ကျမ လေ့လာမိသလောက် မိန်းမ အများစုဟာ ဈေးဝယ်ထွက် ဝါသနာ ပါတတ်ကြတယ်။ ဈေးတကာမှာ စည်စည်ကားကား တိုးဝှေ့နေကြတာလည်း မိန်းမတွေပဲ မဟုတ်လား။
အဲသည်လို ဈေးဝယ်တာ နှစ်ပိုင်း ရှိပါတယ်။
တချို့က ကိုယ့်တကိုယ်စာ အတွက် အာရုံထားပြီး လောဘ ရှေ့ထား အတောမသတ် ဝယ်ကြတော့တာ၊ နောက် အမျိုးအစားကတော့ တာဝန် သိတတ်တဲ့ အိမ်ရှင်မတွေ၊ ကိုယ့်မိသားစု (အထူးသဖြင့် သားတွေ၊ သမီးတွေ) လိုအပ်တာတွေကို ဖြည့်ဖို့ ထောင့်စေ့စေ့ ဝယ်ရခြမ်းရတာ၊ ခေါင်းနဲ့ ဆိုင်တဲ့ ခေါင်းလိမ်းဆီ၊ ကလစ်၊ ဖဲကြိုးက စလို့ ခြေထောက် အတွက် ဖိနပ် အထိပေါ့။
မိန်းမတွေ ဈေးဝယ် အနေနဲ့ရယ် နောက် ဈေးသည် အနေနဲ့ အခန်းကဏ္ဍ နှစ်ပိုင်း ရှိပါတယ်။
ဈေးဝယ် အနေနဲ့ ကျမ ကြုံဖူးတာလေးတွေ ဖောက်သည် ချရဦးမယ်။ မိန်းမတွေ စိတ်ဆင်းရဲနေတဲ့ အခါ စိတ်သက်သာရအောင် ဈေးဝယ်တတ်တာမျိုးလည်း ရှိတယ်။
ဒါကို သတိမထားမိဘဲ (ကိုယ့်ကိုယ်ကိုယ် မသိဘဲ) ဝယ်တဲ့အခါမှာ မလိုချင်တာတွေ၊ ဈေးကြီးတာတွေ၊ အသုံးမတဲ့တာတွေ ဈေးဝယ်မိတတ်ကြတယ်။
ကိုယ့်အကြောင်း ကိုယ်သတိထားမိရင်တော့ ဒီလိုအချိန်တွေမှာ တကယ် လိုအပ်တာ ဖြစ်ဖြစ်၊ အပိုသက်သက် ဝယ်တာ ဆိုရင်လည်း ဈေးမများတာ ဖြစ်ဖြစ် (ဆိုပါစို့၊ ခေါင်းတပ် ကလစ် လှလှလေးတွေ လေးငါးခု ဝယ်လိုက်ရင် ပျော်စရာပေါ့။)
အဲလို ဆိုရင်တော့ ဝယ်တာတွေ အလဟဿလည်း မဖြစ်၊ စိတ်လည်း သက်သာရတာပေါ့။
ကျမ သူငယ်ချင်း တယောက်ဟာ ငယ်ငယ်က ချို့တဲ့တယ်၊ မိဘကလည်း စည်းကမ်း ကြီးတော့ လက်လွတ်စပယ် ဈေး လျှောက်မဝယ်စေခဲ့ဘူး။
သူတို့ နေတာကလည်း ဗိုလ်ချုပ်ဈေးနားမှာ၊ ကျောင်းသွား ကျောင်းပြန် အမြဲ ဖြတ်နေရတာ။ သူကြီးလာတော့ ချမ်းသာတဲ့ ဆရာဝန်နဲ့ ရတယ်။ သူလည်း ဆရာဝန်ပဲ။
မနက် ဆေးခန်း ထိုင်ပြီးရင် နေ့တိုင်း ဗိုလ်ချုပ်ဈေး ဝင်ပြီး ဈေးဝယ်တာ အကျင့်ပါပြီး မဖြစ်မနေ ဈေးဝယ်သူ ဖြစ်သွားပါလေရော။
ပါတိတ်ဆို ဗီရို နှစ်လုံးလောက်။ ခေါက်ထီးဆို ၁၅ လက်လောက်၊ ပေးပစ်၊ လွှင့်ပစ်လည်း မလုပ်ဘူး။ သိမ်းသိမ်းထားတာ။ သူ့အိမ်မှာ ပစ္စည်းတွေ လျှံနေတာပဲ။
နှုတ်ခမ်းနီ ဆေးတောင့်က ခြင်းတလုံးစာ မကဘူး။ သူလည်း သိပ်ဆိုးတာ မဟုတ်ဘူး။ ရှာတဲ့ငွေလည်း ဘယ်လောက်တော့ မလဲ။
သူအမေရိကား ထွက်သွားတာ ၅ နှစ်လောက် ရှိပြီ။ ဟိုမှာက ဈေးဝယ်တာကို မြှူဆွယ်တဲ့ စနစ်တွေ များပါဘိ။ ဘယ်လိုများ ဖြစ်နေမလဲ။ ရင် မ နေရတယ်။ အဲဒါ ဆိုက်ကို (Psycho) ပါပဲ။
ဈေးဝယ်တာ သူများကို ပြိုင်ပြီး ဝယ်တာ ရှိသေးတယ်။ ပြီးတော့ ဆန်းတာနဲ့ ခါးပေါ် တင်ရမှ။ ဒီအမျိုးအစား နှစ်မျိုးကတော့ ကိုယ်ပိုင် အရည်အချင်း မရှိတဲ့ မိန်းမတွေရဲ့ အလေ့အထပါပဲ။
မိန်းမတယောက်ဟာ တော်တာ၊ လှတာ မဟုတ်ရင် ရုပ်ဝတ္ထု ပစ္စည်း (Material Things) နဲ့ ဖြည့်ရင်း သူတို့ရဲ့ မပြည့်တဲ့ ဘောင်ဘင်ခတ် အိုးကို ဖြည့်ပြီး သိမ်ငယ်စိတ် (Inferiority complex) ကို ဖျောက်နေကြတာ လို့လည်း ထင်တာပဲ။
ဈေးသည် အနေနဲ့ ပြောရမယ် ဆိုရင်တော့ ဈေးသည် အချို့ အပြောချိုလို့ ဘယ်လိုမှ သုံးမရတာကြီးလည်း ဝယ်သူက ကျေကျေနပ်နပ် ဈေးကြီးပေး ဝယ်သွားကြတာ ထုံးစံလို ဖြစ်နေတာပဲ။
ဈေးရောင်းမှတော့ စကား ချိုသာဖို့ လိုတာပေါ့။ ဒီလို ရောင်းတတ်တာလည်း အတတ်ပညာ (Art) ပါပဲ။
စီးပွားရေး ထွန်းကားလာတော့ ဆိုင်တွေ အလျှိုအလျှို ပေါ်လာလိုက်တာ။ ဈေးသည် နှုတ်အမူအရာ (Art) မတတ်ဘဲ ရောင်းကြတော့ ဝယ်သူ စိတ်တိုပြီး ပြန်မလာချင်တော့အောင် ဖြစ်ကြတာ အများကြီးပါပဲ။
ဥပမာ ပစ္စည်းတခု ဈေးမေးလိုက်ရင် ရောင်းနေတဲ့လူက မသိဘဲ ဟိုလူ လှမ်းမေး၊ ဒီလူ လှမ်းသွားခေါ်ရနဲ့ ဝယ်သူ အင်မတန် စိတ်တိုရပါတယ်။
တချို့လည်း ဝယ်သူကို ပထမ အကဲခတ်ပြီးမှ တင်ထားမှန်း သိသာတဲ့ ဈေးကို ပြောတာ။ ဒီကြားထဲ ဝယ်သူကို အတင်း ဆွဲခေါ်မတတ် ဝိုင်းခေါ်တတ်တဲ့ ဈေးသည်တွေလည်း စိတ်မရှည်စရာ ပါပဲ။
စတိုးဆိုင် တချို့မှာ ဖြစ်တတ်တာကတော့ ဈေးရောင်းတဲ့ မိန်းကလေး (Sales Girls) တွေက ဝယ်သူရဲ့ ဘက်ကို ကျောပေးပြီး အချင်းချင်း လေပစ်နေကြတာ။
ခေါ်ရင်လည်း မျက်နှာတွေ ပုပ်သိုးလို့၊ စောင့်အောင့်လို့၊ စကားပြောနေကြရင်လည်း ကပ်ပြီး ရပ်နေတောင် အသံတွေက ကျယ်လောင်နေတာ။
ငွေရှင်းတဲ့နေရာမှာ မကျွမ်းကျင်သေးတဲ့ ငွေကိုင် (Cashier) ထားလို့ ခလုပ်နှိပ်တာ နှေးရင်နှေး၊ မှားရင်မှား၊ ဝယ်တဲ့လူ စိတ်မချချင်စရာ ဖြစ်တော့တာ။
လေအေးစက် (Aircon) တပ်ထားတဲ့ ဆိုင်ခန်းငယ်တွေထဲမှာ ချွေးနံ့ နံတဲ့ ဈေးရောင်းသူလည်း ရှိနေသေးတာ။ လက်ပတ်စော် နံတဲ့ အနံ့ကလည်း စူးရှ ပြင်းထန်လွန်းတော့ မနည်း အသက်ရှု အောင့်ပြီး ဝယ်ရတာ။
ဈေးရောင်းမှတော့ ချိုသာ သပ်ရပ်ဖို့ လိုတာ အမှန်ပဲ။
ဒီဈေးရောင်းသူ အမျိုးသမီးတွေရဲ့ (Sales Girls) ဖော်ရွေမှု၊ တဖက်သား စိတ်ချမ်းသာအောင် စိတ်ရှည်ဖို့ ပေါ့ပါး လန်းဆန်းမှု စတဲ့ အရည် အသွေးတွေ ပြုစု ပျိုးထောင်မှု လိုတာက အမှန်ပါပဲလို့ ကျမ တွေးမိသမျှ တင်ပြအပ်ပါတယ်။ ။
(စာရေး ဆရာမကြီး ခင်ဆွေဦး ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “မိန်းမနှင့်…” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)