စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးမြှင့်ခြင်း နှင့် သံရုံးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စင်္ကာပူရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။
စင်္ကာပူနိုင်ငံအတွင်း နေထိုင်ခွင့်အမျိုးအစားအပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားအပေါ် အခွန် ၂ ရာခိုင်နှုန်း ထမ်းဆောင်ရ မည်ဖြစ်ကာ Employment Pass (EP) ကိုင်ဆောင်ထားသူများသည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၃,၀၀၀၊ Skill Pass (S-Pass) ရရှိထားသူများသည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၁,၄၀၀ နှင့် Work Permit ရရှိထားသူများသည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၄၀၀ အပေါ် ၂ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မည့်သူများအနေဖြင့် စင်ကာပူမြို့ မြန်မာသံရုံး၌ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ထမ်းဆောင်ပြီးဖြစ်ကြောင်း ထောက်ခံစာ လာရောက်ယူဆောင်သွားရန်လည်း လိုအပ်မည် ဖြစ်သည်။
စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသာ မြန်မာနိုင်ငံသားတဦးက “ဒီအခွန်ကို ဘယ်သူမှ မဆောင်ချင်ကြဘူး။ စင်္ကာပူအစိုးရကို တောင် ဝင်ငွေက ၂ ရာခိုင်နှုန်း မဆောင်ရဘူး။ သံရုံးက အခွန်ဆောင်မှ စာအုပ်သက်တမ်း တိုးပေးမယ်ဆိုတော့ ကျနော်တို့ လည်း ဘာမှလုပ်လို့မရဘူး။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီ၏လုပ်ရပ်သည် စင်္ကာပူရောက် မြန်မာနိုင်ငံသားများ၏ ဝင်ငွေများကို လာညှစ်သည့်ပုံစံမျိုးဖြစ်ပြီး အခွန်ဆောင် ရန် အခက်အခဲမဖြစ်သော်လည်း အခွန်မဆောင်ချင်သည့်အတွက် မကျေမနပ်ဖြစ်ရုံမှတပါး ဘာမျှလုပ်၍မရကြောင်းလည်း ၎င်းက ဆိုသည်။
“စစ်ကောင်စီက မဆောင်ရင် ပြန်မရဘူး၊ စာအုပ်သက်တမ်းလည်း မတိုးပေးဘူးဆိုတော့ မဖြစ်မနေဆောင်ရမယ့် အခြေအနေမျိုးကို လုပ်ထားတာ” ဟု ၎င်းက ပြောသည်။
စင်္ကာပူတွင် Student Pass ကိုင်ဆောင်ထားသူများကိုလည်း လက်ရှိ တက်ရောက်နေသောကျောင်း၏ ထောက်ခံစာ တင်ပြနိုင်လျှင် ဝင်ငွေခွန်ပေးဆောင်ခြင်း ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး အခွန်ထမ်းဆောင်သူများ၏ ဇနီး/ခင်ပွန်း (သို့) မိဘ (သို့) သား/သမီးများအား အိမ်ထောင်စုစာရင်း၊ မွေးစာရင်း လက်ထပ်စာချုပ်များ တင်ပြနိုင်မှသာ မှီခိုသူများအဖြစ် သက်တမ်းတိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စင်္ကာပူရှိ မြန်မာသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုဝင်ငွေခွန်ဆောင်မှုကို အွန်လိုင်းစနစ်ဖြင့်မဟုတ်ဘဲ ငွေသားဖြင့်သာ လာရောက်ထမ်းဆောင်ခိုင်းခြင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် စင်္ကာပူရှိမြန်မာသံရုံးရှေ့ လူအများအပြား တန်းစီစောင့်ဆိုင်းနေကြရမှုများ ဖြစ်ပေါ်ခဲ့သေးကြောင်း မြန်မာနိုင်ငံ သားများထံမှ သိရသည်။
စစ်ကောင်စီ ထုတ်ပြန်ချက်အရ စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှစ၍ ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ခြင်းကြောင့် ယခု ဒီဇင်ဘာလအတွင်း ဝင်ငွေခွန်ပေးသွင်းပါက ၃ လစာ ပေးဆောင်ရမည် ဖြစ်သည်။
စင်္ကာပူတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၃ သိန်းဝန်းကျင် နေထိုင်အလုပ်လုပ်ကိုင်နေခြင်းကြောင့် လစာ စင်္ကာပူဒေါ်လာ ၄၀၀ ရရှိသော Work Permit ရရှိထားသူများအဖြစ်သာ ပျမ်းမျှတွက်ချက်ကြည့်မည်ဆိုပါက စစ်ကောင်စီသည် ၃ လစာ ဝင်ငွေခွန် စုစုပေါင်း စင်္ကာပူဒေါ်လာ ၇ သန်းကျော်ထိ ရရှိနိုင်သည်။
စင်္ကာပူရောက် မြန်မာနိုင်ငံသားတချို့ကမူ စစ်ကောင်စီကို အခွန်မပေးဆောင်ဘဲ နွေဦးတော်လှန်ရေးပြီးသည်အထိ ပတ်စ်ပို့ သက်တမ်းမတိုးဘဲ နေထိုင်ကြမည်ဟုလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေသားနေကြသည်။
စင်္ကာပူအပြင် ထိုင်းနှင့်တရုတ်နိုင်ငံတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများထံမှလည်း လစာဝင်ငွေ၏ ၂ ရာခိုင်နှုန်း ကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာနိုင်ငံများရှိသံရုံးများက ယခုရက်ပိုင်းအတွင်း အသီးသီးထုတ်ပြန်လာသည်။
ထိုင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အထွေထွေလုပ်သား စသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် လစဉ်ဝင်ငွေကို ၇,၅၀၀ ဘတ်နှုန်း သတ်မှတ်ထားပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ၁၅၀ ဘတ် ပေးဆောင်ရမည်ဖြစ်သည်။
“လစဉ်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးသွင်းထားသူတွေအနေနဲ့ လစဉ် ၇,၅၀၀ ဘတ်နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းနဲ့ မော်တော်ယာဉ်တွေ ဝယ်ယူရာမှာ စုဆောင်းထားတဲ့ ငွေဖြူစာရင်းတွေအပေါ် တွက်ချက်ကာ ဝင်ငွေခွန်တွေ လျှော့ပေါ့ပေးသွားမယ်” ဟုလည်း မက်လုံးပေး ထားသည်။
ထို့ပြင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီ၊ ရေကြောင်းကုမ္ပဏီ၊ ဆေးရုံ၊ တက္ကသိုလ် ကောလိပ်များ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ စက်ရုံ၊ အလုပ်ရုံ အင်ဂျင်နီယာများ စသည့် White Collar လုပ်သားများကိုမူ ဝင်ငွေခွန်ကောက်ခံရာ၌ ထိုင်းအစိုးရကို အခွန်ဆောင်ထားခြင်းရှိပါက လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်းကို အခွန်တွက်ချက်ရငွေနုတ်ပြီး ကျန်ငွေ ပေးသွင်းရမည် ဖြစ်ကြောင်း ဆိုထားသည်။
ဥပမာအားဖြင့် လစာ ၈၀,၀၀၀ ဘတ်၊ ထောက်ပံ့စရိတ် ၁၀,၀၀၀ ဘတ်၊ စုစုပေါင်း ၉၀,၀၀၀ ဘတ် ရရှိသူသည် အခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ၁,၈၀၀ ဘတ် ပေးဆောင်ရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ အခွန် ၉၇၈ ဘတ် ပေးဆောင်ထားရ သဖြင့် မြန်မာနိုင်ငံသို့ လစဉ် ၈၂၂ ဘတ်သာ ပေးဆောင်ရမည်ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးမင်းဦးက “အလုပ်သမားတွေက မဖြစ်မနေ မပေးချင်ဘဲ ပေးရတယ်ဆိုရင်တောင် ဒီမှာက အထောက်အထားတွေလုပ်ရတဲ့ ကုန်ကျစရိတ်တွေနဲ့တင် အကြွေးတွေတင်နေကြရတာ။ ကြည့်တော့တာ ဘတ် ၁၅၀၊ ၂၀၀ ဘာမှမဟုတ်တာ တလမပေးနိုင်ဘူး၊ နှစ်လမပေးနိုင် ဘူးဆို ၃/၄/ ၅ လဆိုရင် ဒါတွေက အလုပ်သမားတွေကို ဝန်ထုတ်ဝန်ပိုးပေးဖြစ်စေလိမ့်မယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် နိုင်ငံခြားငွေအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်နှင့် ထိုင်းတွင်ရောက်ရှိနေသော မြန်မာ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးပြီး ထောက်ပံ့ပေးနေကြသည့် ရွှေ့ပြောင်းလုပ်သားများကို နှိပ်ကွပ်ချင်ပုံရ ကြောင်းလည်း ၎င်းက ဆိုသည်။
ပေကျင်းရှိ မြန်မာသံရုံးကလည်း တရုတ်နိုင်ငံ၌ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနက် Passport Type (PJ) နှင့် (PB) ကိုင်ဆောင်ထားသူများအနေဖြင့် ပတ်စ်ပို့သက်တမ်းတိုးရန် သံရုံးသို့ လာရောက်ရာတွင် မိမိထမ်းဆောင်လိုသည့်ကာလများအတွက် ဝင်ငွေခွန်များကို တပါတည်းထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း အသိပေးကြေ ညာထားသည်။
စစ်ကောင်စီသည် နိုင်ငံတွင်း ၎င်းတို့၏ထုတ်ကုန်များ သပိတ်မှောက်ခံရမှုနှင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံခြားငွေ အကျပ်အတည်းဖြစ်ပေါ်နေ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ ဝင်ငွေခွန်ကို အတင်းအကျပ်ကောက်ယူ ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်နီက ဧရာဝတီကို ပြောသည်။
၎င်းက “စစ်ကောင်စီက နိုင်ငံခြားငွေ ရပေါက်ရလမ်း အရမ်းကိုနည်းပါးသွားပြီ။ ဒါကြောင့် သူက ပြည်သူလူထုကို ဖိနှိပ်၊ နှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ သုံးစွဲဖို့အတွက် နိုင်ငံခြားငွေ လိုအပ်နေတာကို ပြည်ပမှာအလုပ်လုပ်နေတဲ့ ပြည်သူတွေ ဆီကငွေတွေ ဖြတ်တောက်ဖို့လုပ်နေတာ” ဟု မှတ်ချက်ပြုသည်။
NUG အနေဖြင့် နိုင်ငံတကာက သတ်မှတ်ထားသော အခွန်နှစ်ထပ်ကွမ်းမကျခံစေရန် သတ်မှတ်ချက်များနှင့်အညီ ပြည်သူ များအား ကာကွယ်ပေးရန်အတွက် သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေ ကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်ပတွင် MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများရရှိသည့် လစာဝင်ငွေထဲမှ ၂၅ ရာခိုင် နှုန်းကို မိသားစုဝင်များထံ လစဉ် သို့မဟုတ် ၃ လစာပေါင်း၍ ၃ လတကြိမ် တရားဝင်လမ်းကြောင်းမှ လွှဲပို့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် ၃ နှစ် ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထား သည်။
You may also like these stories:
ပတ်စ်ပို့တွေ ပိတ်တဲ့ နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက်ရှိနေလား
ထိုင်းရောက်မြန်မာများ ပတ်စ်ပို့သက်တမ်းတိုးလျှောက်မှု တင်းကျပ်ခံရ
မြန်မာသံရုံး၏ ငွေကြေးတိုးမြှင့်ကောက်ခံမှု ထိုင်းရောက်မြန်မာများ ပို၍ အခက်ကြုံ
စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း
အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို













