မိုခါမုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ ၅ လခန့် ကြာပြီဖြစ်သော်လည်း ပြည်တွင်းပြည်ပကူညီများကို စစ်ကောင်စီက အမျိုးမျိုး ကန့်သတ်ပိတ်ပင်နေပြီး ၎င်းတို့ကသာ အလုံးအရင်းဖြင့် အကူအညီ ပေးနေသယောင် သတင်းစာများမှနေ၍ ဝါဒဖြန့် နေကြောင်း ဒေသခံအရပ်ဘက် အဖွဲ့အစည်းများကဆိုကြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နေပြည်တော်ဝန်ကြီးများ အစည်းအဝေး၌ ပြည်တွင်းပြည်ပ ကူညီပေးရေးအဖွဲ့များသည် ပြည်ပအစိုးရများ၏ နောက်လိုက်များ ဖြစ်သည်ဟု စွပ်စွဲကာ ယခုထက်ပိုမို အနီးကပ်ကြီးကြပ်ရန် ညွှန်ကြားလိုက်သည်။
ယခုလို သဘာဝဘေးအန္တရာယ်နှင့် ကြုံချိန် ထိုသို့ပြောဆိုမှုသည် ပြည်သူအတွက် မစဉ်းစားဘဲ ၎င်းတို့ အာဏာတည် မြဲရေးသာ ဦးတည် လုပ်ကိုင်နေသည်ဟု ရခိုင်အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်ကြသည်။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်းက “ရခိုင်စစ်ပွဲကာလတုန်းကလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ သူတို့ ပိတ်ဆို့ခဲ့တယ်။ အခု စစ်ပွဲလည်း မရှိဘူး။ သဘာဝဘေးအန္တရာယ်ကို အလူးအလဲ ခံနေကြရတာကို သူတို့လည်းမကူတဲ့အပြင် နိုင်ငံတကာက ကူညီပေးတဲ့အဖွဲ့တွေကို ပိတ်ပင်တားဆီးတယ် ဆိုတာက ပြည်သူ ဘယ်လောက် ဒုက္ခရောက်ရောက် သူတို့ ဂရုမစိုက်ဘူး။ သူတို့ အာဏာတည်မြဲရေးကိုသာ သွားနေတယ်လို့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ရခိုင်စစ်ပွဲကာလကလည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ကုန်စည်စီးဆင်းမှုနှင့်အတူ အခြေခံ ဆေးဝါးလိုအပ်ချက်များကိုပင် တင်သွင်း၊ သယ်ယူခွင့် ပိတ်ဆို့ခဲ့သည်။

စစ်တွေမြို့အခြေစိုက် အရပ်ဘက်အဖွဲ့မှ တာဝန်ခံတဦးကလည်း “ကျနော်တို့ မြေပြင်ကို ကွင်းဆင်းပြီး ကူညီကယ်ဆယ်ရေး လုပ်တဲ့အခါမှာ အဓိကကြုံရတာက စစ်တပ် စစ်ဆေးရေးဂိတ်တွေက နယ်/ လုံဝန်ကြီး ခွင့်ပြုချက် လက်မှတ်တောင်းတယ်။ ကျနော်တို့ ခွင့်ပြုချက်တင်ရင်လည်း ပေးချင်တဲ့အချိန် ပေးတယ်။ ကျနော်တို့ အချိန်အကြာကြီး မစောင့်နိုင်တော့ တခြားလမ်းကြောင်းတွေ ရှာပြီးတော့ သွားရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
မေ ၁၄ ရက်က ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်သွားသည့် မိုခါမုန်တိုင်းကြောင့် ပြည်နယ်မြောက်ပိုင်းရှိ အိမ်အားလုံးနီးပါးပြိုပျက်သွားခဲ့ပြီး မိရိုးဖလာ လုပ်ကိုင်စားသောက်သည့် ငါးဖမ်းလုပ်ငန်းနှင့် အတူ လယ်ယာလုပ်ငန်းခွင်များပါ ထိခိုက်ဆုံးရှုံးခဲ့ရသည်။
ထို့အပြင် သြဂုတ်လ ဒုတိယအပတ်က ရေကြီးမှုသည်လည်း စစ်ဒဏ်၊ မုန်တိုင်းဒဏ် အများဆုံးခံကြရသည့် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်ပြား စသည့်မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားသဖြင့် လယ်ဧကထောင်နှင့်ချီပျက်စီးခဲ့ရပြီး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
ကျောက်တော်မြို့နယ်အတွင်းက လယ်သမားတဦးက “ကျနော်တို့ မိသားစုဆိုရင် မုန်တိုင်းမှာ အိမ်ပါသွားလို့ အိမ်လည်း ပြန်မဆောက်နိုင်ဘူး။ အိမ်ဆောက်မယ့် ကုန်ကျငွေကို လယ်ထဲသွင်းပြီး မိသားစုတခုလုံး လယ်တဲမှာ နေကြတာ။ အခု ရေကြီးလို့တခါ လယ်တွေ ပျက်ကုန်တယ်။ စစ်ကောင်စီကလည်း ဘာကူညီမှုမှ မရဘူး။ သွားတိုက်ဆေးတဗူးနဲ့ ဆန်နို့ ဆီဗူး၂၀ ဗူး နှစ်ကြိမ်ရတယ်။ အဲဒီဆန်တွေလည်း ဒီဇယ်ဆီနံ့တွေ တထောင်းထောင်းနံလို့ ကြက်စာပဲ ကျွေးလိုက်ရ တယ်။ အခု မိသားစုတခုလုံး စားစရာမရှိလို့ မိုင်းအန္တရာယ်ကြားထဲက တောင်ပေါ်ကို မျှစ်ခူးဖို့ သွားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ရေး ပဋိပက္ခနှင့်အတူ သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော မြန်မာပြည်သူများအရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) အကြီးအကဲ မစ္စတာ မာတင် ဂရစ်ဖစ်သ် သည် သြဂုတ်လ ၁၅ရက်က မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ရောက်ရှိခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ခဲ့သလို ရခိုင်ပြည်နယ်သို့လည်း သွားရောက်လေ့လာခဲ့သည်။

ယင်းခရီးစဉ်အပြီး မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးရေးများ၌ တင်းကျပ်ထားသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ကန့်သတ်ချက်များအတွက် စိုးရိမ်မိကြောင်း၊ ကိုဗစ်၊ ပဋိပက္ခနှင့် လွန်ခဲ့သော ၃ လခန့်က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းဒဏ်ကြောင့် ဒေသခံများ အခက်အခဲများနှင့် ဆက်တိုက် ဆိုသလို ရုန်းကန် ရင်ဆိုင်နေသည်ကို ယခုခရီးစဉ်တွင် မြင်တွေ့ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) အကြီးအကဲက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ရက်ကမူ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid နှင့် စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံသလို UNHCR ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mrs. Noriko Takagi နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ စိုးဝင်းတို့ နောက်တရက်တွင် တွေ့ဆုံ၍ သဘာဝဘေးနှင့် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များအား လူသားချင်းစာနာမှု အကာအကွယ်ပေးမှုလုပ်ငန်း တာဝန်များ၊ ပဋိပက္ခဖြစ်ပွား၍ နေရပ်စွန့်ခွာသူများရှိသည့် ပြည်နယ်နှင့်တိုင်းများတွင် အထောက်အပံ့ ပေးနိုင်ရေးကိစ္စရပ်များ ရလိုကြောင်း ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံဆွေးနွေးမှုများအတွင်း အကန့်သတ်များ ဖြေလျော့ခြင်း ရှိမရှိအတွက် တစုံတရာ အဖြေထွက်ရှိခြင်း မရှိခဲ့သလို၊ လက်ရှိအချိန်ထိ အကူအညီပေးရေး လုပ်ငန်းများမှာ ပိတ်ပင်ခံထားရဆဲ ဖြစ်သည်။
အကူအညီပေးမှုများကို ပိတ်ပင်ထားပြီး ပြည်တွင်းပြည်ပ ကူညီပေးရေးအဖွဲ့များအပေါ် စစ်ခေါင်းဆောင်၏ စွပ်စွဲချက် အပေါ် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ဒီလို ကန့်သတ်ပိတ်ပင်တာမျိုး ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့မှလုပ်မှာ မဟုတ်ဘူး။ အထူးသဖြင့် သဘာဝ ဘေးအန္တရာယ်ပတ်သက်လို့ အားလုံးက ကူညီချင်ကြတယ်။ ဒါကို စစ်ကောင်စီက ပိတ်ပင်နေတယ်။ ကမ္ဘာကလည်း ဒါကို လက်မခံတဲ့အတွက် သူတို့ကို တန်ပြန် ဒဏ်ခတ်တာကို ခံနေရပြီ။ သူတို့အတွက် ရန်သူတွေ ဝိုင်းရံလာပြီးတော့ တဆင့်ပြီးတဆင့် ကျဆုံးမှုလမ်းကြောင်းကို သွားနေတဲ့လုပ်ရပ် တခုသာ ဖြစ်တယ်” ဟု ဧရာဝတီသို့သုံးသပ် ပြောဆိုသည်။














