မြန်မာစစ်ကောင်စီ၏ လက်ရှိ ကစားနည်း အစီအစဉ်ကို နားလည်ရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဟွန်ဆန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ရေးသားသည့်စာကို သတိရဖို့ အချိန်ကောင်းဖြစ်သည်။
အတော်အတန် ပြတ်ပြတ်သားသား ရေးသားထားသည့် ထိုပုဂ္ဂလိကပေးစာတွင် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းပြီး အကောင်အထည်ဖော်ရန် ပျက်ကွက်ပါက အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှ မိတ်ဆွေများက မြန်မာကို အစည်းအဝေးအားလုံးတွင် ပိတ်ပင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုနိုင်ကြောင်း ပြောကြားထားသည်။ အတိုချုပ်ပြောရပါက အာဆီယံသည် NUG ကို မြန်မာအတွက် နေရာပေးမည်ဟု ပြောခြင်းဖြစ်သည်။
ထိုစာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒေါသထွက်ပြီး သေဒဏ်ချမှတ်ထားသည့် တက်ကြွလှုပ်ရှားသူ လေးဦးကို လွတ်ငြိမ်းခွင့်ပေးရေး အပါအဝင် မစ္စတာ ဟွန်ဆန်၏ လက်တွေ့ကျသောအကြံကို လျစ်လျူရှုလိုက်သည်။ လွန်ခဲ့သော သုံးနှစ်အတွင်း အာဆီယံ၏ အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာအတွက် နေရာလစ်လပ်နေသည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထိုနေရာကို ခဏဝင်ထိုင်သူ ရှိလာသည်။
လွန်ခဲ့သော သုံးနှစ်အတွင်း အာဆီယံ၏ အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာအတွက် နေရာလစ်လပ်နေသည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထိုနေရာကို ခဏဝင်ထိုင်သူ ရှိလာသည်။
စစ်ကောင်စီက ပြည်သူများကို အထိန်းအကွပ်မဲ့ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် လွန်ခဲ့သောလများအတွင်း မြေပြင်မှ အရေးပါသော ဖြစ်ပေါ်တိုးတက်မှုများကြောင့် ထိုလစ်ဟာနေသောနေရာကို NUG သို့ မကြာမီ ပေးအပ်လိုက်နိုင်သည်။ အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြန်မာ့တော်လှန်ရေး အင်အားစုများသည် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနယ်စပ်မှ မြို့နယ်များကို တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်သည်။ နောက်ဆုံး ရေတွက်မှုအရ မြို့နယ်ပေါင်း ၄၀ နီးပါးသည် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက် ရောက်နေသည်။ ၎င်းတို့၏ ထက်ဝက်သည် ရှမ်းပြည်မြောက်ပိုင်းတွင် ရှိသည်။
သို့သော် လွန်ခဲ့သောလတွင် စစ်ကောင်စီသည် နိုင်ငံရေးနှင့် မသက်ဆိုင်သည့် အဆင့်မြင့်အရာရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ခေတ္တ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို လာအိုနိုင်ငံ၊ လောင်ပရာဘန်တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စေလွှတ်ရန် အလျင်အမြန် ဆုံးဖြတ်လိုက်သည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ကြိုဆိုခဲ့သည့် ထိုသို့ စေလွှတ်မှုကြောင့် မြန်မာထိုင်ခုံ ရုတ်တရုက် ပြန်နွေးလာသည်။ နေပြည်တော်သည် ၁၉၉၉ ခုနှစ်တွင် လာအိုနှင့်အတူ အာဆီယံသို့ ဝင်ရောက်ခဲ့သည်။ ထိုသို့ ပါဝင်ခြင်းကြောင့် မည်သို့ဖြစ်လာမည်ကို လာမည့် ရက်သတ္တပတ်များနှင့်လများတွင် စောင့်ကြည့်ရမည် ဖြစ်သည်။
လတ်တလောတွင် ပဋိပက္ခသည် လေးနှစ်အတွင်း ဝင်ရောက်လာပြီး အချက်အလက် အများအပြားကို ပေါင်းစပ်လိုက်သောအခါ စစ်ကောင်စီသည် တင်းမာသော သဘောထားမှ လမ်းခွဲရန်၊ သံတမန်ရေးနှင့် စစ်မြေပြင် မျက်နှာစာများတွင် လက်ရှိသြဇာကို ဆက်လက် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ အထီးကျန်မှုကို အဆုံးသတ်ရန် ဖိအားရှိနေသည်။ လက်ရှိအချိန်တွင် ကုလသမဂ္ဂသည် ယူကရိန်း-ရုရှားပဋိပက္ခ၊ အစ္စရေး-ဟားမတ်စ် စစ်ပွဲနှင့် အလုပ်ရှုပ်နေသော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် အချို့သည် မြန်မာ့နိုင်ငံတွင်းမှ သုံးနှစ်ကြာ ရက်စက်ကြမ်းကြုတ်မှုများကို မီးမောင်းထိုးပြရန် လုပ်ဆောင်နိုင်ခဲ့သည်။
မြန်မာအကျပ်အတည်းနှင့် ပတ်သက်သည့် ဖေဖော်ဝါရီလ အစောပိုင်းက တံခါးပိတ်အစည်းအဝေးတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ကိုးနိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ မော်လ်တာ၊ အီကွေဒေါ တို့က အရပ်သားများနှင့် အရပ်ဘက်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်မှုရပ်ရန် စစ်ကောင်စီကို တောင်းဆိုသည်။ ထို့အပြင် ၎င်းတို့သည် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်လည်း စစ်ကောင်စီကို တောင်းဆိုကြသည်။
လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် မစ္စတာ အလွန်ကီယို ကစ်တီခွန်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် နေပြည်တော်သို့ လွန်ခဲ့သောလက သူ၏ခရီးစဉ် ရလဒ်များကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအား ရှင်းပြခဲ့သည်။
လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် မစ္စတာ အလွန်ကီယို ကစ်တီခွန်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် နေပြည်တော်သို့ လွန်ခဲ့သောလက သူ၏ခရီးစဉ် ရလဒ်များကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအား ရှင်းပြခဲ့သည်။ ထိုခရီးစဉ်အတွင်း သူသည် စစ်ကောင်စီခေါင်းဆောင်များ၊ အခြားသက်ဆိုင်သူများနှင့် တွေ့ဆုံခဲ့သည်။
လာအို အထူးသံတမန်၏ လျင်မြန်သော်လည်း တိတ်ဆိတ်သော သံတမန်ရေးသည် စစ်ကောင်စီနှင့် အာဆီယံ မိတ်ဆွေများအကြား ထပ်မံထိတွေ့ဆက်ခံရေးအတွက် လွန်စွာလိုအပ်နေသည့် အခွင့်အလမ်းကို ပိုမိုကျယ်ပြန့်စေခဲ့သည်။
မှတ်သားစရာကောင်းသည်မှာ မစ္စတာ အလွန်ကီယိုသည် သူ့ကို အထူးသံတမန်အဖြစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်ခန့်ပြီး ဇန်နဝါရီလ ၁ ရက်နေ့တွင် သက်ဝင်သည့် ပထမ လေးပတ်မျှကာလအတွင်း သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးမှု ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကောင်းမွန်သည့် အုတ်မြစ်ကို ချနိုင်ခဲ့သည်။
လက်တွေ့တွင် မြန်မာသည် အဖွဲ့ဝင်အဖြစ်မှ ထပ်မံဆိုင်းငံ့ရန် သဘောထားတင်းမာသည့် အာဆီယံ အဖွဲ့ဝင်များက တောင်းဆိုမည်ကို တားဆီးရေး ဒေါ်မာလာသန်းထိုက်ကို လုံပရာဘန်သို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခြင်းအားဖြင့် နေပြည်တော်သည် နေရာအပြည့်အဝ ပြန်မရသေးသော်လည်း မြန်မာ၏နေရာကို စိတ်ချရစေသည်။ သို့သော် ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်သည့် ကြီးမားသော တိုးတက်မှုမရသေးပါက မြန်မာ၏နေရာသည် ဆက်လက် မရေမရာဖြစ်နေမည်။
ထို့အပြင် မြန်မာမှ နေရပ်စွန့်ခွာသူများကို လူသားချင်းစာနာမှု အကူအညီပေးရန် ထိုင်း- မြန်မာ နှစ်နိုင်ငံသဘောတူညီမှုသည် ခိုင်မာသော တိုးတက်မှုရရှိပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အကျိုးပြုသည်။ မြန်မာသို့ ကယ်ဆယ်ရေး အကူအညီပေးမည့် စိတ်ကူးကို ယခင်က ဆွေးနွေးခဲ့ဖူးသော်လည်း နေပြည်တော်သည် မကြာသေးမီကမှ ၎င်းတို့၏ ချဉ်းကပ်ပုံကို ပြောင်းလဲလိုက်ပြီး လာမည့်လ တချိန်ချိန်တွင် စတင်မည့် ရှေ့ပြေးစီမံကိန်းအတွက် ထိုင်း၏ အစီအစဉ်ကို သဘောတူခဲ့သည်။
လွန်ခဲ့သောအပတ်တွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘဟစ်ဒါ နုကာရာသည် အဆိုပြုထားသည့် အကူအညီပေးမည့်နေရာနှင့် မျက်နှာချင်းဆိုင်မှ တာ့ခ်ခရိုင်၊ မဲဆောက်သို့ စစ်ဆေးရေး ခရီးသွားရောက်သည်။ ပထမပိုင်းတွင် ကျေးရွာ သုံး၊ လေးရွာသာ ပါဝင်မည်ဖြစ်သည်။ ထိုနေရာများသို့ လူသားချင်းစာနာမှု အကူအညီသည် ထိရောက်၊ ယုံကြည်လက်ခံနိုင်ပြီး ပွင့်လင်းမြင်သာရမည်ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံသည် ၎င်းတို့၏ အစီအစဉ်ကို အကောင်အထည် ဖော်နေချိန်အတွင်း လူသားချင်းစာနာမှုပေးမည့် အစီအစဉ်များကို ဆွေးနွေးဖက်များအား အသိပေးနေသည်။ ပထမတွင် ထိုအစီအစဉ်သည် နှစ်နိုင်ငံ ကြက်ခြေနီအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံသည် ၎င်းတို့၏ အစီအစဉ်ကို အကောင်အထည် ဖော်နေချိန်အတွင်း လူသားချင်းစာနာမှုပေးမည့် အစီအစဉ်များကို ဆွေးနွေးဖက်များအား အသိပေးနေသည်။ ပထမတွင် ထိုအစီအစဉ်သည် နှစ်နိုင်ငံ ကြက်ခြေနီအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည်။
အကူအညီဝေမျှပေးခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းကို အာဆီယံ လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုညှိနှိုင်းရေးဌာန (AHA centre) က ပြုလုပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် မည်သည့် နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းမှ ပါဝင်မည် မဟုတ်ပေ။ လက်ရှိအချိန်တွင် ဂျပန် ဆာဆာကာဝါ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း တခုတည်းကိုသာလျှင် လူသားချင်းစာနာမှု အကူအညီ ပေးခွင့်ပြုထားသည်။
ထိုနှစ်နိုင်ငံ ရှေ့ပြေးစီမံချက်သည် ပိုမိုကျယ်ပြန့်သော မူဘောင်များနှင့် ပူးပေါင်းဆောင်ရွက်ရေး အားထုတ်မှုများသို့ ဦးတည်မည့် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် အတွေ့အကြုံမျှဝေခြင်းကို တိုးတက်စေမည်ဟု ထိုင်းနိုင်ငံက မျှော်လင့်သည်။ လက်ရှိအချိန်တွင် ကုလသမဂ္ဂနှင့် ပတ်သက်သည့် အထူးပြုအေဂျင်စီ ၁၁ ခုသည် မြန်မာနိုင်ငံကို ဒေသအမျိုးမျိုးတွင် ကူညီနေသည်။
၎င်းတို့တွင် ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF)၊ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO)၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO)၊ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုအဖွဲ့ (IOM)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြားအဖွဲ့များ ပါဝင်သည်။ ထိုအဖွဲ့အစည်းများသည် အနာဂတ် လူသားစာနာမှု အစီအစဉ်များကို ကူညီနိုင်မည်ဖြစ်သည်။
နိုင်ငံတကာ၊ အထူးသဖြင့် အင်အားကြီးနိုင်ငံများ ထောက်ခံမှုရစေရန်အတွက် မစ္စတာ ပန်ပရီသည် ဝါရှင်တန်သို့ နှစ်နိုင်ငံအစီအစဉ်ဖြင့် သွားရောက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်နှင့် ဆွေးနွေးသည့် အဓိက ပြဿနာများတွင် မြန်မာအကျပ်အတည်း၊ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာတွင် အမေရိကန် ကူညီနိုင်သည့် အခန်းကဏ္ဍ၊ နောက်ထပ် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အခြားဆွေးနွေးဖက်များကို ထည့်သွင်းရေးတို့ ပါဝင်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများသည် စစ်ကောင်စီကို ပိတ်ဆို့အရေးယူပြီး NUG ကို ထောက်ခံကာ ရုံးခန်းများ၊ ရန်ပုံငွေနှင့် လူမသေစေသည့် လေ့ကျင့်မှုများ ပေးသည်။
တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မကြာသေးမီက လာရောက်စဉ်အတွင်း မစ္စတာ ပန်ပရီသည် ထိုင်း-မြန်မာ ကယ်ဆယ်ရေး အစီအစဉ်အကြောင်း တရုတ်ကို အသိပေးသည်။
အလားတူစွာပင် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မကြာသေးမီက လာရောက်စဉ်အတွင်း မစ္စတာ ပန်ပရီသည် ထိုင်း-မြန်မာ ကယ်ဆယ်ရေး အစီအစဉ်အကြောင်း တရုတ်ကို အသိပေးသည်။ အိန္ဒိယ အပါအဝင် ထိုနှစ်နိုင်ငံသည် ကယ်ဆယ်ရေး အစီအစဉ်များအတွက် လွန်စွာအရေးပါပြီး မြန်မာပြည်သူများအတွက် ရန်ပုံငွေ ကတိပြုမည့် ကွန်ဖရန့်တခုကိုလည်း ကျင်းပရန် လုပ်ဆောင်နေသည်။
ရွေးကောက်ခံ ဆက်ထာ ထဝီဆင် အစိုးရ အာဏာရနေပြီး တက်ကြွသော အတိုက်အခံပါတီများနှင့် ထိုင်းနိုင်ငံ၏ မြန်မာဆိုင်ရာမူဝါဒကို စိစစ်မှုများ ပြုလုပ်နေသည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း အစိုးရသည် အရေးပါသည့် စီးပွားရေး ပြဿနာများကို ကိုင်တွယ်နေသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် အထူးသဖြင့် ပဋိပက္ခ သဘောဆောင်သည့် အင်အားကြီးနိုင်ငံများ အားလုံးနှင့် ထိတွေ့ဆက်ဆံရာတွင် ပိုမိုတက်ကြွရဲတင်းလာသည်။ ယခုအခါ ရှေ့သို့ချီပါတီ (MFP) သည် အတိုက်အခံနေရာတွင် ရောက်နေသောကြောင့် ထိုင်းနှင့် NUG, တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် အခြားသက်ဆိုင်သူအားလုံးနှင့် ထိတွေ့ ဆက်ဆံရေး ပိုမိုများပြားလာမည် ဖြစ်သည်။
လာမည့်လတွင် MFP မှ ပါလီမန်ကိုယ်စားလှယ် အမျိုးသားလွှတ်တော် နိုင်ငံတော်လုံခြုံရေး၊ နယ်စပ်လှုပ်ရှားမှုများ၊ အမျိုးသား သေနင်္ဂဗျူဟာများနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီ အကြီးအကဲ မစ္စတာ ရန်ဆီမန် ရုန်းသည် သုံးနှစ်ကြာ မြန်မာအကျပ်အတည်းကို အကဲဖြတ်ရန် ပထမဆုံး ဆွေးနွေးပွဲတခု ကျင်းပမည်ဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် NUG မှတာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဟောင်း ပါမောက္ခ ရှောင်တာနဲလ်လည်း တက်ရောက်မည်ဖြစ်သည်။
သို့သော် စစ်ကောင်စီသည် အရပ်သားများကို ဆက်လက် တိုက်ခိုက်နေပါက အာဆီယံသို့ အပြည့်အဝပြန်လာရန် ခရီးရှည်ကြီးကို လျှောက်လှမ်းရဦးမည် ဖြစ်သည်။
မစ္စတာ ဟွန်ဆန်ပေးသည့် အကြံကို သတိပြုမိရန် စစ်ကောင်စီသည် အချိန် သုံးနှစ်ယူခဲ့ရသည်။ ယခုအခါ စစ်ကောင်စီက ၎င်းတို့သည် အခြားသက်ဆိုင်သူများနှင့်ဆွေးနွေးရန် အခြေအနေကောင်းတွင် ရှိနေဆဲဖြစ်ကြောင်း သဘောပေါက်လာသည်။ တော်လှန်ရေး အင်အားစုများသည် စစ်သားထောင်ပေါင်းများစွာကို လက်နက်ချစေခြင်း နယ်မြေသိမ်းပိုက်ခြင်းများဖြင့် စစ်တပ်၏ အင်အားကို ချိနဲ့အောင် လုပ်နိုင်ခဲ့သည်။
လာမည့် ရက်သတ္တပတ်များတွင် ထိုင်းနှင့် နှစ်နိုင်ငံ လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်မှုကို စစ်ကောင်စီက မည်သို့ အကောင်အထည် ဖော်သည်ဆိုသည့်အချက်သည် စစ်ကောင်စီ၏ လာမည့် သေနင်္ဂဗျူဟာများကို တိုင်းတာမှုဖြစ်သည်။ ရလဒ်များသည် အပြုသဘောဆောင်ပါက ပဋိပက္ခဖြစ်နေသော အဓိက သက်ဆိုင်သူအချို့အကြားတွင် တွေဆုံဆွေးနွေးမှု ပုံစံတမျိုးမျိုး ဖြစ်လာနိုင်သည်။ သို့သော် စစ်ကောင်စီသည် အရပ်သားများကို ဆက်လက် တိုက်ခိုက်နေပါက အာဆီယံသို့ အပြည့်အဝပြန်လာရန် ခရီးရှည်ကြီးကို လျှောက်လှမ်းရဦးမည် ဖြစ်သည်။
ဥက္ကဋ္ဌ လာအိုနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုမှ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရာတွင် နောက်ထပ် တိုးတက်မှုရအောင် လုပ်ဆောင်ရေး၊ အာဆီယံ မိတ်ဆွေများနှင့် ဆွေးနွေးဖက်များထံမှ အနီးကပ် ထောက်ခံမှု ထိန်းသိမ်းထားနိုင်ရေး ဖြစ်သည်။
(Bangkok Post ပါ Kavi Chongkittavorn ၏ Myanmar eyes return to ASEAN fold ကို ဘာသာပြန်သည်။ ကဝီ ချောင်ကစ်တာဗွန်သည် ဒေသတွင်းရေးရာ ဝါရင့်သတင်းသမားဖြစ်သည်။)
You may also like these stories:
ထိုင်း၏ လူသားချင်းစာနာမှု အကူအညီ အစီအစဉ် အလုပ်ဖြစ်မည်မဟုတ်
ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည်
အာဆီယံအစည်းအဝေးသို့ အကြီးတန်းအရာရှိတဦး စစ်ကောင်စီ ပထမဆုံး စေလွှတ်
ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်
အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု