ရှမ်းပြည်နယ်၊ သီပေါနှင့် ကျောက်မဲမြို့နယ်ကြား ဘော်ကြိုကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကျင်တီတံတားတပ်စခန်းကို ယနေ့ နံနက် ၅နာရီခွဲဝန်းကျင်တွင် တအာင်းတပ်မတော် (PSLF/TNLA )က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ထိုတိုက်ခိုက်သိမ်းပိုက်မှုသည် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့လုပ်ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး”၏ အစိတ်အပိုင်းတခုဖြစ်ပြီး ယနေ့တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းကားလမ်းအတွက် အဓိက အရေးပါသော ကျင်တီတံတားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
ကျင်တီတံတား မည်မျှအထိ ထိခိုက်ပျက်စီးသွားသည်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကျောက်မဲဒေသခံတဦးက ” အခုက အိမ်ထဲနေက မထွက်ရဲကြဘူးပေါ့။ လက်နက်ကြီးအသံတွေကလည်း ကြားနေတာကို။ ကျင်တီတံတား ပျက်စီးသွားတယ်လို့ သိရတယ်။ အဲဒီတံတားကသာ သွားမရတော့ဘူးဆိုရင် မြောက်ပိုင်းလမ်း၊ လားရှိုး၊ သီပေါ၊ မူဆယ်၊ နန့်ခမ်း အဲဒီဘယ်လမ်းမှ သွားလို့ မရတော့ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတိုက်ပွဲအခြေအနေများကြောင့် သီပေါ- ကျောက်မဲ လမ်းတလျှောက်တွင် လမ်းပိတ်ဆို့ထားမှုများရှိ၍ သွားလာရန် ခက်ခဲနေလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ကျင်တီတံတားတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ကျောက်မဲမြို့ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁) မှ ၁၂၂ မမ လက်နက်ကြီးများဖြင့် အရပ်ရှစ်မျက်နှာကို ဆက်တိုက်ပစ်ခတ်နေကြောင်း ကျောက်မဲမြို့ဒေသခံ နောက်ထပ်တဦးကလည်း ပြောသည်။
စစ်ကောင်စီသည် စစ်ရေးအရ အထိနာနေသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အများအပြားကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလျက် ရှိကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
‘၁၀၂၇ စစ်ဆင်ရေး’ နှစ်ပတ်ကျော်ကာလအတွင်း စစ်ကောင်စီသည် တပ်စခန်း ၁၇၀ နီးပါး ဆုံးရှုံးထားရပြီး ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ သိန္နီ မြို့တို့ကိုလည်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထိန်းချုပ်ထားသည်။
ထို့ပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ရှမ်းပြည်မြောက်ပိုင်း၏ အဓိက ဆက်သွယ်ရေး ကားလမ်းပိုင်းများကို ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များသို့ မြေပြင်စစ်ကူများ အလွယ်တကူ စေလွှတ်နိုင်ခြင်း မရှိတော့ပေ။
ထို့အတွက်ကြောင့် စစ်ကောင်စီသည် ကျောက်မဲမြို့နယ်ရှိ တပ်ရင်းများဆီ လေကြောင်းမှ ရဟတ်ယာဉ်များဖြင့် စစ်အင်အား ဖြည့်တင်းနေရပြီး တပ်ဖြန့်ဆောင်ရွက်လာခြင်းကြောင့် သီပေါ နှင့် ကျောက်မဲမြို့နယ်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup