တလောတုန်းက ရန်ကုန်မြို့ နာမည်ကြီး ဟိုတယ် တခုမှာ အမှုထမ်းနေတဲ့ တူမလေး ပြောကြားချက်အရ ဟိုတယ်ရဲ့ အနေအထား စနစ်တကျ ရှိပြီး အရာရာ သန့်စင်ပေမယ့် လာရောက် စားသောက်ကြတဲ့ လူတွေကတော့ လူအမျိုးမျိုး စရိုက် အသီးသီးပေါ့။
အသက် သုံးဆယ်ကျော်ကျော် လူရွယ် တဦးက အသက် နှစ်ဆယ်ကျော်ကျော် ရုပ်ရည် လှပ ချောမွေ့တဲ့ တူမလေးကို “နင်တဲ့တူတဲ့ ရုပ်မျိုး ရှာပေးပါလား” တဲ့။
တူမလေးက စိတ်က ထောင်းခနဲ ဒေါသ ထွက်သွားပေမယ့် စိတ်ထိန်းပြီး “ကျမတို့ ဒီလိုမျိုးတွေ မလုပ်ပါဘူး” လို့ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်သတဲ့။
သူ့မျက်နှာကတော့ သံပတ် တင်းထားသလို ခပ်တည်တည် ဖြစ်သွားပုံကြောင့် ဧည့်သည် လူရွယ်ဟာ လန့်သွားပုံတောင် ရသတဲ့။
ဒီမိန်းကလေးဟာလည်း အသက် အစိတ်နားသာ ကပ်နေပြီ၊ ဘွဲ့ရပြီး အလုပ်လုပ်နေတဲ့ အထိ ချစ်သူ ရည်းစား မရှိတော့ ခံစားမှုဟာ ပိုပြင်းထန်တာပေါ့။
ဒါတောင် သူ့သူငယ်ချင်း တဦးက “ဆွဲရိုက်ပစ်ဖို့ကောင်းတယ်” လို့ ပြောပြီး နောက်တဦးကတော့ “နင့်အမေနဲ့ တူတဲ့ ရုပ်ရော မလိုချင်ဘူးလား မေးလိုက်ပေါ့” လို့ ခပ်စွာစွာ အကြံပေးနေသေးတယ်။
မိန်းကလေးတွေ အများစုဟာ ဒီဘဝမျိုးကို စက်ဆုပ် ရွံရှာကြတာ အမှန်ပါပဲ။
အခက်အခဲ အကြပ်အတည်း အမျိုးမျိုးကြောင့် ပျက်စီးလာရရှာတဲ့ မိန်းကလေးတွေဟာ သနားစရာ ကောင်းပါတယ်။
ပြင်သစ် စာရေးဆရာကြီး အမ်မီလီ ဇိုလာ (Emily Zola) ဟာ နာနာ (NaNa) ဆိုတဲ့ ဝတ္ထုမှာ ဒီလို ဘဝမျိုးကို အခြေခံ ကျကျ ရေးထားခဲ့ပါသေးတယ်။ မိန်းမတွေဟာ ကိုယ့်ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ထိန်းသိမ်းကြပါတယ်။
ကျမ ကမ္မဌာန်း ဆရာကြီး ဂိုအင်ကာဂျီ ဖိတ်ကြားလို့ အိန္ဒိယ တိုင်းပြည် ဘုံဘေမြို့ အနီး အင်္ဂပုရိမြို့ ဓမ္မဂီရိ ရိပ်သာမှာ ၁၀ အားထုတ်ပြီး ဓမ္မညီလာခံ ကျင်းပတော့ ကျမတို့ မြန်မာ အမျိုးသမီးတွေ၊ မိဘမောင်ဖား ဆရာသမား အုပ်ထိန်းမှု ကောင်းလို့ လက်မထပ်ခင်မှာ အပျိုဂုဏ်မပျက်တဲ့ အကြောင်း ဂုဏ်ယူပြီး ကျမရဲ့ ဓမ္မမိတ်ဆွေ ကနေဒါ အမျိုးသမီး ဗာဂျင်းနီးယား ဟယ်မစ်လ်တန် (Virginia Hamiltan) နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။
သူလည်း အတော် အံ့သြပြီး မြန်မာ အမျိုးသမီးကောင်းတွေ (Virginity) အပျိုဂုဏ် မဆုံးရှုံးတာဟာ အင်မတန် ချီးမွမ်းဖို့ ကောင်းတယ်တဲ့။
သူတို့ဆီမှာ အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ် Night Club (ညပါတီ) တက်တာနဲ့ ချစ်သူ ရည်းစား ထားပြီး လက်မထပ်ခင် “အို” နှင့် နေကြပြီ။
ပြောရင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓ ဒဿန အဆုံးအမတွေ စိတ်ဝင်စားလာပြီး ဗုဒ္ဓဘာသာဝင်တောင် ဖြစ်လာပါတယ်။ ဒါဟာ မြတ်နိုးဖွယ်၊ လေးစားဖွယ် ကောင်းတဲ့ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု တရပ်ပါပဲ။
ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ဗြိတိန် အမျိုးသား စာရေးဆရာ J.A Scott မြန်မာတွေ နာမည်ပေးထားတာ ရွှေရိုးဟာ မြန်မာတွေရဲ့ လူမှု ဆက်ဆံရေး၊ အိမ်ထောင်ရေး၊ မြန်မာ မိသားစုတို့ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို တခမ်းတနား ရေးဖွဲ့ခဲ့ပါတယ်။
စီးပွားရေး အကြပ်အတည်းနဲ့ အင်မတန် နိမ့်ကျပြီး ထွက်ပေါက်မရှိတဲ့ မိန်းကလေးတွေရဲ့ ကံဆိုးမှုကတော့ မတတ်နိုင်ဘူးပေါ့။
နောက်ပြီး ပဒေသရာဇ် အုပ်ချုပ်မှုနဲ့ ကိုလိုနီ စနစ်ဆိုး အောက်မှာ မိန်းမတွေဘဝဟာ ဘယ်လုံခြုံနိုင်ပါ့မလဲ။ ဒါတောင် ထက်ထက်မြက်မြက် မြန်မာမတချို့ဟာ ကိုယ့်ထွက်ပေါက် ကိုယ်ရှာပြီး အရှောင်အတိမ်း တော်တာတွေလည်း သာဓက အားဖြင့် ရှိနေပါတယ်။
ရှေးအခါက ကသာမှာ (…..) မြို့စားရဲ့ရာကျော် ကြင်ရာတော် စာရင်းထဲ မပါချင်လို့ အောက်ဘက် မန္တလေးမြို့ကို စုန်ဆင်း ထွက်ပြေး လာကြတာတွေလည်း ရှိပါတယ်။
ထင်ရှားတဲ့ ဥပမာ အားဖြင့် ကျမ မေမေရဲ့ ဘွားစဉ် ဘောင်စဉ် အမျိုးတွေပါ။ ခုချိန်ထိ မန္တလေးမှာ အဲဒီအမျိုးတွေ ရှိနေပါသေးတယ်။
ဒီလို ကိစ္စမျိုးတွေကို ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ကာလက အာဇာနည် ဦးဘချို ဦးစီးတဲ့ ဒီးဒုတ် ဂျာနယ်၊ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ ဂျာနယ်ကျော်နဲ့ ကျမတို့ ဖေဖေ စာရေးဆရာ မဟာဆွေ အယ်ဒီတာချုပ် ဖြစ်ခဲ့တဲ့ ရဲသတင်းစာ (ဂျာနယ်) တို့မှာ အထင်ကရ ဖော်ပြ ရေးသားခဲ့ကြပါတယ်။
စစ်ပြီးခေတ်ကျတော့ ဆရာ ဗန်းမော် တင်အောင်ရဲ့ လင်းယုန် ဂျာနယ်မှာ အမျိုးသမီး ဘဝ လွတ်မြောက်ရေး ဝတ္ထုများ၊ ဆောင်းပါးများ ထည့်သွင်း ဖော်ပြတတ်ပါတယ်။
၁၉၃၆ ခုနှစ် (နှစ်ပေါင်း ၆၀ ကျော်) အချိန်တုန်းက ရဲသတင်းစာ ဂျာနယ်မှာ ဇေယျာတီတီ ဆိုတဲ့ ကလောင်ရှင်က “ခေတ်မိန်းမ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ အမျိုးသမီးတွေ ထက်မြက်ဖို့၊ မညံ့ဖျင်းဖို့၊ ပါးရေနပ်ရေ နဲ့ ဂုဏ်သိက္ခာ မြှင့်တင်ဖို့ သတိပေး ရေးသားခဲ့ပါတယ်။
ယခုခေတ် ကာလ၌ မိန်းကလေးများစွာ တို့သည် မိမိတို့ကိုယ်ကို မိမိတို့ အဖိုးမတန် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေသည့် အမှုများကို ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရ၏။
ထိုကဲ့သို့ ပျက်စီးရာ ပျက်စီးကြောင်းများကို ရှောင်ကြဉ်မှ သာလျှင် ချီးမွှမ်းထိုက်သော တက်ခေတ် အမျိုးသမီးများ ဖြစ်လာနိုင်ပေလိမ့်မည်။
တချို့သော မိန်းကလေးများတို့သည် ယောက်ျားများနှင့် ချစ်ခင်ကြခြင်း၌ မိမိတို့ ကိုယ်ကို စဉ်းစား ဆင်ခြင်ခြင်း၊ သတိ ထားခြင်း မရှိသည့် အတွက် ယောက်ျားများ၏ လှည့်စား ပြောဆိုခြင်းကို ယုံကြည်မိကြ၍ အမှားများ ဖြစ်ကာ အရှက် ရတတ်ကြသည့် အပြင် “မိန်းမများ မွေးမြူရ၊ မိဘ မောင်ဖား အရှက်များ၏” ဆိုသကဲ့သို့ မိဘ မောင်ဖားများမှာလည်း မိမိအတွက်နှင့် အရှက်ကြီးစွာ ရတတ်ပေသည်။
ဆောင်းပါးရှင်က မိန်းမနဲ့ ယောက်ျား ထမင်းစား ကြီးကြပြီး လူချင်း တူကြပါလျက်နဲ့ မိန်းမတွေ ခပ်ညံ့ညံ့ မပါးမနပ် လှည့်စားခြင်း ခံရတာကို သတိပေး ရေးသွားတာပါ။
ပြီးတော့ ယောက်ျားလေးတွေကို မိန်းမရှင်တွေက စပြီး သွားစပ်ဟပ်တာ၊ အကုန်အကျခံ ပညာသင်ပေးတာတွေ၊ ကိုယ့်ကိုယ်ကိုယ် ဈေးဖျက်တာတွေဟာ ယောက်ျားတွေကို မာနကြီးစေ၊ အားတက်စေ သတဲ့။
ပြီးတော့ ဒင်္ဂါး မျက်နှာလိုက်ပြီး ငွေရှင် ကြေးရှင် အမျိုးသားများရဲ့ ခြေတော်တင်ခံရတဲ့ အမျိုးသမီးတွေလည်း ဆင်ခြင်ဖို့၊ ပြီးတော့ လင် မယားငယ် ယူမှာစိုးလို့ ယောက်ျားတွေ အကြိုက် လိုက်ရပြီး ဘုရား ဘုရားနဲ့ တထိတ်ထိတ် စိတ်ပျော်ရွှင်ခြင်း ကင်းစေတဲ့ အမျိုးသမီးတွေ ဘဝတို့ကိုပါ ထောင့်စေ့စေ့ ပွင့်လင်း ရဲတင်းစွာ ရေးဖွဲ့ခဲ့ပါတယ်။
ဒေါ်လာ မျက်နှာဆိုပြီး ပျက်စီးသွားရတာ ရှိသလို ဟိုခေတ် အခါကလည်း “ဒင်္ဂါး” မျက်နှာလေလို့ ပြောပြီး ဘဝ ပျက်ရတာတွေလည်း အမြောက်အမြား ရှိခဲ့ပါတယ်။
ဒါကြောင့် ခေတ်ကာလ သားသမီး ခပ်နောက်နောက် ပြောင်လှောင်တဲ့ စကားထဲမှာ “သွားမပါချင်နေ ကားပါရင် ပြီးပါတယ်” ဆိုတဲ့ စကားဟာလည်း စကားနောက် တရားပါ သတိ လက်ကိုင်ထားရမယ့် သဘောတရားတွေ ဖြစ်တယ်လို့ ပြောရင်း အစစအရာရာ အဆင်ပြေစေဖို့၊ ဘေးအန္တရာယ် ကင်းကြဖို့ ကျမ ဆုတောင်း မေတ္တာ ပို့ပါတယ်။ ။
(စာရေး ဆရာမကြီး ခင်ဆွေဦး ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “မိန်းမနှင့်…” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)