စင်ကာပူနိုင်ငံမှ အဓိကကျသော ဘဏ်တခုသည် ကမ္ဘာ့ဘဏ္ဍာရေးစနစ်အား စစ်ကောင်စီ အသုံးပြုခွင့်ရနေခြင်းကို သိသိသာသာ ကန့်သတ်သည့် လုပ်ဆောင်မှုအဖြစ် မြန်မာဘဏ်များနှင့် အဆက်အသွယ် ဖြတ်တောက်ပြီး ပြည်တွင်းပြည်ပ ငွေလွှဲပြောင်းမှု ကြားခံဘဏ် ဆက်ဆံရေးကို အဆုံးသတ်တော့မည် ဖြစ်သည်။
လွန်ခဲ့သောအပတ်က မြန်မာဘဏ်များသို့ ပေးပို့သည့် လျှို့ဝှက်စာတွင် United Overseas Bank (UOB) က ၎င်းတို့သည် မြန်မာအကောင့်မှ မြန်မာသို့ ဝင်ရောက်လာသော သို့မဟုတ် ထုတ်ပေးလိုက်သော ပေးချေမှုများ အားလုံးကို ကန့်သတ်ပိတ်ပင်ပြီး ငွေလွှဲပြောင်းပေးခြင်းကို ဘဏ်ရှိအကောင့်များ အတွင်းတွင်သာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုဘဏ်သည် မြန်မာလူပုဂ္ဂိုလ်များနှင့် ဘဏ်များ၏ ဗီဇာကတ်နှင့် မာစတာကတ် ငွေပေးငွေယူများကိုလည်း တင်းကျပ်သော ထိန်းချုပ်မှုသစ်များ ကြေညာပြီး ထိုသို့လုပ်ဆောင်ခြင်းကို UOB ငွေစာရင်း အချင်းချင်းကြားတွင်သာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောသည်။
ထို့အပြင် UOB က ၎င်းတို့၏ ဟောင်ကောင်ဌာနခွဲရှိ မြန်မာဘဏ်များ၏ Nostro ငွေစာရင်းများကိုလည်း ပိတ်မည်ဖြစ်ကြောင်း ပြောကြားသည်။ Nostro ငွေစာရင်းဆိုသည်မှာ ကုန်သွယ်ရေး အဆင်ပြေစေရန်အတွက် ရေခြားမြေခြားဘဏ်များတွင် ဖွင့်ထားသည့် နိုင်ငံခြားငွေ ငွေစာရင်းများ ဖြစ်သည်။
UOB သည် မြန်မာဗိုလ်ချုပ်များ၊ ကော်ပိုရေးရှင်းကြီးများနှင့် ချမ်းသာကြွယ်ဝသော ပုဂ္ဂလိကများသာမက နိုင်ငံတကာအဖွဲ့အစည်း အများအပြားနှင့် ရင်းနှီးမြှုပ်နှံသူများ၊ အထူးသဖြင့် မြန်မာမှ လုပ်ငန်းများကို စင်ကာပူမှ စီမံသူများ စိတ်တိုင်းအကျဆုံး ရေခြားမြေခြားဘဏ် ဖြစ်သည်ဟု ကျော်ကြားသည်။
UOB သည် မြန်မာဗိုလ်ချုပ်များ၊ ကော်ပိုရေးရှင်းကြီးများနှင့် ချမ်းသာကြွယ်ဝသော ပုဂ္ဂလိကများသာမက နိုင်ငံတကာအဖွဲ့အစည်း အများအပြားနှင့် ရင်းနှီးမြှုပ်နှံသူများ၊ အထူးသဖြင့် မြန်မာမှ လုပ်ငန်းများကို စင်ကာပူမှ စီမံသူများ စိတ်တိုင်းအကျဆုံး ရေခြားမြေခြားဘဏ် ဖြစ်သည်ဟု ကျော်ကြားသည်။
စင်ကာပူ ဘဏ္ဍာရေး အင်စတီကျူးရှင်းများတွင် ယခင်က မလုပ်ဖူးသည့် ထိုအရေးယူ ဆောင်ရွက်မှုများသည် မြန်မာစစ်ကောင်စီအတွက် ရေခြားမြေခြား ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ထိန်းချုပ်ရန် အမေရိကန် ပြည်ထောင်စု၏ ဖိအားပေးမှုကို တုံ့ပြန်ခြင်းဟု ဘဏ်လုပ်ငန်းသုတေသီအချို့က မြင်သည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်ကောင်စီနှင့် စီးပွားရေးပတ်သက်ခြင်းကြောင့် ပေးဆပ်ရသော တန်ဖိုးကြီးမားလာခြင်းနှင့် ဂုဏ်သိက္ခာထိခိုက်မည့် အန္တရာယ်ကို ထင်ဟပ်နေသည်။ စစ်ကောင်စီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့ပြီး ခုခံတော်လှန်ရေး အင်အားစုများကို ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးပြုလုပ်နေသည်။
UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။
ထိုသို့ စီစဉ်ထားသော မူဘောင်နှင့် ပတ်သက်၍ UOB က မှတ်ချက်ပေးရန် ငြင်းဆန်ပြီး “ဝန်ဆောင်မှု အသုံးပြုသူတွေနဲ့ ဆက်ဆံရေးကို ကျနော်တို့ မှတ်ချက်ပေးလေ့ မရှိပါဘူး” ဟု ပြောခွင့်ရသူတဦးက Nikkei Asia သို့ ပြောသည်။ “ဒါပေမယ့် ကျနော်တို့က ကျနော်တို့ ဝန်ဆောင်မှုအသုံးပြုသူတွေကို ဆက်လက် ဝန်ဆောင်မှု ပေးနေမှာဖြစ်ပြီး ငွေပေးငွေယူတွေ လုပ်ပေးနေမှာပါ” ဟု ပြောသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိပေ။
UOB က အသိပေးအကြောင်းကြားစာ ပို့ပြီးနောက်တွင် မြန်မာမှ အကြီးမားဆုံး စီးပွားရေးဘဏ်များသည် ဝန်ဆောင်မှု သုံးစွဲသူများအတွက် သတိပေးချက်များ ထုတ်ပြန်သည်။
UOB က အသိပေးအကြောင်းကြားစာ ပို့ပြီးနောက်တွင် မြန်မာမှ အကြီးမားဆုံး စီးပွားရေးဘဏ်များသည် ဝန်ဆောင်မှု သုံးစွဲသူများအတွက် သတိပေးချက်များ ထုတ်ပြန်သည်။

ဧရာဝတီဘဏ်က ၎င်းတို့ ငွေစာရင်းရှိသူများကို ပြီးခဲ့သည့် သောကြာနေ့တွင် အသိပေး အကြောင်းကြားစာများ ပေးပို့သည်။ “မိမိတို့၏ အဓိက ကြားခံဘဏ်ဖြစ်သော စင်ကာပူ UOB ဘဏ်မှ အရေးပါသော နောက်ဆုံး ထုတ်ပြန်ချက်တခုကို မိမိတို့ ရရှိထားသည်။ UOB သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး UOB တွင် ဖွင့်ထားသော ငွေပေးငွေယူ ပေးချေမှုများကိုသာ လက်ခံတော့မည် ဖြစ်သည်။ …. ဧရာဝတီသည် ငွေစီးဆင်းမှု အနှောက်အယှက် မဖြစ်ရေး အခြား မိတ်ဘက်ဘဏ်များနှင့် ဆက်လက် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်” ဟု ထိုအကြောင်းကြားစာတွင် ဖော်ပြထားသည်။
UOB က ထိုသို့ဆုံးဖြတ်ခြင်းသည် အမေရိကန်ဖိအား၊ အနောက်တိုင်း အရေးယူမှုများနှင့် မြန်မာနှင့်ပတ်သက်သော ငွေပေးငွေယူများကို ပိုမိုကြီးကြပ်ရန် နိုင်ငံတကာ တောင်းဆိုမှုများ ကြီးထွားလာခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း UOB နှင့် အကျွမ်းတဝင်ရှိသည့် ရန်ကုန်အခြေစိုက် ပြည်ပဘဏ်လုပ်ငန်းရှင်တဦးက ပြောသည်။
မကြာသေးမီက လများအတွင်း စင်ကာပူသို့ အဆင့်မြင့် အမေရိကန် ကိုယ်စားလှယ်များ သွားရောက်လည်ပတ်ပြီးနောက် ယခုဖြစ်ရပ် ပေါ်ပေါက်လာသည်။ ထိုအဆင့်မြင့် ကိုယ်စားလှယ်များတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ မစ္စတာ ဒဲရက် ချိုလက်နှင့် အဆင့်မြင့် အရေးယူပိတ်ဆို့ရေး အရာရှိများပါဝင်ပြီး ၎င်းတို့သည် စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့၊ စင်ကာပူမှ အဓိကဘဏ်များနှင့် ဧပြီလတွင် တွေ့ဆုံသည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ခရီးစဉ်တခုတွင် မစ္စတာ ချိုလက်က မြန်မာစစ်တပ်၏ ရေခြားမြေခြား ဘဏ္ဍာရေးပိုင်ဆိုင်မှုများကို အသုံးပြုခွင့် မရစေရန် နည်းလမ်းများကို စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့နှင့် ဆွေးနွေးကြောင်း တွစ်တာတွင် ရေးသားသည်။
မြန်မာစစ်တပ်နှင့် အစိုးရအဖွဲ့အစည်းများအတွက် အရေးပါသော ရေခြားမြေခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးရာ နေရာအဖြစ် ကျော်ကြားလာသော အံ့သြစရာ စင်ကာပူ၏ အခန်းကဏ္ဍကို ၂၀၂၂ ခုနှစ်၊ မေလ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း ဝါရှင်တန်သို့ သွားရောက်စဉ်က ဆွေးနွေးခဲ့ရသည်။
မြန်မာစစ်တပ်နှင့် အစိုးရအဖွဲ့အစည်းများအတွက် အရေးပါသော ရေခြားမြေခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးရာ နေရာအဖြစ် ကျော်ကြားလာသော အံ့သြစရာ စင်ကာပူ၏ အခန်းကဏ္ဍကို ၂၀၂၂ ခုနှစ်၊ မေလ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း ဝါရှင်တန်သို့ သွားရောက်စဉ်က ဆွေးနွေးခဲ့သည်ဟု နားလည်ရသည်။
UOB သည် မြန်မာတွင် ကိုယ်စားလှယ်ရုံးကို ၁၉၉၄ ခုနှစ်က ရန်ကုန်တွင် ထူထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က လက်ကား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ပထမလှိုင်း ဘဏ်လုပ်ငန်း အများအပြားတွင် ပါဝင်သည်။ စင်ကာပူမှ OCBC ဘဏ်သည်လည်း ထိုနှစ်တွင်ပင် လုပ်ကိုင်ခွင့်လိုင်စင်ရခဲ့ပြီး နိုင်ငံခြားဘဏ် ကိုးခုအနက် တခုဖြစ်သည်။ UOB သည် ရန်ကုန်တွင် ပထမဆုံး ရုံးခွဲကို ၂၀၁၅ ခုနှစ်တွင် ဖွင့်သည်။
UOB သည် ထိုနှစ်များအတွင်း မြန်မာကုမ္ပဏီများ၊ စစ်တပ်လုပ်ငန်းများ၊ ချမ်းသာသော တသီးပုဂ္ဂလများနှင့် ဘဏ်လုပ်ငန်းတွင် ခြင်္သေ့ဝေစုဟု ခေါ်သည့် ရန်ကုန်မှ ဘဏ်လုပ်ငန်းရှင်တဦးပြောသော ဝေစုကိုရပြီး မြန်မာမှ နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုဘဏ် (MICB) အပါအဝင် အဓိကဘဏ်များနှင့် ကြားခံဘဏ် ဖြစ်လာသည်။ ထိုဘဏ် နှစ်ခုသည် စစ်တပ်နှင့် ပတ်သက်နေသောကြောင့် အမေရိကန် ပြည်ထောင်စုက မေလတွင် အရေးယူ ပိတ်ဆို့လိုက်သည်။
UOB ၏ ယခုနောက်ဆုံး ဆုံးဖြတ်ချက်၏ ရိုက်ခတ်မှုသည် လွန်စွာကြီးမားကြောင်း ရန်ကုန်အခြေစိုက် ပြည်ပဘဏ္ဍာရေး ကျွမ်းကျင်သူတဦးက ပြောသည်။
“UOB အပေါ် မြန်မာ့ဘဏ်လုပ်ငန်းနဲ့ စီးပွားရေးကဏ္ဍက မှီခိုနေရတဲ့ ရာခိုင်နှုန်းကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် အရမ်းမြင့်မားတယ်” ဟု ၎င်းကပြောသည်။ အမေရိကန်အခြေစိုက် ဂျေပီမော်ဂန်ဘဏ်သည် မြန်မာနှင့် ပတ်သက်သည့် ငွေပေးငွေယူများကို ယခုနှစ်အစောပိုင်းက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရပ်စဲခဲ့သော်လည်း UOB သည် နိုင်ငံခြားငွေပေးငွေယူများကို ဆက်လက် လုပ်ကိုင်ခဲ့သည်ဟု ထိုဘဏ်လုပ်ငန်း ကျွမ်းကျင်သူက ပြောသည်။
“UOB ရဲ့ ဆုံးဖြတ်ချက်က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပေမယ့် ဒါဟာ အရမ်းကို နမူနာ သင်္ကေတဆန်ပြီး တခြား ရေခြားမြေခြားဘဏ်တွေ လိုက်ရမယ့် နည်းလမ်းဖြစ်တယ်လို့ အဓိပ္ပာယ်ရနေတယ်”
“UOB ရဲ့ ဆုံးဖြတ်ချက်က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပေမယ့် ဒါဟာ အရမ်းကို နမူနာ သင်္ကေတဆန်ပြီး တခြား ရေခြားမြေခြားဘဏ်တွေ လိုက်ရမယ့် နည်းလမ်းဖြစ်တယ်လို့ အဓိပ္ပာယ်ရနေတယ်” ဟုလည်း ၎င်းကပြောသည်။
မြန်မာငွေပေးငွေယူ ရှင်းလင်းပေးခြင်းမှ မည်သည့်အတွက် နောက်ဆုတ်သည်ကို ဂျေပီမော်ဂန်က ရှင်းလင်းပြောကြားခြင်း မပြုပေ။
စင်ကာပူနိုင်ငံသည် အစဉ်အလာအားဖြင့် မြန်မာအတွက် အဓိက ရေခြားမြေခြားဘဏ်လုပ်ငန်း အချက်အခြာဖြစ်သည်ဟု မြင်ကြသည်။ စင်ကာပူသည် မြန်မာစစ်တပ်အတွက် ဒေါ်လာ ၂၅၄ သန်းတန်သော လက်နက်ကုန်သွယ်မှုနှင့် ပတ်သက်နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ တွမ်အင်ဒရူးက မေလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတခု၌ ဖော်ပြသည်။ လက်နက်လွှဲပြောင်းမှုအတွက် ဒေါ်လာ သန်းပေါင်းများစွာတန်သည့် ငွေပေးချေမှုများကို ရွှေ့ပြောင်းရန် လက်နက်ပွဲစားများက စင်ကာပူဘဏ်များကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြောင်း ထိုအစီရင်ခံစာက ပြောသည်။
အစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင် စင်ကာပူဘဏ်များသည် အစိုးရ၏ ပိတ်ပင်မှုနှင့်အညီ လက်နက်ကုန်သွယ်မှုများ ချောမွေ့စေရန် လုပ်ဆောင်ပေးမည် မဟုတ်ကြောင်းနှင့် ထိုအင်စတီကျူးရှင်းများသည် လိုအပ်လျှင် နောက်ထပ် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့က မေလ ၁၉ ရက်နေ့တွင် ပြောသည်။
UOB ကိုယ်တိုင်က မြန်မာနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုကြောင့် စိတ်မသက်သာမှု ဖြစ်နေကြောင်း ပြသနေသည်။ ဇူလိုင်လတွင် UOB က စစ်ကောင်စီနှင့် ပတ်သက်နေသော စီးပွားရေးလုပ်ငန်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ကို ၎င်းတို့လေကြောင်းလိုင်း ငွေစာရင်းများအား သြဂုတ်လလယ်တွင် ပိတ်မည်ဖြစ်ကြောင်း သတိပေးသည်။
UOB က ဝက်အူတင်းကျပ်လိုက်ခြင်းတွင် အခြားအချက်များလည်း ပါဝင်ကြောင်း ဘန်ကောက်အခြေစိုက် ဘဏ်လုပ်ငန်း သုတေသီတဦးက ပြောသည်။ လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် ပါရီအခြေစိုက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဖြစ်သော ဘဏ္ဍာရေး အရေးယူရေးအဖွဲ့ (Financial Action Task Force) က မြန်မာသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့မှုကို တားဆီးရာတွင် မြောက်ကိုရီးယား၊ အီရန်နှင့်အတူ အမည်ပျက်စာရင်းဝင်ကြောင်း ကြေညာလိုက်သည်။
“အဓိက ကတော့ စင်ကာပူဘဏ်ကြီးတွေ အနေနဲ့ မြန်မာနဲ့ပတ်သက်ပြီး နောက်ထပ် ပြဿနာတွေနဲ့ ဂုဏ်သိက္ခာကျဆင်းမှုတွေ ဖြေရှင်းဖို့ မလိုတော့ဘူး”
“အဓိက ကတော့ စင်ကာပူဘဏ်ကြီးတွေ အနေနဲ့ မြန်မာနဲ့ပတ်သက်ပြီး နောက်ထပ် ပြဿနာတွေနဲ့ ဂုဏ်သိက္ခာကျဆင်းမှုတွေ ဖြေရှင်းဖို့ မလိုတော့ဘူး” ဟု ထိုသုတေသီက ပြောသည်။
စင်ကာပူ ဘဏ္ဍာရေး အသိုက်အဝန်းအတွင်း မြန်မာနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများသည် မကြာသေးမီက ပြင်းထန်လာကြောင်း စင်ကာပူနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် မြန်မာဘဏ်လုပ်ငန်း အမှုဆောင်တဦးက ပြောသည်။ ထိုအချိန်မတိုင်မီက နိုင်ငံတကာ ဖိအားရှိသော်လည်း ထိုနိုင်ငံတကာဘဏ်များသည် စင်ကာပူ၏ ဘဏ္ဍာရေး အချက်အခြာဆိုသည့် ဂုဏ်သိက္ခာ ထိခိုက်မည်ကို၊ အထူးသဖြင့် လွန်စွာချမ်းသာကြွယ်ဝသော တရုတ်နှင့် အရှေ့အလယ်ပိုင်း ဖောက်သည်များအကြား ပုံရိပ်ကျဆင်းမည်ကို စိုးရိမ်ခြင်းကြောင့် ပြင်းထန်သော အရေးယူမှု မလုပ်ကြောင်း သိရသည်။
“တကယ်တော့ သူတို့က နိုင်ငံတကာ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ရင် ‘အာရှက ဆွစ်ဇာလန်’ လို့ ဂုဏ်ယူနေကြတာ” ဟုလည်း ထိုဘဏ်လုပ်ငန်းရှင်က ပြောသည်။ “ဒါပေမယ့် အခုအချိန်မှာ အားလုံး နားလည်ထားတာက မြန်မာငွေစာရင်းနဲ့ မပတ်သက်ရေး စောင့်ကြည့်တာက ဂုဏ်သိက္ခာ မထိခိုက်ရေးဘက်ကို ရောက်လာတယ်” ဟုလည်း ဆက်ပြောသည်။
ထိုင်းများသည် မြန်မာနှင့် ဘဏ်လုပ်ငန်းဆက်ဆံရေး ပျိုးထောင်နေပြီး စင်ကာပူမှ ပြောင်းလာသည့် မြန်မာဖောက်သည်များကို တက်တက်ကြွကြွ ကြိုဆိုနေပုံရသည်
စင်ကာပူဘဏ်များတွင် အကြီးဆုံး သုံးခုအနက် နှစ်ခုဖြစ်သည့် OCBC နှင့် DBS တို့ကလည်း အလားတူ လုပ်ဆောင်ကြသည်။ OCBC သည် အလားတူ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း မြန်မာဘဏ်တခုက ပြောသော်လည်း OCBC ပြောခွင့်ရသူက မှတ်ချက်ပေးရန် ငြင်းဆန်သည်။
“တချိန်တည်းမှာ ထိုင်းဘဏ်တွေက အဲဒီနေရာတွေကို အစားထိုးဖို့ အသင့်ရှိနေတယ်” ဟုလည်း ဘဏ်လုပ်ငန်း အမှုဆောင်က ပြောသည်။ တားဆီးမရသည့် အမေရိကန် ဖိအားကြောင့် ထိုင်းများသည် မြန်မာနှင့် ဘဏ်လုပ်ငန်းဆက်ဆံရေး ပျိုးထောင်နေပြီး စင်ကာပူမှ ပြောင်းလာသည့် မြန်မာဖောက်သည်များကို တက်တက်ကြွကြွ ကြိုဆိုနေပုံရသည်ဟုလည်း ပြောသည်။
သို့သော် ရန်ကုန်အခြေစိုက် ဥရောပကုမ္ပဏီတခုမှ နိုင်ငံခြားသား အမှုဆောင်တဦးက မြန်မာဘဏ်များသည် မကြာမီ ပိုမို အထီးကျန်လာမည်ဟု သတိပေးသည်။ ” နောက်ထပ်အဓိက စင်ကာပူ ဘဏ်နှစ်ခုက အခုလို လိုက်လုပ်တာ အံ့သြစရာ မရှိဘူး။ အခုအချိန်မှာတော့ ဆင့်ကဲသက်ရောက်မှုကိုပဲ ကျနော်တို့ စိုးရိမ်တယ်။ စင်ကာပူအတွက်သာ မကဘူးလို့ ကျနော်ဆိုလိုပါတယ်” ဟု ပြောသည်။
(Nikkei Asia ပါ Gwen Robinson ၏ Key Singapore bank UOB moves to cut off Myanmar ကို ဘာသာပြန်သည်။ Gwen Robinson သည် Nikkei Asia မှ လွတ်လပ်သော အရှေ့တောင်အာရှရေးရာ အယ်ဒီတာတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီဘဏ်များနှင့် ထိတွေ့ဆက်ဆံမှုများ စတင်အရေးယူမည်ဟု အမေရိကန်သတိပေး
ဆန်ရှင်ကို ရှောင်ဖို့ ခရိုနီဘဏ်တွေကတဆင့် ထွက်ပေါက်ယူလိမ့်မယ်
စင်ကာပူလုပ်ငန်းက စစ်ကောင်စီနှင့် ဆက်စပ်စီမံကိန်းတွင် ဆက်လက်ပတ်သက်နေ
MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း
စစ်ကောင်စီကို ထောက်ပံ့နေသည့် စင်ကာပူအခြေစိုက် လုပ်ငန်း ၁၀၀ ခန့် ရှိ
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ
မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို