမူဘောင် ချပေးလိုက်တာပဲ”
“စစ်တပ်က အရပ်သားတွေ၊ အဓိကအားဖြင့် ကျေးရွာသားတွေကို ပြည်သူ့စစ်အဖြစ် အတင်းအကျပ် စစ်သားစုဆောင်းတာကို ကျနော်တို့ အများကြီး တွေ့ဖူးပြီး တိုင်းရင်းသား လက်နက်ကိုင်တွေလည်း အဲဒီလို နည်းလမ်းတွေ သုံးတယ်လို့ စွပ်စွဲခံရတယ်။ အခုတခါ မတူညီတာက အဲဒီလိုရမ်းကားတဲ့ စစ်သားစုဆောင်းနည်းအတွက် ဥပဒေမူဘောင် ချပေးလိုက်တာပဲ” ဟုလည်း ၎င်းကပြောသည်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် တပ်ပြေးခြင်း၊ ထိခိုက်သေဆုံးခြင်းနှင့် တော်လှန်ရေးဘက်သို့ ပြောင်းသွားခြင်းတို့အကြား ပဋိပက္ခဒေသများတွင် အခြေအနေ ယိုယွင်းလာနေသည်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းမြို့ ၃၅ မြို့ခန့် တော်လှန်ရေး အင်အားစုများလက်သို့ ကျရောက်သွားသည်။
စစ်ကောင်စီတပ်အတွက် အထူး ဂုဏ်သိက္ခာ ကျဆင်းရသည့်ကိစ္စမှာ လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့် စစ်ကောင်စီစစ်သား ထောင်ပေါင်းများစွာ တော်လှန်ရေး အင်အားစုများထံ လက်နက်ချမှု၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်သို့ ထွက်ပြေးသည့်ပုံများပင် ဖြစ်သည်။
အတင်းအကျပ် စစ်သားစုဆောင်းမှု ကနဦးကြေညာချက်တွင် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူအားလုံး ပါဝင်သော အမျိုးသား စစ်မှုထမ်းစနစ်သည် နိုင်ငံ၏အခြေအနေအရ အရေးပါကြောင်းနှင့် အားလုံး၏ တာဝန်ဖြစ်ကြောင်း ပြောသည်။
၂၀၁၀ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် စစ်တပ်တွင် နှစ်နှစ် အမှုထမ်းရန်လိုပြီး အရေးပေါ်အခြေအနေတွင် စစ်မှုထမ်းကာလကို ငါးနှစ်အထိ တိုးချဲ့နိုင်သည်။ ပညာရပ် သို့မဟုတ် အသက်မွေးဝမ်းကြောင်း ပညာတတ်သူများအတွက် အသက်ကန့်သတ်ချက်သည် ပိုမိုမြင့်မားပြီး အမျိုးသားများသည် အသက် ၄၅ နှစ်အထိ အကျုံးဝင်ကာ အမျိုးသမီးများသည် အသက် ၃၅ နှစ်အထိ အကျုံးဝင်ပြီး စစ်မှုထမ်းကာလမှ သုံးနှစ်ဖြစ်ကာ ငါးနှစ်အထိ တိုးချဲ့နိုင်သည်။
အတင်းအကျပ် စစ်မှုထမ်း ကင်းလွတ်ခွင့်များတွင် အစိုးရဝန်ထမ်းများ၊ ကျောင်းသားများ၊ သက်ကြီးရွယ်အို မိဘကို စောင့်ရှောက်နေသူများ၊ ပြန်လည်ထူထောင်ရေး လုပ်နေသည့် မူးယစ်ဆေးစွဲသူများ၊ ဆေးကုသမှု ခံယူနေသူများနှင့် ထောင်ကျနေသူများအတွက် ယာယီဆိုင်းငံ့ခြင်း ပါဝင်သည်။ သို့သော် ၎င်းတို့သည်လည်း ထိုသို့ ရွှေ့ဆိုင်းပြီးသောအခါ အသက်သတ်မှတ်ချက် ကျော်လွန်နေစေကာမူ နောက်ဆုံးတွင် သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းရမည်ဖြစ်သည်ဟု ထိုဥပဒေက ဖော်ပြသည်။
အမြဲတမ်း ကင်းလွတ်ခွင့်များတွင် သာသနာ့ဘောင်မှ ပုဂ္ဂိုလ်များ၊ အိမ်ထောင်ရှင် အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ စစ်မှုထမ်းရန် အမြဲတမ်း မသင့်ဟု စစ်တပ်ဆေးစစ်အဖွဲ့က ကြေညာထားသူများနှင့် အတင်းအကျပ် စစ်မှုထမ်းရေးအဖွဲ့က ကင်းလွတ်ခွင့်ပြုသူများ ပါဝင်သည်။
ကင်းလွတ်ခွင့်ရသူများတွင် “စစ်သားစုဆောင်းရေးအဖွဲ့က ကင်းလွတ်ခွင့်ပြုသူများ” ဆိုသည့် စကားရပ် ပါဝင်သောကြောင့် လွယ်ကူသော ထွက်ပေါက်တခုကို ဖော်ပြနေသည်။ “ဒါက အာဏာပိုင်တွေကို ဝယ်ဖို့ ငွေ သို့မဟုတ် သြဇာ လုံလုံလောက်လောက် ရှိသူတွေအတွက် ထွက်ပေါက်ပေးထားတဲ့ စကားရပ်ဖြစ်တယ်”
ထိုဥပဒေသစ်များသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ မြန်မာလွတ်လပ်ရေးရပြီးနောက်ပိုင်း မည်သည့် စစ်သားစုဆောင်းရေး မူဝါဒထက်မဆို ပိုမိုဆိုးရွားကြောင်း ဝေဖန်သူများက ပြောသည်။ ထိုသို့ ဆိုသော်လည်း ကင်းလွတ်ခွင့်ရသူများတွင် “စစ်သားစုဆောင်းရေးအဖွဲ့က ကင်းလွတ်ခွင့်ပြုသူများ” ဆိုသည့် စကားရပ် ပါဝင်သောကြောင့် လွယ်ကူသော ထွက်ပေါက်တခုကို ဖော်ပြနေသည်။
“ဒါက အာဏာပိုင်တွေကို ဝယ်ဖို့ ငွေ သို့မဟုတ် သြဇာ လုံလုံလောက်လောက် ရှိသူတွေအတွက် ထွက်ပေါက်ပေးထားတဲ့ စကားရပ်ဖြစ်တယ်” ဟု ရန်ကုန်အခြေစိုက် သံတမန်တဦးက ပြောသည်။
နိုင်ငံသားများကို တဦးနှင့် တဦး ပြန်လည်တိုက်ခိုက်စေမည့် ထိုအတင်းအကျပ် စစ်သားစုဆောင်းရေး အမိန့်ကြောင့် ဖြစ်လာနိုင်သည့် စိတ်ဝမ်းကွဲမည့် သက်ရောက်မှုကိုလည်း သုတေသီများက သတိပေးသည်။ ယခုအချိန်သည် စစ်ကောင်စီအတွက် စစ်မှုထမ်းမည်လား၊ တော်လှန်ရေး တပ်မတော်အတွက် အမှုထမ်းမည်လားဟု ရွေးချယ်ရမည့်အချိန်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုတခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) က Facebook ပို့စ်တခုတွင် ရေးသည်။
ယခုအခါ စစ်ကောင်စီသည် ကနဦး စစ်သားစုဆောင်းမည့် အချိန်ကာလကို ရှင်းလင်းပြောကြားခဲ့သော်လည်း မလေ့ကျင့်ရသေးသည့် နိုင်ငံသားများကို လက်နက်ပေးအပ်မည် သို့မဟုတ် အရေးပါသော တိုက်ခိုက်ရေးတာဝန် ပေးမည်ဆိုသည့်အချက်သည် သံသယဖြစ်စရာကောင်းကြောင်း အထက်ပါ သံတမန်က ပြောသည်။ “လေ့ကျင့်မပေးဘဲ အတင်းအကျပ် စုဆောင်းထားသူတွေကို အရင်စစ်အုပ်စုတွေ သုံးခဲ့သလို ပေါ်တာအထမ်းသမား၊ လူသားဒိုင်းနဲ့ မိုင်းရှင်းသမားအဖြစ် အခြေခံအကူအညီ အခန်းကဏ္ဍ ပေးနိုင်တယ်” ဟု ၎င်းကပြောသည်။
“သေနတ်ကိုင်ထားတဲ့သူတွေ လက်ပ်တော့ကွန်ပြူတာ ကိုင်စေချင်တယ်လို့ (သမ္မတဟောင်း) ဦးသိန်းစိန် တခါက ပြောခဲ့ပေမယ့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်။ စစ်တပ်က သူတို့ရဲ့ သားသမီးတွေနဲ့ လူချမ်းသာတွေရဲ့ သားသမီးတွေကိုလည်း စစ်တပ်အတွက် တိုက်ခိုင်းမှာလားလို့ ကျနော်မေးချင်တယ်”
“လွန်ခဲ့တဲ့ ဆယ်စုနှစ် ခုနစ်ခုလုံး လုပ်ခဲ့သလိုပဲ သူတို့က အရပ်သားတွေကို လူသားဒိုင်းတွေ၊ အထမ်းသမားတွေအဖြစ် သုံးမယ်လို့ ကျမတို့ သိနေတယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် စစ်တပ်မှ ဘက်ပြောင်းလာသူများကို ထောက်ပံ့သည့် ပြည်သူ့ပန်းတိုင်အဖွဲ့ကို ပူးတွဲ တည်ထောင်သူ သဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။ “ဒါပေမယ့် ဒီနေ့မှာ စစ်တပ်ဟာ တိုင်းရင်းသားတွေကိုသာမက သူတို့ ဗမာလူမျိုးစုကိုပါ ရန်သူအဖြစ် သတ်မှတ်ပြီး နေရာတိုင်းမှာ ရှေ့တန်းစစ်မျက်နှာတွေ ပေါ်လာပြီး စစ်တပ်က အားအင်ကုန်ခန်းနေတယ်” ဟု ပြောသည်။
နောက်ဆုံးအချိန် မရောက်မီ စစ်သားစုဆောင်းရေး ဥပဒေနှင့် ပတ်သက်ပြီး ဖြေရမည့် အရေးပေါ် မေးခွန်းများရှိသည်ဟု ကိုမှိုင်းဝေက ပြောသည်။
“သေနတ်ကိုင်ထားတဲ့သူတွေ လက်ပ်တော့ကွန်ပြူတာ ကိုင်စေချင်တယ်လို့ (သမ္မတဟောင်း) ဦးသိန်းစိန် တခါက ပြောခဲ့ပေမယ့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်။ စစ်တပ်က သူတို့ရဲ့ သားသမီးတွေနဲ့ လူချမ်းသာတွေရဲ့ သားသမီးတွေကိုလည်း စစ်တပ်အတွက် တိုက်ခိုင်းမှာလားလို့ ကျနော်မေးချင်တယ်” ဟု ၎င်းကပြောသည်။
(Nikkei Asia ပါ Gwen Robinson နှင့် အောင်နိုင်စိုးတို့၏ ‘I’d rather cut off a few fingers’: Myanmar’s draft fuels popular backlash ကို ဘာသာပြန်သည်။)
You may also like these stories:
အပြင်းအထန် ဆန့်ကျင်ခံနေရသည့် အတင်းအကျပ် စစ်သားစုဆောင်းမှု
NUG နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က စစ်သားစုဆောင်းမှု ဥပဒေကို ရှုတ်ချ
စစ်မှုထမ်းဥပဒေကို မည်သည့်အတွက် ယခုမှ အကောင်အထည် ထဖော်သနည်း
ကိုယ့်သင်္ချိုင်းကိုယ်တူးတဲ့ ဗိုလ်ချုပ်များ
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်