မြန်မာစစ်ကောင်စီသို့ ငွေကြေး၊ လက်နက်နှင့် ဆက်စပ်ကိရိယာများ ပံ့ပိုးရာတွင် အဓိကကျသော စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။
ထိုအဖွဲ့က ထုတ်ပြန်သည့် စာရင်းသည် Forbes မဂ္ဂဇင်း၏ “30 Under 30” စာရင်းကို လှောင်ပြောင် ပုံတူကူး ဖော်ပြခြင်းဖြစ်သည်။
ထိုစာရင်းတွင် ပါဝင်သူများ၌ တူညီသောအချက် နှစ်ချက်ရှိကြောင်း JFM က ဖော်ပြသည်။ “သူတို့ အားလုံးသည် မြန်မာမှ မစဉ်းစားအပ်သော ရက်စက်ကြမ်းကြုတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ထောက်ပံ့ပြီး ချမ်းသာလာသူများဖြစ်ကာ ယခုထက်ပိုမို အသိတရားရှိသင့်သော အသက်အရွယ်ရှိသူများ ဖြစ်သည်” ဟု ဖော်ပြထားသည်။
ထိုစာရင်းသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် လက်နက်ဆက်စပ်ပစ္စည်း တတိယအများဆုံး ရောင်းချသည့် စင်ကာပူနိုင်ငံကို ဖိအားပေးရန်နှင့် အခြား အာဆီယံ နိုင်ငံများအနေဖြင့် ဘဏ္ဍာငွေနှင့် လက်နက်များ စစ်ကောင်စီထံ မရောက်ရှိစေရေး ရည်ရွယ်သည်။
အာဆီယံခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အင်ဒိုနီးရှားတွင် ယခုအပတ်အတွင်း တွေ့ဆုံသည်။
စာရင်း၏ထိပ်ဆုံးတွင် မြန်မာလက်နက်ပွဲစား ဦးတေဇ ပါဝင်သည်။ စင်ကာပူတွင် နေထိုင်သော ဦးတေဇသည် မြန်မာမှ လက်ရှိနှင့် လက်ဟောင်း စစ်အုပ်စုများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေသည့် ထူးကုမ္ပဏီများအုပ်စုကို တည်ထောင်သူ ဥက္ကဋ္ဌဖြစ်သည်။
“ယခုအခါ ဦးတေဇသည် စင်ကာပူနိုင်ငံ၊ ဆန်တိုဆာကျွန်းရှိ ခမ်းနားသော သုံးထပ်အိမ်တွင် အများအားဖြင့် နေထိုင်ပြီး မြန်မာပြည်သူများကို အစုလိုက်အပြုံလိုက် ဒုက္ခပေးနေသည့် မြန်မာစစ်တပ်ကို အထောက်အကူပြုသော စီးပွားရေးလုပ်ငန်း အနည်းဆုံး ၁၇ ခုကို လုပ်ကိုင်နေသည်” ဟု JFM က ဖော်ပြသည်။
လေတပ်နှင့်ရေတပ်သို့ ထောက်ပံ့နေသည့် အဓိက လက်နက်ကုန်သည် International Gateways ကို တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ထွဋ်အောင်နှင့် မြန်မာစစ်တပ်အတွက် အဆင့်မြင့် လက်နက်များ ထုတ်လုပ်ရန် လိုအပ်သော စက်၊ ကိရိယာနှင့် နည်းပညာဝယ်ယူရန် ကူညီနေသည့် လက်နက်ကုန်သည် Myanmar Chemical and Machinery Group မှ ဦးအောင်လှိုင်ဦးတို့သည်လည်း ထိုစာရင်းတွင် ပါဝင်သည်။
International Gateways Group ကွန်ရက်မှ ကုမ္ပဏီ ငါးခုကို စင်ကာပူတွင် မှတ်ပုံတင်ထားသည်ဟု JFM က ဖော်ပြသည်။
“စင်ကာပူအစိုးရက နိုင်ထွဋ်အောင်အား မြန်မာစစ်ကောင်စီကို ၎င်းတို့နယ်နိမိတ်အတွင်းမှ ကူညီထောက်ပံ့ရန် မည်မျှကြာကြာ ခွင့်ပြုထားမည်နည်း” ဟု JFM က မေးခွန်းထုတ်သည်။
ဦးအောင်လှိုင်ဦးကို နိုင်ငံအများအပြားက အရေးယူ ပိတ်ဆို့ထားသော်လည်း သူ၏လုပ်ငန်းစုမှ စင်ကာပူ ဌာနခွဲသည် ဆက်လက် လည်ပတ်နေသည်ဟုလည်း JFM က ဖော်ပြသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် Star Sapphire Group ကုမ္ပဏီများကို တည်ထောင်သူ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းမင်းလတ်သည် လွန်ခဲ့သောနှစ် စက်တင်ဘာလက ဘန်ကောက်တွင် မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခံရသူဖြစ်ပြီး ယခုစာရင်းတွင် သူလည်း ပါဝင်သည်။ Star Sapphire Group of Companies သည် အစ္စရေးထောက်လှမ်းရေး ဒရုန်းများ၊ လေယာဉ်အစိတ်အပိုင်းများကို မြန်မာလေတပ်အတွက် တင်သွင်းပေးသူ ဖြစ်သည်။
Star Sapphire Group of Companies သည် မြန်မာစစ်တပ်နှင့် ဆက်လက် အလုပ်လုပ်နေပြီး လည်ပတ်နေသည့် လုပ်ငန်းခွဲတခု စင်ကာပူတွင်ရှိသည်ဟု JFM က ဖော်ပြသည်။
အရပ်သားများကို သတ်ရန် မြန်မာစစ်တပ်အတွက် လက်နက် အရောင်းအဝယ်များကို ညှိနှိုင်းပေးပြီး ဘယ်လာရုစ်အစိုးရမှ အကျိုးအမြတ်များစွာ ရနေသည့် Dynasty Group of Companies ကို တည်ထောင်သူ ဦးအောင်မိုးမြင့်သည်လည်း ထိုစာရင်းတွင် ပါဝင်သည်။
အခြားနိုင်ငံအများအပြားက သူ့ကို အရေးယူပိတ်ဆို့ထားသော်လည်း ဦးအောင်မိုးမြင့်သည် စင်ကာပူတွင် လုပ်ငန်းများ ဆက်လက် လည်ပတ်နေကြောင်း JFM က ဖော်ပြသည်။
စာရင်းတွင် ပါဝင်သည့် အခြားသူများမှာ Shoon ကုမ္ပဏီများအုပ်စုကို တည်ထောင်သူနှင့် ဒါရိုက်တာ ကျောက်ကျားရွှေ ဟုသိကြသည့် ခင်ဖြူဝင်း၊ KT group အမှုဆောင်အရာရှိချုပ် ဂျိုနသန် ကျော်သောင်း၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီများအုပ်စုကို တည်ထောင်သူ ဥက္ကဋ္ဌ သိန်းဝင်းဇော်နှင့် ရင်းနှီးမြှုပ်နှံသူ ဂျော့ယင်ဆွန်းတို့ ဖြစ်သည်။
“စင်ကာပူအစိုးရသည် မြန်မာသို့ လက်နက်ပို့ဆောင်မှု ရပ်ဆိုင်းအောင်လုပ်ရန် လူသိရှင်ကြား ကတိပြုထားပြီး ဖြစ်သော်လည်း လက်ရှိအချိန်အထိ ၎င်းတို့၏ အားထုတ်မှုများသည် လုံလောက်ခြင်း မရှိပေ” ဟုလည်း JFM က ထောက်ပြသည်။
မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ၏ နောက်ဆုံး အစီရင်ခံစာတွင် မြန်မာစစ်တပ်နှင့် အမေရိကန်ဒေါ်လာ ၂၄၇ သန်းဖိုး ကုန်သွယ်ခဲ့သော စင်ကာပူမှ လက်နက်ပစ္စည်း ပေးသွင်းသည့် လုပ်ငန်း ၁၃၈ ခုကို ဖော်ထုတ်ခဲ့သည်။
စင်ကာပူအစိုးရသည် ၎င်း၏ တရားစီရင်ပိုင်ခွင့်နယ်ပယ်မှ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှုများကို ရပ်ဆိုင်းအောင်လုပ်လျှင် စစ်ကောင်စီက စစ်ရာဇဝတ်များ ကျူးလွန်နိုင်စွမ်း သိသိသာသာ ထိခိုက်သွားမည်ဟုလည်း JFM က ဖော်ပြသည်။
စင်ကာပူအနေဖြင့် မြန်မာစစ်တပ်သို့ လက်နက်များနှင့် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းမှုကို ပိတ်ဆို့ရန်၊ အရေးယူပိတ်ဆို့မှုလုပ်ရန် JFM က တိုက်တွန်းသည်။ စစ်ကောင်စီ ဘဏ်စာရင်းများ အပါအဝင် ပစ်မှတ်ထား အရေးယူမှုများဖြင့် စစ်ကောင်စီက စင်ကာပူ ဘဏ္ဍာရေးစနစ်ကို အသုံးပြုခွင့် ပိတ်ဆို့ရန်လည်း ထိုအဖွဲ့က စင်ကာပူကို တောင်းဆိုသည်။
မြန်မာစစ်တပ်သို့ လက်နက်နှင့် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းနှင့် နည်းပညာများ ရောင်းချနေသည့် စင်ကာပူ ကုမ္ပဏီများကို လက်ရှိပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှုများအား ပိုမိုလျင်မြန်စွာ ပြုလုပ်ရန်နှင့် လူသိရှင်ကြား ထုတ်ပြန်ရန်လည်း ထိုအဖွဲ့က တောင်းဆိုသည်။ မြန်မာစစ်တပ်အပေါ်နှင့် ၎င်းနှင့် စီးပွားရေးလုပ်သော အဖွဲ့အစည်းများကို အခြား အာဆီယံနိုင်ငံများအနေဖြင့် ထပ်မံအရေးယူ ပိတ်ဆို့သင့်သည်ဟုလည်း JFM က ဖော်ပြသည်။
You may also like these stories:
စင်ကာပူလုပ်ငန်းက စစ်ကောင်စီနှင့် ဆက်စပ်စီမံကိန်းတွင် ဆက်လက်ပတ်သက်နေ
စစ်ကောင်စီကို ထောက်ပံ့နေသည့် စင်ကာပူအခြေစိုက် လုပ်ငန်း ၁၀၀ ခန့် ရှိ
မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
မြန်မာရေတပ်သို့ တားမြစ်ပစ္စည်းရောင်းခဲ့ကြောင်း စင်ကာပူ နိုင်ငံသား ၂ ဦး ဝန်ခံ
နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ
စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ













