ပြင်ဆင်လိုက်သည့် ၂၀၂၃ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဝင်ငွေ ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဟု စစ်ကောင်စီ သတ်မှတ်လိုက်သည့်အပေါ် လက်မခံကြောင်း ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမားများက ပြောဆိုသည်။
ထိုအတွက် စက်တင်ဘာလ ၂၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့တွင် မြန်မာအလုပ်သမားများ စုပေါင်း ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုင်းရောက် မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေး (AAC) အဖွဲ့မှ ကိုနေလင်းသူက “အလုပ်သမားတွေအတွက် အခက်အခဲက အများကြီး ရင်ဆိုင်ရမှာ၊ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကျနော်တို့ အလုပ်သမားတွေဆိုရင် ပြည်ပမှာ နေပေမယ့် အခွန်တွေ ပေးနေရတယ်။ ရေခ၊ မီးခ၊ အခန်းခ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ ပါမစ်၊ အသက် အာမခံကြေး ဒါတွေက အခွန်ပဲလေ။ ဒီလိုမျိုး ပေးနေရတဲ့အပြင် လကုန်ရင် မြန်မာပြည်ကို ပြန်မပို့နိုင်တဲ့ တချို့ အလုပ်သမားတွေ လည်း ရှိတယ်။ လုပ်ငန်းခွင် မကောင်းလို့။ ဒီကြားထဲ၂၅ ရာခိုင်နှုန်း ဖြတ်မယ်ဆိုတော့ ကျနော်တို့ အလုပ်သမားတွေ ဆားနဲ့ စားနေရတော့မှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့်ရရှိရန် စာရွက်စာတမ်းများအတွက် အခွန်ဆောင်ထားရသလို ယခုအခါ ဝင်ငွေထဲမှ လည်း အခွန်ဆောင်ရမည်ဆိုသဖြင့် အခွန်နှစ်ထပ်ဆောင်ရသလို ဖြစ်သောကြောင့် လက်မခံနိုင်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ကိုနေလင်းသူက “ပြည်ပကို ထွက်ဖို့ ပြည်တွင်းမှာ စာရွက်စာတမ်းလုပ်တာကလည်း အခွန်ဆောင်ပြီး လုပ်ရတာပဲ။ ပြည်ပကနေ ကျနော်တို့ ပင်ပင်ပန်းပန်းလုပ်လို့ရတဲ့ ဝင်ငွေကိုလည်း ပြည်တွင်းကို ပြန်သွင်းတဲ့ အခါကျ ရင်၂၅ ရာခိုင် နှုန်း မဖြစ်မနေပေးရမယ်၊ အခွန်ပေးရမယ်ဦးဆိုတော့ ဒါ ကျနော်တို့ ပြည်သူတွေပေါ်မှာ ဂုတ်သွေးစုပ် တာ” ဟု သုံးသပ် ပြောဆိုသည်။
ယခုလို ပြည်ပရောက် မြန်မာများအပေါ် ဝင်ငွေခွန်ကောက်ခြင်းကို ယခင်စစ်အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့ဖူးပြီး အရပ်သားအစိုးရဟုခေါ်သည့် ဦးသိန်းစိန်လက်ထက်တွင် ပြန်လည် ပယ်ဖျက်ပေးရာမှ ယခု ၁၀ စုနှစ်တခု ကျော်ကြာ ပြီးနောက် အာဏာသိမ်း စစ်ကောင်စီက ထပ်မံ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
စက်တင်ဘာ၂၃ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြည်ပနေ နိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင် ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် နိုင်ငံခြားငွေအမျိုးအစားဖြင့် ၁၀ ရာခိုင်နှုန်းကို လာမည့် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၄ မတ်လ ၃၁ ရက်ထိ ဝင်ငွေခွန်စည်းကြပ်ကောက်ခံမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဝင်ငွေရပေါက်ရ နည်းလာ၍ ယခုကဲ့သို့ ပြည်ပရောက်မြန်မာများ၏ လစာဝင်ငွေအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီးစားရန် လုပ်ဆောင်လာခြင်းဖြစ်သောကြောင့် လက်မခံကြောင်း အလုပ်သမားနှင့် အလုပ်သမားရေး ဆောင်ရွက်သူများက ဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (LRF) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က “အခု ရနေတဲ့ တရက် ဘတ် ၃၀၀ ကျော်က ထိုင်းအစိုးရကို မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် စာရွက်စာတမ်းနဲ့ လုပ်ရတဲ့ကိစ္စ၊ ငွေကြေး (အဖိုးအခ) တွေ အများကြီး ပေးဆပ်နေရတယ်။ အခန်းခ၊ ရေခ၊ မီးခတွေ အများကြီးရှိတယ်။ အခုချိန်မှာ ကိုယ့်တိုင်းပြည် ကိုယ့်အိမ် ပြန်လို့မရလို့သာ ကြိတ်မှိတ်ပြီး လုပ်နေရတာ။ တလတလ ဝင်တဲ့ဝင်ငွေနဲ့ ပြန်သုံးရတဲ့ အသုံးစရိတ်က မကာမိလို့ ဒုက္ခရောက်နေကြတဲ့အချိန်မှာ လုပ်အားခတွေ ပြန်ပို့ပါဦးဆိုတာရော၊ အခုလို ၁၀ ရာခိုင် နှုန်း ဝင်ငွေခွန်ကောက်မယ်ဆိုတာက တကယ် ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကို မြေပြင်ကွင်းဆင်းပြီး မကြည့် လို့ အမိန့်တွေ တခုပြီးတခု ထုတ်နေတာ။ ဒါကြောင့် အခုလိုလုပ်တာက တရားမျှတမှု မရှိဘူး” ဟု ဧရာဝတီ သို့ သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပြည်ပနိုင်ငံသားများ၏ လစာဝင်ငွေကို သက်သာခွင့်များ နုတ်ပယ်ပြီးပါက ပြည်တွင်းရှိ ဝင်ငွေခွန်အတိုင်း ကောက်ခံမည်ဖြစ်ကာ၊ သက်သာခွင့်များ မနုတ်ပါက၂ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် ကောက်မည်ဖြစ် ကြောင်း၊ အခွန်ဆောင်ရာတွင်လည်း ရရှိသည့် နိုင်ငံခြားငွေအတိုင်း ဝင်ငွေခွန်ဆောင်ရမည်ဟု ဖော်ပြထားသည်။
ထိုအခွန်အကောက်ဥပဒေအရ တနှစ်လစာဝင်ငွေ ကျပ်သိန်း ၅၀ မှ ၁၀၀ ကြား ရရှိသူသည် ၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀ ကျော်မှ ကျပ်သိန်း၂၀၀ ကြား ရရှိသူသည် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း၂၀၀ မှ ၃၀၀ ကြားရရှိသူသည် ၁၅ ရာခိုင် နှုန်းနှင့် ယင်းနှင့်အထက် ရရှိသူသည်၂၅ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရမည် ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းဟူ၍ လုပ်ငန်းအမျိုးအစားလိုက် ခွဲခြားထားသည်။
ထို့ကြောင့် ဥပမာအားဖြင့် ၁ နှစ်လျှင် ကျပ်သိန်း ၁၀၀ ဝင်သည့် ပြည်ပရောက်မြန်မာ အလုပ်သမား ၁ ဦးသည် ကျပ် ၅ သိန်း အခွန်ဆောင်ရမည် ဖြစ်သလို ၁ နှစ် ကျပ်သိန်း ၂၀၀ ဝင်သော အလုပ်သမားသည် ၁၀ သိန်း အခွန်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်များတွင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးကိစ္စရပ်များအပြင် ကိုဗစ်ကြောင့် အလုပ်အကိုင်မကောင်းသဖြင့် မြန်မာလုပ် သားများအနေဖြင့် ယခင်လို အချိန်ပို အလုပ်လုပ်ချိန်များမရှိတော့ဘဲ တရက်လုပ်အားခ ထိုင်းဘတ်ငွေ ၃၀၀ ကျော်နှင့် ဘဝရပ်တည်နေရ၍ အခက်အခဲများရှိနေသည့်အချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကောက် မည့်ကိစ္စမှာ လုပ်သားများကို ယခုထက်ပိုဆိုးသည့် ဒုက္ခများရင်ဆိုင်ရနိုင်ကြောင်း (LRF) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော် က သုံးသပ်သည်။
“အခုတခါ စစ်တပ်အာဏာသိမ်းပြီး တိုင်းပြည်ကို ပြန်အုပ်ချုပ်တာဆိုတော့ အာဏာရှင်လက်ထက်မှာ သူတို့ ဘေးကျပ် နံကျပ်ဖြစ်တိုင်း သာမန် ဆင်းရဲသား မိသားစုတွေဆီကပါ ငွေရပေါက်လမ်း ရအောင် လုပ်တာ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီသည် ယခု ဥပဒေကို မပြင်ခင်က ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လစာမှာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ရပြီး ကျန်သည့် ဝင်ငွေအမျိုးအစားများကိုသာ ၁၀ ရာခိုင်နှုန်းအထိ ဝင်ငွေအမျိုးအစားအလိုက် အခွန်ကောက်ခံခြင်း ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြည်ပရောက်မြန်မာလုပ်သားများ၏ လစာဝင်ငွေထဲမှ၂၅ ရာခိုင်နှုန်းကို ၁ လ သို့မဟုတ် ၃ လတကြိမ် မဖြစ်မနေဘဏ်များကတဆင့် တရားဝင် ၏ငွေလွှဲရန်၊ မလွှဲပါက နောက် တကြိမ် ပြည်ပထွက်ခွာ အလုပ် လုပ်ကိုင်ခွင့်ကို ၃ နှစ် ပိတ်သိမ်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီအနေဖြင့် ပြည်ပရောက် မြန်မာလုပ်သားများအား နည်းမျိုးစုံဖြင့် ကြပ်မတ်လုပ်ဆောင်နေသော်လည်း MOU စနစ်ဖြင့် လာရောက်လုပ်ကိုင်သော အလုပ်သမားများ၏ အလုပ်အကိုင် အဆင်မပြေခြင်း၊ ဒုက္ခအခက်အခဲများ ကြုံတွေ့နေခြင်းကိုမူ လျစ်လျူရှုနေကြောင်း အလုပ်သမားများကလည်း ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည်မှာ နှစ်၂၀ ဝန်းကျင်ရှိသော အလုပ်သမား ဦးဇော်က “စစ်ကောင်စီက မတရား ကောက်တာလို့ပဲ မြင်တယ်။ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေက အများကြီး၊ ဒါတွေကျတော့ မဖြေရှင်းပေးဘူး။ အဲဒီလို လူတွေကျ ဘယ်လိုမျိုး ဒီ ၁၀ ရာခိုင်နှုန်းက ပေးနိုင်မှာလဲ။ နိုင်ငံခေါင်းဆောင်အဖြစ် ခံယူထားပြီး အလုပ်သမား တွေကျတော့ မကူညီဘဲ အလုပ်သမားတွေဆီက ပိုက်ဆံထပ်ဖြတ်တော့ နှိပ်စက်သလိုပဲ။ ကျနော်ကတော့ ပေးဖို့ ဆန္ဒ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လစာအပေါ် အခွန်ကောက်သည့် ကိစ္စနှင့်ပတ်သက်၍ ပြည်ပရောက် အလုပ်သမားများ မကျေနပ်ကြသဖြင့် ဆန္ဒ ထုတ်ဖော်ရန်လည်း ရှိနေကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများထံက သိရသည်။
You may also like these stories:
MoU အလုပ်သမားများ နယ်စပ်တွင် သက်တမ်းတိုးခွင့်ပြု
လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ
အလုပ်သမားရေးဆောင်ရွက်သူများကို စစ်ကောင်စီ ပိုမိုနှိပ်ကွပ်လာ