သိပ်မကြာသေးမီ ကာလအတွင်းက ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF အဖွဲ့တို့ ပူးပေါင်းထားသည့် မဟာမိတ်တပ်ဖွဲ့သည် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့ကို သိမ်းပိုက်ရရှိခဲ့ကြသည်။
ကောလင်းမြို့သည် မဟာမိတ်တို့အနေဖြင့် ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိသည့် ခရိုင်အဆင့် အစိုးရရုံးများ ရုံးစိုက်ရာ မြို့လည်းဖြစ်သည်။ မြို့ကိုသိမ်းပိုက်ပြီး သိပ်မကြာမီတွင်ပင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ထဲမှ ငွေကျပ် သိန်း ၉ ထောင်ခန့်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါငွေများထဲတွင် ၁ ထောင်တန်မည်မျှပါသည်၊ ၅၀၀ ရာတန်မည်မျှပါသည်အထိ စနစ်တကျ စားရင်းပြုစုကာ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပွားစေရန် စီမံထားရှိကြောင်း ထုတ်ပြန်လာခဲ့သည်။
မြို့တမြို့၊ တိုင်းပြည်တပြည်တွင် စစ်ပွဲတခု၊ ပဋိပက္ခတခု ဖြစ်ပွားပြီဆိုလျှင် ထိုနေရာဒေသအတွင်းတွင် တရားဥပဒေစိုးမိုးမှု လျော့နည်းလာသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထိုကဲ့သို့ တရားဥပဒေစိုးမိုးမှု လျော့နည်းလာသည့် အခြေအနေကို ကောင်းမွန်လာအောင် ဗဟိုအစိုးရမှ ဆောင်ရွက်ခြင်း မရှိလျှင် ပြည်သူတို့၏ အစိုးရအပေါ် ယုံကြည်မှုမှာ လျော့နည်းလာသလို ဒုစရိုက်သမားများမှာလည်း မကောင်းမှုများ ကျူးလွန်ရာတွင် လက်ရဲဇက်ရဲ ဖြစ်လာတတ်ပေသည်။
တချိန်တည်းမှာပင် တရားဥပဒေ၏ အကာအကွယ်ပေးမှုကို မရရှိသဖြင့် စီးပွားရေး လုပ်ငန်းများမှာလည်း ဆုတ်ယုတ်လာတတ်သလို ပြည်သူတို့အနေဖြင့် နေ့စဉ်လှုပ်ရှားမှုများ၊ ဝမ်းစာရှာဖွေမှုများ ပြုလုပ်ရာမှာလည်း ကျပ်တည်းလာတတ်ပါသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော အခြေအနေမှာလည်း ယင်းကဲ့သို့သော အခြေအနေ ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် ပြည်တွင်းပြည်ပ ဆန့်ကျင်မှုများ၊ လက်နက်ကိုင် တော်လှန်မှုများကို ကြုံတွေ့နေရသော စစ်ကောင်စီသည် နိုင်ငံအတွင်းရှိ ပြည်သူလူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးမှုများ ပြုလုပ်ပေးရမည့်အစား မိမိအာဏာတည်မြဲရေးအတွက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့အား ထိခိုက်စေမည့် မူဝါဒများကို တခုပြီးတခု ချမှတ်ခဲ့လေသည်။
နိုင်ငံအတွင်းရှိ ပြည်သူတို့၏ အင်တာနက်သုံးစွဲမှုကို တားဆီးပိတ်ပင်ရန်အတွက် Mobile Data တို့၏ ဈေးနှုန်းထားအား နှစ်ဆနီးပါးခန့် မြှင့်တင်ခဲ့သလို အရေးပါလှသော နိုင်ငံခြား ငွေကြေးတခုဖြစ်သည့် အမေရိကန်ဒေါ်လာအားလည်း ပြင်ပပေါက်ဈေးထက် နိမ့်ကျသည့်နှုန်းထားဖြင့် ပုံသေသတ်မှတ်ကာ ရောင်းဝယ်စေခဲ့သည်။
အကျိုးဆက်ကား ဒေါ်လာမှောင်ခိုဈေးကွက်များ ပေါ်လာခြင်းပင် ဖြစ်သည်။ ဤဖြစ်ရပ်နှစ်ခုလုံးတွင် ထိခိုက်နစ်နာရသည်မှာ ပြည်သူများသာ ဖြစ်သည်။ နိုင်ငံခြားတွင် ပညာသွားရောက် သင်ကြားရန်အတွက် အင်္ဂလိပ်၊ ဂျပန်နှင့် ကိုရီးယား ဘာသာစကား စာမေးပွဲများ ဖြေဆိုကြရမည့် ကျောင်းသားကျောင်းသူများသည် စာမေးပွဲကြေးသွင်းရန်အတွက် ဒေါ်လာကို မှောင်ခိုဈေးအတိုင်း ပေးဝယ်နေရသည်။
ပြည်တွင်းသို့ တင်သွင်းသည့် စက်သုံးဆီများအား ငွေချေရန်အတွက် နိုင်ငံခြားငွေ မရှိသဖြင့် စက်သုံးဆီ ပြတ်တောက်မှုများလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ လဆန်းပိုင်းအတွင်းက ရန်ကုန်တမြို့လုံးတွင် စက်သုံးဆီ နှစ်ရက်ခန့် ပြတ်တောက်ခဲ့သဖြင့် ကားတန်းရှည်များဖြင့် တန်းဆီဝယ်ယူရသည့် အဖြစ်တခုလည်း ပေါ်ပေါက်ခဲ့သေးသည်။
စီးပွားရေးဘက်တွင်သာမဟုတ်၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာလုံခြုံရေးဘက်တွင်လည်း စစ်ကောင်စီသည် ဆောင်ရွက်နိုင်ခြင်း မရှိချေ။ အာဏာမသိမ်းမီ ကာလက ရန်ကုန်မြို့တွင် ည ၉ နာရီခန့်အထိ လူသွားလူလာ များပြားပြီး ဆိုင်များ၊ ဈေးဝယ်စင်တာများမှာလည်း ထိုအချိန်အထိ ဖွင့်ထားကြတတ်သည်။ ထို့အပြင် ၂၄ နာရီဖွင့်လှစ်သော စတိုးဆိုင်ငယ်များမှာလည်း ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများ၏ နေရာအနှံ့အပြားတွင် ရှိကြလေသည်။
ယခုကဲ့သို့သော ပွင့်လင်းရာသီဖြစ်သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်လည်း ညဘက်တွင် ပွဲဈေးတန်းများ ရှိတတ်ကြသည်။ ထိုပွဲဈေးများအနက် တာမွေမြို့နယ်မှ ကျောက်မြောင်း ဦးရှင်ကြီးပွဲ၊ ပုဇွန်တောင်မြို့နယ်မှ ရေကျော်ပွဲဈေးတို့မှာ ထင်ရှားကြသည်။
စီးပွားရေးဘက်တွင်သာမဟုတ်၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာလုံခြုံရေးဘက်တွင်လည်း စစ်ကောင်စီသည် ဆောင်ရွက်နိုင်ခြင်း မရှိချေ။
အာဏာသိမ်းပြီးချိန်တွင်တော့ ထိုသို့ မဟုတ်တော့။ ညနေ ၆ နာရီဆိုလျှင် ရန်ကုန်မြို့ထဲရှိ လမ်းမများပေါ်တွင် လူသွားလူလာ၊ ကားသွားကားလာ ကျဲပါးသွားပြီ။ ရုံးများ၊ စူပါမားကတ်များကလည်း ဝန်ထမ်းများအား စောစောပြန်နိုင်ရန် ရုံးလွှတ်ကြပြီ။ ဘတ်စ်ကားများမှာလည်း ည ၇ နာရီခွဲ၊ ၈နာရီ နောက်ဆုံးထား၍ သိမ်းကြပြီ။ ယခင်က ၂၄ နာရီပတ်လုံး ဖွင့်လှစ်သည့် စတိုးဆိုင်များမှာလည်း ညမိုးချုပ်လျှင် ဆိုင်ပိတ်ကြပြီ။ အာဏာသိမ်းစစ်တပ်က ပြည်သူများအား လုံခြုံသည့်ခံစားချက် ရရှိအောင် မကြိုးပမ်းနိုင်သည့်အတွက် ဤသို့ ဖြစ်ရခြင်းပင်။
အကျိုးဆက်ကား ဆိုင်များ စောစောပိတ်ရသဖြင့် ဝန်ထမ်းများ၊ ဈေးဆိုင်ပိုင်ရှင်များ၏ ဝင်ငွေများ လျော့နည်းခြင်း၊ လူငယ်များအနေဖြင့် အခြားတိုင်းပြည်များမှ လူငယ်များကဲ့သို့ ညဘက်ထွက်လည်သည့် Nightlife များ အပြည့်အဝ မခံစားရခြင်းများ ဖြစ်လာကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈၊ ၂၀၁၉ ကာလများအား လွမ်းမောတမ်းတစိတ်ဖြင့် ပြန်ပြောင်းသတိရနေမိသော လူငယ်များလည်း များစွာရှိကြပါသည်။
စစ်ကောင်စီ၏ လက်အောက်ခံဌာနများ ဖြစ်ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားရုံးတို့သည် တရားဥပဒေ စိုးမိုးအောင် လုပ်ဆောင်ကြရမည့်အစား၊ ပြည်သူကို အကာအကွယ် ပေးရမည့်အစား စစ်ကောင်စီ၏ အလိုကျ နိုင်ငံရေးအတိုက်အခံများအား ဖမ်းဆီးနှိပ်ကွပ်ခြင်းကိုသာ ပြုလုပ်လျက် ရှိကြသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လောင်းကစားမှုများ မှိုလိုပေါက်လာခဲ့သလို မူးယစ်ဆေးဝါး မျိုးစုံမှာလည်း ဈေးကွက်ထဲသို့ ဖောဖောသီသီ ဝင်ရောက်လာခဲ့လေသည်။ ပြီးခဲ့သည့် သိပ်မကြာသေးမီ ကာလကပင် Myanmar Now သတင်းဌာနက ယာဘဆေးပြားများ ဈေးပေါလာပုံကို ဆောင်းပါးတပုဒ်တွင် ဖော်ပြခဲ့သေးသည်။
ထို့ပြင် စလော့ဂိမ်းဟုခေါ်သည့် အွန်လိုင်းမှ ကစားရသော ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး စသည့် လောင်းကစားဂိမ်းများသည် လူငယ်များကြားထဲတွင် ရေပန်းစားလာခဲ့သည်။ အလုပ်အကိုင်ကလည်း ရှာ၍မရ၊ ငွေကြေးလည်း ချမ်းသာချင်သည့် လူငယ်များသည့် ချမ်းများချမ်းသာလာမလားဟု လက်တည့်စမ်းသည့် အနေဖြင့် စလော့ဂိမ်းများတွင် ရှိစုမဲ့စု ငွေကြေးတို့ကို ပုံအောကာ ကစားကြသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လောင်းကစားမှုများ မှိုလိုပေါက်လာခဲ့သလို မူးယစ်ဆေးဝါး မျိုးစုံမှာလည်း ဈေးကွက်ထဲသို့ ဖောဖောသီသီ ဝင်ရောက်လာခဲ့လေသည်။
လက်တည့်စမ်း ကစားလိုက်သဖြင့် ဝင်ငွေပိုမရလာသည့်အပြင် လက်ထဲတွင် ရှိသည့် ငွေကြေးများပင် ကုန်ခမ်းသွားကာ အကြွေးများပင် တင်သွားကြသေးသည်။ ထိုသို့ ပြည်သူအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နေသည့် လူလိမ်လူညာများအား စစ်ကောင်စီက ဖမ်းဆီးရန် ကြိုးစားအားထုတ်မှု မတွေ့ရှိရသေးပေ။
ထိုသို့ လိမ်လည်လှည့်ဖျားမှုများအပြင် နိုင်ငံတွင်းတွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု စသည့် ကြမ်းတမ်းသော ဒုစရိုက်မှုများမှာလည်း များပြားလာခဲ့သည်။ NLDအစိုးရလက်ထက်က ဖြစ်တောင့်ဖြစ်ခဲ ထိုဒုစရိုက်မှုများသည် နေ့စဉ်လိုလို ဖြစ်ပွားလာခဲ့သည်။
အများပြည်သူ နေ့စဉ်စီးနင်းရသည့် ဘတ်စ်ကားများပေါ်တွင်လည်း ဖုန်း၊ ပိုက်ဆံအိတ်များကို ခါးပိုက်နှိုက်ရုံသာမက ကားတစီးလုံးအား အနုကြမ်းစီးနင်းသည့် ဖြစ်စဉ်များပင် ဖြစ်ပွားလျက်ရှိသည်။
လှိုင်သာယာ၊ မြောက်ဥက္ကလာစသည့် ရန်ကုန်စည်ပင်နယ်နိမိတ်၏ ဆင်ခြေဖုံးရှိ မြို့နယ်များသို့ သွားရောက်သောအခါ ဖုန်းအလုခံရမည်စိုးသဖြင့် ဖုန်းကို လမ်းမပေါ်တွင် မပြောဆိုရဲကြောင်း ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မစိန္တာလမ်းရှိ အမျိုးသမီးနှစ်ဦးတို့ နေအိမ်တိုက်ခန်းအတွင်းတွင်ပင် သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဖြစ်စဉ်က ထိုရပ်ကွက်နေ ပြည်သူတို့အကြား ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်စေခဲ့သည်။ ထိုဒုစရိုက်မှုများအား စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တို့က တိတိပပ ဖြေရှင်းခြင်း မရှိသည့်အတွက် စစ်ကောင်စီ၏ တရားဥပဒေစိုးမိုးမှု ဆောင်ရွက်ချက်အပေါ် ပြည်သူတို့က ယုံကြည်ခြင်း မရှိကြတော့ချေ။
စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်းသို့ စီးပွားရေးအရသော်လည်းကောင်း၊ အလည်အပတ် အဖြစ်သော်လည်းကောင်း လာရောက်ကြသည့် နိုင်ငံခြားသားများအား ကာကွယ်မှု မပေးနိုင်သည်ကိုလည်း တွေ့ရှိရသည်။
ထို့ပြင် စစ်ကောင်စီ၏ အမှုကို ထမ်းရွက်နေကြသည့် ပျူစောထီး လက်ရုံးတပ်များကပင် နိုင်ငံခြားသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံဘက်ခြမ်း တမူးမြို့နယ်အတွင်းရှိ မိတ်ဆွေဖြစ်သူ၏ မွေးနေ့ပွဲသို့ တက်ရောက်ရန်လာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးသည် လမ်းတွင်ပင် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်းသို့ စီးပွားရေးအရသော်လည်းကောင်း၊ အလည်အပတ် အဖြစ်သော်လည်းကောင်း လာရောက်ကြသည့် နိုင်ငံခြားသားများအား ကာကွယ်မှု မပေးနိုင်သည်ကိုလည်း တွေ့ရှိရသည်။
အဆိုပါအမှုကို ကျူးလွန်သူများမှာ ပျူစောထီး အဖွဲ့ဝင်များဖြစ်သည်ဟု မျက်မြင်သက်သေများက ဆိုကြသည်။ အဆိုပါအမှု ဖြစ်ပြီးနောက်တွင် စစ်ကိုင်း-မဏိပူရ နယ်စပ်ထွက်ပါက်အား ယာယီပိတ်ထားခဲ့ရသည်။
အနောက်နိုင်ငံများမှလည်း မြန်မာနိုင်ငံသို့ မလိုအပ်ဘဲ ခရီးထွက်ခြင်း မပြုရန်၊ အထူးသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်စပ်ဒေသသို့ မသွားရောက်ကြရန် ယင်းတို့၏ နိုင်ငံသားများအား သတိပေးချက်များ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လောက်ကိုင်မြို့အနီး တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအား ထိုင်းအစိုးရက ကြိုးစားပမ်းစား ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။
စစ်ကောင်စီအနေဖြင့် တရုတ်အပါအဝင် အခြားအိမ်နီးချင်း နိုင်ငံများ၏ အမျက်ရှခြင်းကို ခံစားရသည့် အခြားကိစ္စတခုမှာ ‘ကျားဖြန်’ ဟုခေါ်သည့် လူလိမ်ဂိုဏ်းများကိစ္စပင် ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ လူငယ်များအား အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းရမည် ဟူသည့် မက်လုံးများပေးကာ လိမ်ညာလှည့်ဖျား ခေါ်ဆောင်တတ်သည့် အဆိုပါဂိုဏ်းတို့သည် နယ်စပ်မြို့ကြီးများဖြစ်သည့် လောက်ကိုင်ကဲ့သို့သော မြို့များတွင် အခြေစိုက်လေ့ရှိကြသည်။
အဆိုပါလုပ်ငန်းများသို့ ရောက်ရှိသွားကြသည့် လူငယ်များမှာ အွန်လိုင်းပေါ်တွင် မိန်းမငယ်ကလေးများ အယောင်ဆောင်ကာ နိုင်ငံခြားရှိ အမျိုးသားများထံမှ ငွေကြေးများ လိမ်လည်ယူရသည်ဟု ဆိုသည်။ အဆိုပါ လူလိမ်ဂိုဏ်းများအား ဖမ်းဆီးနှိမ်နှင်းရန် တရုတ်က လေသံပစ်နေသည်မှာ လနှင့်ချီကြာနေပြီ ဖြစ်သည်။ သို့ပါသော်လည်း စစ်ကောင်စီက အဆိုပါ လူလိမ်ဂိုဏ်များအား ဖမ်းဆီးနှိမ်နှင်းခြင်းကို ထိထိရောက်ရောက် လုပ်ဆောင်ခြင်း မရှိချေ။
စစ်ကောင်စီအနေဖြင့် အများပြည်သူတို့၏ လုံခြုံရေးကို မပေးစွမ်းနိုင်ချိန်၊ နိုင်ငံခြားသားတို့၏ အသက်အန္တရာယ်ကို အကာအကွယ် မပေးနိုင်ချိန်၊ တရားဥပဒေစိုးမိုးမှုကို မဆောင်ရွက်နိုင်ချိန်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ နေရာကို ဝင်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့သည် စစ်ကောင်စီ၏ တပ်စခန်းများကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ကာ ၁၀၂၇ စစ်ဆင်ရေးကို စတင် အကောင်အထည် ဖော်ခဲ့ကြသည်။
ထိုစစ်ဆင်ရေး၏ ရည်ရွယ်ချက်တွင် အများပြည်သူအားလုံး မျှော်လင့်နေကြသည့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးသာမက “ကျားဖြန်” လုပ်ငန်းများ ပပျောက်ရေးပါ ပါရှိသည်ကိုတွေ့ရသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့သည် စစ်ကောင်စီ၏ တရားဥပဒေစိုးမိုးရေး လေဟာနယ်ကို ဝင်ရောက်နေရာယူရန် ကြိုးပမ်းနေကြောင်း တွေ့ရှိနိုင်သည်။ တနည်းအားဖြင့်ဆိုလျှင် စစ်ကောင်စီ မလုပ်ဆောင်နိုင်သည့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းအား လုပ်ဆောင်ရန် ခြေလှမ်း စတင်လိုက်ခြင်းပင် ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် အများပြည်သူတို့၏ လုံခြုံရေးကို မပေးစွမ်းနိုင်ချိန်၊ နိုင်ငံခြားသားတို့၏ အသက်အန္တရာယ်ကို အကာအကွယ် မပေးနိုင်ချိန်၊ တရားဥပဒေစိုးမိုးမှုကို မဆောင်ရွက်နိုင်ချိန်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ နေရာကို ဝင်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့သည် အွန်လိုင်းလိမ်လည်မှု ပြုလုပ်နေသည့် တရုတ်နိုင်ငံသား ငါးဦးအား တရုတ်အစိုးရ အရာရှိများထံ မုံးကိုးနယ်စပ်ဂိတ်မှတဆင့် လွှဲပြောင်းပေးခဲ့သည့်အကြောင်းကို ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လာခဲ့သည်။
အဆိုပါဓာတ်ပုံထဲတွင် MNDAA အရာရှိနှင့် တရုတ်အရာရှိတို့သည် စားပွဲဝိုင်းတခုတည်းတွင်ထိုင်၍ စာရွက်စာတမ်းများဖြင့် လွှဲပြောင်းမှုကို စနစ်တကျ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။ တရုတ်အစိုးရသည် MNDAA အဖွဲ့အား နယ်မြေအုပ်ချုပ်ရေးအဖွဲ့အဖြစ် ဆက်ဆံလာဟန် ရှိသည်။ စစ်ကောင်စီ မစွမ်းဆောင်နိုင်သည့် ကျားဖြန်လုပ်ငန်း နှိမ်နှင်းမှုကို လုပ်ဆောင်နေသည့် မဟာမိတ်အဖွဲ့အား တရုတ်အစိုးရအနေဖြင့် တဖြည်းဖြည်းနှင့် ထောက်ခံလာသည်ဟု ယူဆရသည်။
၁၀၂၇ စစ်ဆင်ရေး၏ နောက်ကွယ်တွင် တရုတ်၏ ထောက်ပံ့မှု ရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိသည်။ တပြိုင်နက်တည်းတွင် စစ်ကောင်စီ ထောက်ခံသူများက တရုတ်အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်လာသည်ကိုလည်း တွေ့ရှိရသည်။
အချုပ်အားဖြင့် ဆိုရလျှင် တော်လှန်ရေးအင်အားစုများ အနေဖြင့် သိမ်းပိုက်ရရှိသည့် နယ်မြေများတွင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို မည်မျှလောက်အထိ ဆောင်ရွက်နိုင်မည်နည်း ဆိုသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းကရော ပြည်တွင်းကပါ စောင့်ကြည့်လျက်ရှိသည်။
တပြိုင်နက်တည်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် NUG အစိုးရတို့သည် ယင်းတို့ သိမ်းပိုက်ရရှိထားသည့် နယ်မြေများဖြစ်သည့် နမ့်ခမ်း၊ ကောလင်းနှင့် ခါမ်းပါတ်မြို့များတွင် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်စေရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရသည်။ စစ်ကိုင်းမှ တော်လှန်ရေးအဖွဲ့များ အနေဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယအစိုးရ၏ အကျိုးစီးပွားနှင့် အိန္ဒိယနိုင်ငံသားတို့အား အကာအကွယ်ပေးမည်ဟု အာမခံပေးနိုင်လျှင် အိန္ဒိယအစိုးရ၏ ထောက်ခံမှုကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရလျှင် တော်လှန်ရေးအင်အားစုများ အနေဖြင့် သိမ်းပိုက်ရရှိသည့် နယ်မြေများတွင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို မည်မျှလောက်အထိ ဆောင်ရွက်နိုင်မည်နည်း ဆိုသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းကရော ပြည်တွင်းကပါ စောင့်ကြည့်လျက်ရှိသည်။
ပြည်သူတို့၏ ထောက်ခံမှုကို ရေရှည်ရရှိပြီး တိုင်းပြည်ကို ပြန်လည် တည်ထောင်ရန်အတွက်ဆိုလျှင် တရားဥပဒေစိုးမိုးရေးသည် အဓိကဖြစ်သည်ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် နားလည်သဘောပေါက်ထားရန် အရေးပါလှပေသည်။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)
You may also like these stories:
ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော
စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ဆက်ဆံရန် ကုလသမဂ္ဂတိုက်တွန်း
ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်
လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ
ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော် အင်ဒိုနီးရှားသို့ တပတ်အတွင်း ရောက်လာ