စစ်ကောင်စီအတွက် စစ်မှုမထမ်းလိုသည့် လူငယ် ၂ သောင်း ၆ ထောင်ကျော် CDM စစ်သည်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ရင်ခွင်အဖွဲ့ထံ ဆက်သွယ်လာကြောင်း၊ ၈၀ ရာခိုင်နှုန်းခန့်မှာ လက်နက်ကိုင် တော်လှန်လိုသူများဖြစ်၍
တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပေးထားကြောင်းသိရသည်။
ပြည်သူ့ရင်ခွင့်အဖွဲ့ဝင် CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဗိုလ်ကြီး လင်းထက်အောင်၏ အဆိုအရ ဆက်သွယ်လာ သူများ၏ အချက်အလက်များကို စိစစ်၍ တပ်သားသစ်ခေါ်ယူနေသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ပေး ထားကြောင်းနှင့် အရေအတွက် အတိအကျကိုမူ လုံခြုံရေးအရ ထုတ်ဖော်ပြောဆို၍ မရကြောင်း သိရသည်။
၎င်းက “ကျနော်တို့ကတော့ ခုချိန်မှာ ဆက်သွယ်လာသူအားလုံးကို ပြီးပြည့်စုံတဲ့ အလုံးစုံကူညီဆောင်ရွက်မှုမျိုး အပြည့်အဝ မလုပ်ပေးနိုင်သေးပေမယ့် တတ်နိုင်သမျှ တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်နေတဲ့ ရဲဘော်သစ်တွေကိုခေါ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပေးမှုကို ကျနော်တို့ လုပ်ဆောင်ပေးနိုင်တယ်” ဧရာဝတီကို ပြောသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကြေညာခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းမှစတင်ကာ ယခုဧပြီလထိ အဖွဲ့က ထုတ်ပြန်ထားသော Facebook၊ Signal၊ Viber နှင့် Telegram နံပါတ်များမှတဆင့် ပြည်သူ့ရင်ခွင်အဖွဲ့ထံ
ဆက်သွယ်လာကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ဆက်သွယ်လာသူများတွင် စစ်တပ်၏ အတင်းအမ္မခေါ်ဆောင်မှုကြောင့် စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်း တက်ရောက်နေကြရသူများလည်း ပါဝင်ကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
၎င်းက “ကျနော်တို့က သူတို့ကို စစ်တပ်ထဲက အခြေအနေတွေ ပြောပြနိုင်တယ်။ စစ်တပ်ထဲကနေ ဘယ်လိုရုန်းထွက် နိုင်မလဲ ဆိုတဲ့ အခြေအနေတွေ ပြောပြနိုင်လိုက်တယ်။ နောက်ပြီးတော့ တကယ်လို့ ဆက်သွယ်မှုတွေ ဖြတ်တောက် ခံရတဲ့အခါ ဘယ်လိုတွေ ဆောင်ရွက်ရမလဲဆိုတာတွေ ပြောပြနိုင်လိုက်တယ်” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းသင်တန်းအပတ်စဉ် (၁) ကို အလျင်အမြန်ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် သင်တန်း သားများကို ရှေ့တန်းပို့မည်ဖြစ်ပြီး အပတ်စဉ် (၂) အတွက်လည်း သင်တန်းသားခေါ်ယူမှု လုပ်ငန်းစဉ်များ ဆက်လက် ဆောင် ရွက်မည်ဖြစ်ရာ အသက်ပြည့်မီသော လူငယ်များအနေဖြင့် ကြိုတင်ရှောင်ရှားမှုများ ပြုလုပ်သင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။
ဆက်လက်၍ ၎င်းက “ဒီအခြေအနေကနေလွတ်အောင် ဘာလုပ်မလဲဆိုတာမျိုးကို ကျနော်တို့ တော်လှန်ရေးဘက် ကလူတွေ ပါ စဉ်းစားဖို့လိုလာပြီ။ ဒါဟာ ကျနော်တို့ လတ်တလော ရင်ဆိုင်ဖြေရှင်းရမယ့်ပြဿနာကြီး ဖြစ်လာပြီ။ ကျနော်တို့ မဖြေရှင်း နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့ ငယ်ရွယ်နုပျိုတဲ့လူငယ်တွေ၊ သန်သန်မာမာရှိတဲ့ လူငယ်တွေဟာ စစ်အာဏာရှင်အလိုကျ လှုပ်ရှားရမယ့်စစ်သားတွေ ဖြစ်သွားပါလိမ့်မယ်” ဟု ပြောသည်။
စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ပြီးနောက်ပိုင်း ချင်းတော်လှန်ရေးအဖွဲ့များထံ လူငယ်များ ဆက်သွယ်ဝင်ရောက်လာမှု ယခင်ကထက် သုံးဆခန့်မြင့်တက်လာကြောင်းလည်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
၎င်းက “စစ်ရေးပိုပြီးပြင်းထန်တဲ့ဒေသ၊ စစ်ကောင်စီနဲ့ ပိုပြီးနီးစပ်တဲ့ဒေသက လူငယ်တွေ ပိုများတယ်။ သူတို့က ကျနော် တို့ဆီ ရောက်လာတယ်ဆိုကတည်းက လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လိုလို့ ဆက်သွယ်လာကြတာပါ။ အဲဒီထဲက တချို့က စစ်သင်တန်းတွေတက်တယ်။ တချို့ကတော့ ကျနော်တို့ရဲ့ ဌာနဆိုင်ရာမှာဝင်လုပ်ဖို့ သူတို့နဲ့ သင့်တော်တဲ့၊ သူတို့ ကျွမ်းကျင်ရာအလိုက် သင်တန်းပေးတာတွေလုပ်တယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၀ ရက်မှ ဧပြီ ၁၅ ရက်ထိ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် ရန် ဆက်သွယ်ရောက်ရှိလာသူ အယောက် ၂၀၀ ကျော်ရှိပြီး ၎င်းတို့ကို စစ်သင်တန်းပို့ချပေးနေကြောင်းလည်း CNDF ၏ တာဝန်ရှိသူက DVB သတင်းဌာနကို ဖြေကြားထားသည်။
ယင်းဥပဒေထုတ်ပြန်ပြီးနောက် နှစ်လအတွင်း စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသော လူငယ်ပေါင်း ၂၀၀ နီးပါးအား ကရင်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့ရသည်ဟုလည်း ကိုယ်တိုင်ကူညီပေးခဲ့သူများထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသောကြောင့် ကရင်နီပြည်ထဲသို့ ဝင်ရောက်လာသူ လူငယ် အများအပြားရှိကြောင်းလည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က ပြောသည်။
၎င်းက “အရေအတွက်အတိအကျတော့ ရယူဖို့ခက်ခဲပါတယ်။ ရောက်လာတဲ့သူတွေက တော်လှန်ရေးမှာပါဝင်ဖို့ရော၊ တော်လှန်ရေးတပ်ထဲမဟုတ်ဘဲ တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေမယ့်ကဏ္ဍမှာ ပါဝင်ဖို့ရောက်လာတဲ့ လူငယ်တွေရော အများကြီးရှိပါတယ်” ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကလည်း စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် တပ်သားသစ်ခေါ်ယူရာ နာရီပိုင်းအတွင်း ထောင်နှင့်ချီသော လျှောက်လွှာများ လက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး နှစ်လအတွင်းမှာပင် ၎င်းတို့ လက်လှမ်းမီရာမြို့များမှ စုဆောင်းထား သော လူငယ် ၅ ထောင်နီးပါးကို နိုင်ငံတဝန်းရှိ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ) နှင့် တပ်မတော်တန်းမြင့်သင်တန်း ကျောင်း (တကက) ၁၅ ခုကို ပို့ဆောင်ထားကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ဧပြီ ၁၈ ရက်၌ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီ ဝါဒဖြန့် သတင်းစာနှင့် ၎င်းတို့ကိုထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် စစ်မှုထမ်းအပတ်စဉ် (၁) တက်ရောက်နေသူများမှာ ၎င်းတို့၏ သဘောဆန္ဒအလျောက် တက်ရောက်သူများဖြစ်ကြောင်း ဖော်ပြထားကြသော်လည်း စစ်မှုမထမ်းလိုသဖြင့် သေကြောင်းကြံစည်မှုသတင်းများ ဆက်တိုက်ထွက်ပေါ်နေသည်။
ထို့ပြင် ယင်းဥပဒေအသက်သွင်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသော လူငယ်အများအပြားသည် အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ပြည်ပသို့ ထွက်ခွာရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်ထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများအား အမျိုးသားဖြစ်ပါက ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၃၅ နှစ် သတ်မှတ်ထားပြီး အရေးပေါ်အခြေအနေသို့ ရောက်ရှိပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
၂၀၁၉ သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူ အမျိုးသား ၆ သန်းကျော်နှင့် အမျိုးသမီး ၇ သန်းနီးပါးရှိပြီး စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်သည်ဟုလည်း ဆိုထားသည်။
You may also like these stories:
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ














