ခုတလော မိန်းမကြီးငယ် ရွှေတွေ တော်တော်လေး ဝတ်လာကြတာ သတိထားမိကြပါလိမ့်မယ်။
ကျမတို့ မြန်မာမလေးတွေ ရွှေ အတုံးအတစ် အတောင့်လိုက် ဝတ်လာကြတော့ နိုင်ငံခြားသူတွေပါ စိန်ရွှေရတနာ လက်ဝတ်လက်စားတွေ ဝတ်လာကြတာကို တွေ့နေရပါတယ်။
တချို့ အနောက်တိုင်းသူတွေ နားပေါက်လေး ကိုယ်စီနဲ့ (သူတို့ဆီမှာ ဟောလိဝုဒ်က ရုပ်ရှင် မင်းသမီးတွေသာ အဲသည်လို ဝတ်ကြတာ။ ပြီးတော့ ဗြိတိန် မင်းမျိုး မင်းနွယ်ဝင်တွေပေါ့။)
ရွှေ ဝတ်တဲ့ မိန်းမတွေရဲ့ ဖြစ်ကြောင်းကုန်စင်ကို ခြေရာ ကောက်ကြည့်ရင် အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။
မိန်းမတွေရဲ့ အဆင်တန်ဆာဟာ ရတနာ ခုနစ်ပါးနှင့် ရွှေ ဆိုတော့ကာ ရှေးတုန်းက မိန်းမတွေ ပိုက်ဆံ ချမ်းသာလာတာနှင့် အမျှ ရွှေတွေ ညွှတ်နေအောင်ကို ဝတ်ကြတာ။
စိန်ကိုလည်း အခုလို ရုရှားစိန်၊ အမေရိကန် စိန် လို ဓာတုဗေဒ စိန်တွေ ခေတ်မထသေးတာမို့ “အစစ်” (အပါးဝိုင်း၊ ခဲသား၊ ဝါရည်နောက်၊ ရှေးစိန် စသည်ဖြင့်) ဝတ်ကြတာ။
စိန်ရဲ့ တန်ဖိုးကလည်း ခုခေတ် နှိုင်းဆကြည့်။ သိန်းသိန်း ချီနေတာပါ။
ရွှေခြေချင်းတွေရဲ့ ထိပ် “ဒေါင်း” တွေမှာ စိန်တို့၊ ပတ္တမြား တို့တောင် စီခြယ်သေး။
နောက် ဘုရားကို ရွှေချ စိန်စီကြပြီး အထွတ်အမြတ် ဖြစ်တာမို့ ရွှေရည်စိမ် ချက်ကျောက် စသည်ဖြင့်ပဲ လုပ်ကြတယ်လို့ ကျမတို့ အဘွားနဲ့ ကြီးကြီး၊ ဒွေးဒေါ်တို့ ပြောပြကြပါတယ်။
မိဘတွေက သမီးပျိုလေးကို ချစ်စနိုးနဲ့ ဆင်ထားတဲ့ လက်ဝတ် ရတနာတွေကို အိမ်ထောင်ကျပြီး လင်ဆိုးမယား တဖားဖား ဖြစ်လာကြရတဲ့ မိန်းမတွေ ခမျာမှာ လင်သည်တွေ မြင်းလောင်း၊ ဖဲရိုက်၊ အရက်သောက်၊ အပျော်အပါး လိုက်ကြတဲ့အခါ တစစ ချွတ်ပေးရလို့ ကုန်သူတွေလည်း ကုန်ကြတာပေါ့။
သဘောသကာယ ကောင်းပြီး ခပ်ပျော့ပျော့ မိန်းကလေးတွေဟာ ကြိတ်မှိတ် သည်းခံ၊ ဒူးနှင့် မျက်ရည် သုတ်နေ ကြရတာပေါ့။ ခပ်ထက်ထက် မိန်းမတွေကျတော့လည်း လက်တုံ့ပြန် ရိုက်ကြ နှက်ကြနဲ့ ကွဲပြဲကုန်တာတွေလည်း မနည်းပါဘူး။
ပိုက်ဆံမရှိလို့ မဝတ်နိုင်ကြတဲ့ လူလတ်တန်းစား မိန်းမတွေ အလှူတွေ၊ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်မှာ ငှားရမ်း ဝတ်ကြတာပေါ့။
ဟိုတုန်းက ဓာတုဗေဒစိန် မပေါ်သေးခင် မိုးကုတ် တွင်းထက် ဥဿဖယားကို စိန်နေရာ အစားထိုး ဝတ်ကြတာ ဥဿဖယား တကယ် အရည်ကောင်းပြီး ပန်းထိမ်ဆရာ ပါးပါးနပ်နပ် မှင်ခံ ကျောက်စီထားလျှင် စိန်နဲ့ ရိုးစွဲ လိုက်ပါတယ်။ တချို့လည်း ငွေနှင့် လက်ဝတ်ရတနာ လုပ်ပြီး ရွှေရည်စိမ် ဝတ်ကြတာ၊ အဲဒါလည်း ဓာတ်မသိရင် အစစ်အတိုင်းပဲ။
မှတ်မှတ်ရရ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျမသူငယ်ချင်းမ သမီးဟာ သူအင်မတန် ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းမ တယောက် မမာလို့ ဆေးရုံ တက်တော့ သူ့လည်ပင်းမှာ ဆွဲထားတဲ့ တကျပ်သား ရွှေဆွဲကြိုးလေးကို ပေါင်နှံပြီး ကူညီတော့ကာ အဲဒီ ဆွဲကြိုး ဒီဇိုင်း အတိုင်း ရွှေရည်စိမ် ဆွဲကြိုးလေး လုပ်ထားတော့တာကိုး။
အဲဒါကို မရိပ်မိ မသိရှိတဲ့ မိခင်ကြီးက သင်္ကြန်ရက်အတွင်း သူ့ခင်ပွန်းနှင့် သားငယ်တွေ ရဟန်းခံ ရှင်ပြုဖို့ သမီး ဆွဲကြိုး ခဏ ပြန်အငှားမှာ “အကော” တွေ ပေါ်ကုန်ပြီး သမီးလို စေတနာ မကောင်းနိုင်တဲ့ မိခင်ကြီးဟာ သမီးကို ပါးနား ပိတ်ရိုက်တဲ့ အထိ ဖြစ်လာပါလေရော။
အဲဒါပေါ့ အင်္ဂလိပ် စကားပုံမှာ ဝါဝါမြင်တိုင်း ရွှေမမှတ်နဲ့ (All That glitter is not gold) ဆိုတာလေ။ ဒါကတော့ လူရဲ့ ဟန်ဆောင် စရိုက်ကို နိမိတ်ပုံနဲ့ ပြောသွားခဲ့တာပါ။
ကျမတို့ ခပ်ငယ်ငယ် ယူရိုပီယန်ကျောင်း (European Court) ထွက်တွေမို့ ရွှေတွေ အထူကြီး ဝတ်တာ ရိုင်းတယ်။ တောဆန်တယ်။
တတ်နိုင်ကြသော်လည်း ရွှေပါးပါး မှုန်မှုန်လေးတွေ၊ လော့ကက်သီး သေးသေးလေးတွေ၊ လက်စွပ်၊ လက်ကောက်တွေ ခရာတာတာ ဝတ်ကြတာ၊ ဧည့်ခံပွဲမှာ အထက်တန်းလွှာ မမတွေက ရွှေထူထူကြီး ဝတ်လာတတ်တဲ့ မိန်းမတွေကို နှာခေါင်း ရှုံ့ကြတာ၊ အဖိုးတန်မှန်း သိစေချင်ရင်လည်း ပလက်တီနမ် (ရွှေဖြူ) ကို စိန်အစစ်နဲ့ ခပ်ပါးပါး လုပ်ဝတ်ကြတာပါ။
နောက် ရွှေ အစစ်တောင် မဝတ်ကြတော့ဘဲ ကရက် ခေါ် ရွှေတုနှင့် လုပ်ထားတဲ့ ဖန်စီ (Fancy) လက်ဝတ်ရတနာတွေကို ဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် အလှဆင်ကြတာ။
မမေ့နိုင်တဲ့ ကိုယ်တွေ့ အဖြစ်လေး တခုပေါ့လေ။
စာရေးဆရာမ ကြည်အေးရဲ့ ခင်ပွန်းနဲ့ ကျမ ခင်ပွန်းတို့ ချက်ကိုစလို ဗက်ကီးယား နိုင်ငံကို ဘဏ်အရာရှိ မွမ်းမံ သင်တန်း ၆ လ လောက် သွားတက်ကြတော့ မမကြည် မှာတဲ့ ဖန်စီ (Fancy) လက်ဝတ် ရတနာတွေကို တသောင်းဖိုးမက ကိုတင်မြင့် က အလိုလိုက် ဝယ်ခဲ့သတဲ့လေ။
ရှေးရိုး အစဉ်အလာအရ ရွှေကို တန်ဖိုးထား စုဆောင်းတတ်တဲ့ ကျမ ယောက္ခမနဲ့ ခင်ပွန်းတို့ကတော့ အပြစ်တင် ဝေဖန် ကြတာပေါ့။ ကျမကတော့ ပကာသန မမက်၊ အင်မတန် လွတ်လပ် ပေါ့ပါးစွာ နေလေ့ရှိတဲ့ မမကြည်ဘက်က တိတ်တိတ် ကျိတ် ထောက်ခံမိတာပေါ့။ အဲဒီ အကြောင်း မမကြည်ကို တွေ့တဲ့ တနေ့ ပြောပြရဦးမယ်လို့ ရင်ထဲ မှတ်ထားလိုက်တာ အမှန်ပါပဲ။
ကျမလည်း ငယ်ငယ်ထဲက အရွယ်ရောက် ကြီးပြင်းတဲ့ အထိ ဖန်စီတွေ အဝတ်များခဲ့တာပဲ။ (ကျမမှာ ပိုက်ဆံ မရှိတာလည်း ပါတာပေါ့လေ)။
နောက် ကျမ ဝတ္ထု (လုံးချင်း) တွေ ခု စာရေးဆရာ မောင်စိန်ဝင်း နဲ့ ဂျူး တို့လို အရောင်းရ တွင်ကျယ်ခဲ့ဖူးလေတော့ (၁၉၆၀-၁၉၇၅ အထိ) ထိုင်း ဘတ်ကြိုး နှစ်ကျပ်သားတို့၊ ရွှေ လက်ကောက်ပြောင် နှစ်ကျပ်သား၊ သုံးကျပ်သား၊ ကွင်းဆင့် လက်စွပ်တွေ စုဆောင်းပြီး ဝတ်လည်း မဝတ်တော့ မက်မက်စွဲစွဲလည်း မရှိလှဘဲ၊ ရေခဲသေတ္တာ ဝယ်ရင်၊ မော်တော်ကား ဝယ်ရင် (အယ်ဒီတုန်းက တယ်လီဗီးရှင်း နဲ့ အောက်စက်တို့၊ အဝတ် လျှော်စက်တို့ ကိုကိုပေါသွပ် ပြောသလို မပေါ်သေးဘူး။)
ထုတ်ထုတ် ရောင်းမိတဲ့ အပြင် စံပယ်ဖြူ မဂ္ဂဇင်း ထုတ်ဝေတော့ ရှိသမျှ ရွှေတွေ အိတ်သွန် ဖာမှောက် ထုတ်ပြီး ရောင်းချလို့ ကုန်ပါလေရော။ ရွှေ အသေးအမှုန်တင် မက အုန်းမှုတ်ခွက်ပါ မကျန်တော့တဲ့ ဖိုးသူတော် အဖြစ်မျိုးပါပဲ။
ခုလည်းပဲ နည်းနည်းပါးပါး စုဆောင်း ဝယ်မိရင် ရှိတန်ဆာ မရှိဝမ်းစာပေါ့လို့ ပြောပြော ဝယ်တော့ ကျမ သူငယ်ချင်းတွေက “နင့် ပရိကံ စိတ်ကလည်းဟာ ကောင်းကို မကောင်းဘူး၊ ကောင်မ မင်္ဂလာ မရှိတာပဲ ပြောနေတယ်” လို့ ဝိုင်း ကြိမ်းမောင်းတာ ခံရပါတယ်။
နှစ်စဉ် အိမ်ငှားခ လိုချင်ရင် “ငါ ကူညီပါ့မယ်ဟယ်၊ ကျက်သရေ မရှိ မပြောစမ်းပါနဲ့” တဲ့လေ။
ရှေးလူကြီးရဲ့ အသွန်အသင်ကို မမေ့ကြတဲ့ သူငယ်ချင်းတွေက လည်ပင်းမှာရော၊ လက်မှာရော စိန်ရွှေအပြည့်၊ တန်ဖိုးက သန်ချီနေမလား မသိဘူး။
“ဆံဖြူ သွားကျိုးပေမယ့်လည်း နင်တို့ ခိုးရာ လိုက်နိုင်သေးတယ်” လို့ ပြောတော့ ကျမကို မသာမလို့ ဆဲရေးနေကြပါတယ်။
ရွှေ မရှိတဲ့ ကျမ မသာဖြစ်လည်း မပူပါဘူး ပြောပြီး မခံချင်အောင် ပြန်စမိအောင် စမိပါသေးတယ်။ ။
(စာရေး ဆရာမကြီး ခင်ဆွေဦး ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “မိန်းမနှင့်…” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














