လက်ရှိကာလတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ စတင်ဆင်နွှဲလိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြီးမှာ နှစ်လ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ စစ်ဆင်ရေး နှစ်လတာကာလအတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် အခြားတော်လှန်ရေး အဖွဲ့အစည်းများသည် စစ်ကောင်စီဘက်မှ စခန်းပေါင်း ၂၀၀ ခန့်နှင့် မြို့ငယ်များကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါသည်။ စစ်ဆင်ရေးကြီးကိုလည်း ယခုထက်တိုင် ဆင်နွှဲလျက် ရှိပါသေးသည်။
စစ်ဆင်ရေးကြီး နှစ်လပြည့်မြောက်ရန် နီးကပ်လာချိန်တွင်မူ တော်လှန်ရေး အဖွဲ့အစည်းများက အသုံးချနိုင်သည့် အခွင့်အရေးများ၊ တဖက်တွင်လည်း တော်လှန်ရေး အင်အားစုများ ရင်ဆိုင်ရမည့် ယုံကြည်မှု၊ သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများကို အုပ်ချုပ်မှု စသည့် စိန်ခေါ်မှုများမှာလည်း ဘူးပေါ်သလို ပေါ်ပေါက်လာပါတော့သည်။
တော်လှန်ရေးကြီး အောင်မြင်ပြီး အနာဂတ်နိုင်ငံတော်သစ်ကြီး တည်ထောင်နိုင်ရန်အတွက် အဆိုပါအခက်အခဲများကို ရှောင်လွှဲ၍ မရပေ။ ရင်ဆိုင်ဖြေရှင်းကြရန် လိုအပ်ပါသည်။ စိန်ခေါ်မှုများနှင့် အခွင့်အရေးများသည် စစ်ရေးနှင့် နိုင်ငံရေးဟူ၍ နှစ်ခြမ်း အကြမ်းဖျဉ်း ခက်ခဲနိုင်ပါသည်။
စစ်ရေးစိန်ခေါ်မှုနှင့် အခွင့်အလမ်းများ
လက်ရှိကာလတွင် စစ်ရေးဘက်၌ စစ်ကောင်စီသည် ရှုံးပွဲများနှင့် ရင်ဆိုင်နေရခြင်း၊ စစ်စခန်းများနှင့် မြို့ငယ်များ လက်လွှတ်ဆုံးရှုံးရခြင်း၊ ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိကြီးများ တိုက်ပွဲတွင် ကျဆုံးခြင်း၊ လက်နက်ခဲယမ်း အမြောက်အမြား ရန်သူ့လက်ထဲ ကျရောက်သွားခြင်း စသည်တို့ကြောင့် စိတ်ဓာတ်များ အပြင်းအထန် ထိုးကျလျက်ရှိသည်။
တော်လှန်ရေးကြီး အောင်မြင်ပြီး အနာဂတ်နိုင်ငံတော်သစ်ကြီး တည်ထောင်နိုင်ရန်အတွက် အခက်အခဲများကို ရှောင်လွှဲ၍ မရပေ။ ရင်ဆိုင်ဖြေရှင်းကြရန် လိုအပ်ပါသည်။
ရှမ်းမြောက်ဒေသတွင် တပ်ရင်းလိုက် လက်နက်ချမှုများ ပေါ်ပေါက်လာခြင်းမှာ စစ်ကောင်စီတပ်၏ စိတ်ဓာတ်ပျက်ပြားနေခြင်း၏ အထင်ရှားဆုံး သာဓကများပင် ဖြစ်သည်။ ပြည်မဒေသနှင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများပေါ်တွင်လည်း ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ လုံခြုံမှု မပေစွမ်းနိုင်ခြင်းတို့ကြောင့် ပြည်သူတို့၏ ထောက်ခံမှုကို မရရှိပေ။
ထို့ပြင် ယခုဖြစ်ပွားနေသည့် နေ့စဉ်ဘဝတွင် အရေးပါလှသော စက်သုံးဆီရှားပါးမှု ပြဿနာကြောင့် ပြည်သူတို့၏ ထောက်ခံမှုမှာ ပို၍ပင် ကျဆင်းလျက်ရှိလေသည်။ ပြည်သူလူထုအား မယုံကြည်တော့သော စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ ကင်းလှည့်နေရလျက်ရှိသည်။
သာမန်အချိန်ကာလက နယ်စပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စစ်ထိုးချိန်၌ စစ်တပ်သည် ပြည်မကို လှည့်ကြည့်စရာ မလိုပေ။ ယခုအခါတွင်မူ မြို့ကြီးများပေါ်၌ပါ စစ်ကောင်စီပစ်မှတ်များအား ဖောက်ခွဲတိုက်ခိုက်မှုများ နေ့စဉ်လိုလို ရှိနေသဖြင့် စစ်ကောင်စီအနေဖြင့် မြို့ပေါ်ကိုလည်း မလွှတ်ထားရဲဘဲ ဖြစ်နေလေသည်။
သို့ရာတွင် “ဆင်ပိန်လျှင် ကျွဲလောက်တော့ကျန်သည်” ဟူသော ရိုးရာစကားပုံအတိုင်း စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့ဝင်များထက် လက်နက်အင်အား၊ လူအင်အား သာလွန်ဆဲ ဖြစ်သည်။ စစ်ကောင်စီသည် လက်နက်များ ဝယ်ယူတပ်ဆင်ရန်အတွက် မြို့ကြီးများပေါ်မှ စီးပွားရေးလုပ်ငန်းများမှ အခွန်အခရရှိသလို လူအင်အားကလည်း သိန်းဂဏန်း ရှိသေးသည်။
ထို့ပြင် တော်လှန်ရေးအဖွဲ့များတွင် မရှိသေးသည့် လေယာဉ်များ၊ လက်နက်ကြီးများကိုလည်း ပိုင်ဆိုင်ထားသည်။ တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်ပွဲဖြစ်ပွားရာ ဒေသများရှိ စစ်ကောင်စီတပ်များ၏ ဌာနချုပ်များရှိရာ လွိုင်ကော်မြို့နှင့် လားရှိုးမြို့များကို မသိမ်းပိုက်နိုင်သေးပေ။ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိရာ လွိုင်ကော်မြို့ကို တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသလို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့မှာလည်း မြောက်ပိုင်းအဖွဲ့တို့၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုသာ ခံနေရသေးသည်။
“ဆင်ပိန်လျှင် ကျွဲလောက်တော့ကျန်သည်” ဟူသော ရိုးရာစကားပုံအတိုင်း စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့ဝင်များထက် လက်နက်အင်အား၊ လူအင်အား သာလွန်ဆဲ ဖြစ်သည်။
သို့ရာတွင် တော်လှန်ရေးအဖွဲ့များတွင် ရှိသည်ကား လူထုထောက်ခံမှုပင် ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်နီးပါး စစ်အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက စစ်ကောင်စီအပေါ် လူထုထောက်ခံမှုသည် ရုတ်ချည်းဆိုသလို လျော့ကျသွားခဲ့သည်။ ထို့ပြင် လျှပ်စစ်မီး၊ လောင်စာဆီ၊ နိုင်ငံခြားငွေကြေး လဲလှယ်မှု စသည့် အရေးပါသည့် ကိစ္စရပ်တို့တွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အတွက် လူထုထောက်ခံမှုမှာ ပို၍ပင် လျော့ကျသွားသည်။
သို့ရာတွင် ရန်ကုန်၊ မန္တလေး မြို့ကြီးများနှင့် အဆိုပါမြို့ကြီးများပေါ်မှ စီးပွားရေးလုပ်ငန်းများကို စစ်ကောင်စီမှ ထိန်းချုပ်ထားသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် မသက်မသာ ပူးပေါင်းဆောင်ရွက်နေရသလို စစ်ကောင်စီအနေဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းရန်အတွက် ငွေကြေးများ ရရှိနေဆဲပင်ဖြစ်သည်။
နယ်မြေထိန်းချုပ်မှု မရှိခြင်းက စစ်ကောင်စီ၏ တော်လှန်ရေး အင်အားစုအပေါ် စစ်ထိုးနိုင်စွမ်းကို လျော့ကျသွားစေနိုင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာအားလည်း ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါသည်။
တော်လှန်ရေးအဖွဲ့များအတွက် မျှော်လင့်ချက်အရှိဆုံး လုပ်ဆောင်ရမည့် အရာမှာ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ရခိုင်ဒေသအချို့၊ ကရင်နီနှင့် ကရင်ပြည်နယ်နေရာအချို့ကို စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်မှ လုံးဝလွတ်မြောက်သွားအောင် လုပ်ဆောင်ပြီး ထိုဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးတခု ထူထောင်နိုင်ရန်ပင်ဖြစ်သည်။
နယ်မြေထိန်းချုပ်မှု မရှိခြင်းက စစ်ကောင်စီ၏ တော်လှန်ရေး အင်အားစုအပေါ် စစ်ထိုးနိုင်စွမ်းကို လျော့ကျသွားစေနိုင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာအားလည်း ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါသည်။ ထို့ပြင် ထိုဒေသများမှ ရရှိနေသည့် အခွန်အခများကိုလည်း ဖြတ်တောက်ပြီးသား ဖြစ်သွားသည့်အတွက် တော်လှန်ရေးအဖွဲ့များအားလည်း အကျိုးရှိစေမည် ဖြစ်သည်။ သို့ရာတွင် သိမ်းပိုက်ရရှိပြီး နယ်မြေများ၌ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တခု တည်ဆောက်ရာတွင် တော်လှန်ရေးအဖွဲ့များအကြား အကျိုးစီးပွား ပဋိပက္ခ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်များ ကြုံတွေ့ရမည် ဖြစ်ပါသည်။
နိုင်ငံရေး စိန်ခေါ်မှုနှင့် အခွင့်အရေးများ
စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်လျက် ရှိကြသည့် ဆယ်နှင့်ချီသော တော်လှန်ရေးအဖွဲ့များသည် အာဏာသိမ်းမှု မတိုင်ခင်က မတူညီသော ရည်မှန်းချက်များ ရှိကြသည့် အဖွဲ့အစည်းများ ဖြစ်ကြပါသည်။ အဖွဲ့တဖွဲ့နှင့် မြန်မာစစ်တပ်ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားတိုင်း၊ ဖြစ်ပွားတိုင်း အခြားအဖွဲ့များက ဝင်ရောက်ကူညီပေးသည့် ဖြစ်စဉ်မှာ နည်းပါးလွန်းလှပါသည်။
ထိုအချိန်ကာလများက လူထုထောက်ခံမှုမှာလည်း မြန်မာစစ်တပ်ဘက်တွင်သာ ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ကဆိုလျှင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့အနေဖြင့် ရခိုင်တွင် တိုက်ပွဲဖော်တိုင်း ပြည်မနေ ပြည်သူများက AA အား ဆဲရေးပုတ်ခတ်မှုများ ပြုလုပ်ခဲ့သလို NLD အစိုးရကိုယ်တိုင်က AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပါသည်။
အာဏာသိမ်းပြီးကာလတွင် ယခင်က တကွဲတပြားဖြစ်နေသည့် လက်နက်ကိုင်အဖွဲ့များမှာ စစ်အာဏာရှင်ကို တော်လှန်ခြင်းဟူသည့် ခေါင်းစဉ်အောက်တွင် စုပေါင်းမိလာသလို လူထုထောက်ခံမှုလည်း ရရှိလာပါသည်။ တချိုအဖွဲ့များဆိုလျှင် စစ်အာဏာရှင်ကို တွန်းလှန်ရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေသသို ရောက်ရှိလာသော လူငယ်များအား လက်နက်တပ်ဆင်ပေးခြင်း၊ အခြေခံ စစ်သင်တန်းပေးခြင်း၊ လက်နက်ကိုင်အဖွဲ့သစ်များ ဖွဲ့စည်းပေးခြင်းကိုပင် ပြုလုပ်ပေးခဲ့ပါသည်။
လူထုထောက်ခံမှုရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ကျဆင်းနေသည့် စစ်ကောင်စီတပ်အား တပ်ဖွဲ့ပေါင်းစုံက စစ်မျက်နှာ လေး၊ ငါးခု ဖွင့်လှစ်၍ ထိုးစစ်ဆင်နိုင်သဖြင့် စစ်စခန်းများ၊ မြို့ငယ်များအား သိမ်းပိုက်နိုင်ကာ မကြုံစဖူး အောင်မြင်မှုရရှိခဲ့သည်ကို ပြီးခဲ့သည့် နှစ်လတာကာလက မီးမောင်းထိုးပြလျက် ရှိပါသည်။
အပေါ်ယံကြည့်လျှင်တော့ တော်လှန်ရေးအဖွဲ့များ၏ ဘုံဦးတည်ချက်သည် စစ်အာဏာရှင် ပြုတ်ကျရေးသာ အဓိကဖြစ်သည်ဟု ထင်ရသော်လည်း တဖွဲ့ချင်းစီ၏ ဦးတည်ချက်များတွင် ကွဲပြားမှုများ ရှိနေသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့အတွက် စစ်ကောင်စီထံသို့ ပြီးခဲ့သော ဆယ်စုနှစ်များအတွင်းက ဆုံးရှုံးလိုက်ရသော နယ်မြေများ ပြန်လည်ရရှိရေး၊ နယ်စပ်ဒေသတွင် ကြီးစိုးနေသော ကျားဖြန်ဂိုဏ်းများ ရှင်းလင်းရေးသည် အဓိကဖြစ်သည်။
အပေါ်ယံကြည့်လျှင်တော့ တော်လှန်ရေးအဖွဲ့များ၏ ဘုံဦးတည်ချက်သည် စစ်အာဏာရှင် ပြုတ်ကျရေးသာ အဓိကဖြစ်သည်ဟု ထင်ရသော်လည်း တဖွဲ့ချင်းစီ၏ ဦးတည်ချက်များတွင် ကွဲပြားမှုများ ရှိနေသည်။
မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက် တော်တော်များများတွင် ဤအချက်သည် အမြဲလိုလို ပါဝင်လေ့ရှိသည်ကို တွေ့ရသည်။ AA သည်လည်း ရခိုင်ပြည်နယ်မှ ပြည်သူများကို ငဲ့ကွက်သောအားဖြင့် ပြီးခဲ့သည့်တနှစ်လုံး ထိုးစစ်ကို ရပ်နားထားခဲ့ရသည်။ ဤသို့လျှင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သည့် မြန်မာပြည်မမှ အင်အားစုများနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ တဖွဲ့ချင်းစီအကြား ကွဲပြားမှုများ ရှိနေသည်ကို မြင်တွေ့ရပါသည်။
ထို့ပြင် လက်ရှိကာလတွင် သိမ်းပိုက်ရရှိပြီးသော နယ်မြေများအားလုံးကို အုပ်ချုပ်နေသည့် တော်လှန်ရေးအဖွဲ့များအားလုံး ကိုယ်စားပြုပါဝင်သည့် Central authority တခု ရှိမနေသည်ကိုလည်း တွေ့နေရပါသည်။ သိမ်းပိုက်ရရှိသည့် နယ်မြေများအား ထိုသိမ်းပိုက်ရရှိသည့် အဖွဲ့များကသာ အုပ်ချုပ်နေသည်ကို တွေ့ရှိရပါသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ခါမ်းပါတ်မြို့တို့ကို NUG၊ နမ့်ခမ်းမြိုကို TNLA၊ လွိုင်ကော်မြို့ အချို့တဝက်နှင့် မိုးဗြဲကို ကရင်နီတပ်မတော် (KA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ချင်းပြည်နယ်ရှိ ရိဒ်ခေါဒါရ်နှင့် အခြား သိမ်းပိုက်ရရှိပြီး မြို့များအား ချင်းတော်လှန်ရေးအဖွဲ့များ စသည်ဖြင့် အသီးသီး အုပ်ချုပ်စီမံနေကြပါသည်။
ထို့ပြင် အုပ်ချုပ်ပုံအုပ်ချုပ်နည်း စနစ်မှာလည်း ကွဲပြားနေသည်ကို တွေ့ရပါသည်။ ဥပမာအနေဖြင့် ပြီးခဲ့သည့်အပတ်အတွင်း ချင်းတော်လှန်ရေးအဖွဲ့များက ချင်းပြည်နယ်ရှိ လွတ်မြောက်နယ်မြေများအား အုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေတခုကို ထုတ်ပြန်လာပါသည်။ NUG ကလည်း ကောလင်းနှင့် ခါမ်းပါတ်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စီမံအုပ်ချုပ်နေပါသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် NUG အကြား ယုံကြည်မှုဆိုင်ရာ စိန်ခေါ်မှုများကလည်း ရှိနေပါသေးသည်။ NUG နှင့် CRPH တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီဟု ပြောဆိုနေသော်လည်း ၂၀၀၈ ခြေ/ဥအောက်မှ ကျင်းပသည့် ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိသည့် တရားဝင်မှုကို ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်သည်။
ထို့ပြင် ကြေညာချက်များတွင်လည်း “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ” ဟူသော နာမည်နှင့် နိုင်ငံတော်တံဆိပ်ကို ဆက်လက် သုံးစွဲနေဆဲပင်ဖြစ်သည်။ ပြီးခဲ့သည့်လက တိုင်းဒေသကြီးအမတ်များ အွန်လိုင်းမှတဆင့် လွှတ်တော်ခေါ်ယူသည့် လုပ်ရပ်ကို လူငယ်တော်လှန်ရေးအဖွဲ့များမှ မေးခွန်းထုတ်သည့်ကိစ္စရပ်များ ဖြစ်ပွားခဲ့သေးသည်။ NUG အတွင်းရှိ အချို့ပုဂ္ဂိုလ်များမှာ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်းက စစ်တပ်၏လုပ်ရပ်များကို ထောက်ခံခဲ့သူများ ဖြစ်ကြသည့်အတွက် ယုံကြည်မှုပြဿနာမှာ ရှင်းလင်းရန် ခက်ခဲနေဦးမည် ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် NUG အကြား ယုံကြည်မှုဆိုင်ရာ စိန်ခေါ်မှုများကလည်း ရှိနေပါသေးသည်။ NUG နှင့် CRPH တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီဟု ပြောဆိုနေသော်လည်း ၂၀၀၈ ခြေ/ဥအောက်မှ ကျင်းပသည့် ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိသည့် တရားဝင်မှုကို ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်သည်။
ထို့ပြင် တော်လှန်ရေး အဖွဲ့များအနေဖြင့် ကြားပွဲစားများ၏ စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသည့် ဖြစ်ရပ်များကလည်း တော်လှန်ရေးအဖွဲ့များကြား တည်ဆောက်ဆဲ ယုံကြည်မှုကို ပျက်ပြားစေမည့် လုပ်ရပ်များဖြစ်ကြသည်။
ပြီးခဲ့သည့်လက အာဆီယံ၏ စေ့စပ်မှုဖြင့် NUG, စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့အချို့မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြကြောင်း အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်ခဲ့သည်။ NUG ကမူ ထိုသို့ တွေ့ဆုံဆွေးနွေးမှုမျိုး မရှိခဲ့ဟု ငြင်းဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်ကလည်း တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့တို့ ကူမင်းတွင် တွေ့ဆုံသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ ထိုနေ့တွင်ပင် MNDAA နှင့် စစ်ကောင်စီတို့ ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
မြောက်ပိုင်းသုံးဖွဲ့သည် စစ်ကောင်စီပေးသည့် concession များကိုယူ၍ ထိုးစစ်ကို ရပ်တန့်လိုက်လျှင် လူထုထောက်ခံမှုကို လျော့ကျသွားစေနိုင်သလို နောက်ပိုင်းတွင် စစ်ကောင်စီနှင့် ပြဿနာဖြစ်၍ ထိုးစစ်ပြန်စလိုပါကလည်း လူထုထောက်ခံမှု ပြန်လည်ရရှိရန် ခက်ခဲပေလိမ့်မည်။
အကောင်းဘက်က ကြည့်မည်ဆိုလျှင် မြောက်ပိုင်းညီနောင် သုံးဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် တောက်လောင်လာသည့် တော်လှန်ရေးမီးလျှံကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့သည်ဟု ဆိုရမည်။ အခြား စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေး အင်အားစုများအား ၁၀၂၇ စစ်ဆင်ရေးဟူသော ခေါင်းစဉ်အောက်တွင် စုစည်းပေးနိုင်သကဲ့သို့ အခြားဒေသများတွင်လည်း တပြိုင်နက်တည်း စတင်ရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ကောလင်းနှင့် ခါမ်းပါတ် မြို့သိမ်းတိုက်ပွဲများ၊ ကရင်နီပြည်နယ်၏ လွိုင်ကော် မြို့သိမ်းတိုက်ပွဲနှင့် ၁၁၁၁ စစ်ဆင်ရေး၊ ချင်းပြည်နယ် ရိဒ်ခေါဒါရ် မြို့သိမ်းတိုက်ပွဲ စသည်တို့သည် ၁၀၂၇ စစ်ဆင်ရေး မရှိဘဲနှင့် ဖြစ်ပေါ်လာစရာအကြောင်း မရှိချေ။ ထို့ပြင် ပြည်မရှိ ပြည်သူတို့အားလည်း စစ်အာဏာရှင်တော်လှန်ရေး စိတ်ဓာတ်များ ပြန်လည်နိုးထလာစေရန် အားသစ်လောင်းလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ကောလင်းနှင့် ခါမ်းပါတ် မြို့သိမ်းတိုက်ပွဲများ၊ ကရင်နီပြည်နယ်၏ လွိုင်ကော် မြို့သိမ်းတိုက်ပွဲနှင့် ၁၁၁၁ စစ်ဆင်ရေး၊ ချင်းပြည်နယ် ရိဒ်ခေါဒါရ် မြို့သိမ်းတိုက်ပွဲ စသည်တို့သည် ၁၀၂၇ စစ်ဆင်ရေး မရှိဘဲနှင့် ဖြစ်ပေါ်လာစရာအကြောင်း မရှိချေ။
အချုပ်အားဖြင့်ဆိုရလျှင် ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်အတွက် ပေါ်ပေါက်လာသည့် အခွင့်အရေးတခုပင် ဖြစ်သည်။ ထိုအခွင့်အရေးတွင် တော်လှန်ရေးအဖွဲ့များ ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများကလည်း တွဲ၍ ပါလာပါသည်။ တော်လှန်ရေးအဖွဲ့များ အနေဖြင့် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခြင်းသည် မိမိတို့ရောက်လိုသည့် ပန်းတိုင်သို့ ရောက်ရှိရန် ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ခြင်းပင် ဖြစ်ပါသည်။
You may also like these stories:
တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု
နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်
မြန်မာနိုင်ငံမှာ အရပ်ဘက်နိုင်ငံရေး ပျောက်ဆုံးသွားပြီ
တိုင်းပြည်ပြိုကွဲမယ်တဲ့လား၊ ပြိုကွဲပြီးသွားလို့ လွန်တောင်နေပြီ
တပြည်ထောင်စနစ် ပြိုကွဲခြင်းကို တားဆီးမရ