ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
ကွတ်ခိုင်မြို့နယ်၊ မန်ပလန်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိတဲ့ SSPP စစ်ကြောင်း နဲ့ နယ်မြေခံ TNLA လှုပ်ရှားတပ်တွေအကြားမှာ နာရီဝက်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
SSPP/SSA တပ်ဖွဲ့က TNLA တပ်ဖွဲ့ထံ လမ်းအသုံးပြုခွင့် တောင်းခံခဲ့ရာက မြေပြင်တပ်ဖွဲ့ဝင်တွေ အချင်းချင်းအကြားမှာ နားလည်မှု လွဲမှားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီကို ပြောပါတယ်။
ဗိုလ်မှူးကြီး တားအိုက်ကျော် က “အဓိကတော့ ဘာသာစကားမပေါက်ကြတော့ နားလည်မှု လွဲမှားသွားတာဖြစ်တယ်။ ၂ ဖက် မဟာမိတ်တွေလည်းဖြစ်ပါတယ်။ ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး“ လို့ ဒီကနေ့ မနက်မှာ ရှင်းပြပါတယ်။
TNLA နဲ့ SSPP တို့ဟာ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့မှာလည်း မဟာမိတ် အဖွဲ့အစည်းဝင်တွေ ဖြစ်ကြပါတယ်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့အစည်းတွေဖြစ်တဲ့ FPNCC ထဲမှာ TNLA နဲ့ SSPP တို့နဲ့အတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်ပါတယ်။
TNLA နဲ့ SSPP တို့အကြား ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးမှုတွေ မရှိသလို အဖွဲ့အစည်းအချင်းချင်း အကြားမှာလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ညှိနှိုင်းပြေလည်သွားပြီလို့လည်း ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။
ဒါပေမယ့် SSPP/SSA တပ်ဖွဲ့က မန်ပလန်ရွာအနီးနဲ့ မိုင်းယုလေးကျေးရွာထဲမှာ ဝင်ရောက်လှုပ်ရှားနေတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ပြီး မန်ပလန်ရွာခံ ၅၀ ကျော်ဟာ မိုင်းယုလေးကျေးရွာထဲက နီးစပ်ရာ ဆွေမျိုးတွေထံမှာ သွားရောက် တိမ်းရှောင်နေကြရတယ်လို့ ရွာခံသတင်းရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။
မိုင်းယုလေးကျေးရွာထဲ တိမ်းရှောင်လာတဲ့ မန်ပလန်ရွာခံတဦးက “သက်ကြီးရွယ်အိုနဲ့ ကလေးမိခင်တွေ မနေ့ညနေ ကတည်းက ပြေးလာတာ။ ရွာအနီးမှာ SSPP က ရှိနေသေးတော့ တိုက်ပွဲထပ်ဖြစ်လာမှာ စိုးရိမ်တယ်လေ။ မပြန်ရဲ ကြသေးဘူး“ လို့ ပြောပါတယ်။
နှစ်ဖက်အဖွဲ့အစည်းအကြားမှာ ညှိနှိုင်းပြေလည်သွားပြီလို့ TNLA ဘက်က ပြောပေမယ့် ဒေသခံ ရွာသားတွေကတော့ နှစ်ဖက်တပ်တွေအကြားမှာ စစ်ရေးတင်းမာမှုဖြစ်နေဆဲပဲလို့ ပြောပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ်တွေကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
TNLA နဲ့ SSPP တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အဲဒီနေရာဟာ TNLA တပ်မဟာ ၁ လှုပ်ရှားနယ်မြေဖြစ်ပြီး SSPP/SSA တပ်တွေလည်း ရံဖန်ရံခါ လှုပ်ရှားသွားလာမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီနေရာမှာ TNLA နဲ့ အာဏာသိမ်း စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။














